မဲဆန္ဒပေးခြင်း

ဝီကီပီးဒီးယား မှ
မဲဆန္ဒပေးခြင်း


နိုင်ငံ အရေးအခင်းများကို ဆုံးဖြတ်ရာ၌လည်းကောင်း၊ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့များကို ရွေးချယ်ရာ၌ လည်းကောင်း ပြည်သူလူထုသည် မဲဆန္ဒပေးသည့်နည်းကို အသုံးပြုလေ့ရှိကြသည်။

ဆိုရှယ်လစ်နိုင်ငံဖြစ်သော ဆိုဗီယက်ရုရှနိုင်ငံ၌ အသက် ၁၈ နှစ် ပြည့်သော တိုင်းသူ ပြည်သားများသည် မိမိတို့ နှစ်ခြိုက် သော ပုဂ္ဂိုလ်များကို ပြည်သူ့လွှတ်တော် အမတ်များနှင့် လူမျိုးစု လွှတ်တော် အမတ်များ အဖြစ်သို့ မဲဆန္ဒဖြင့်ရွေးကောက် တင်မြှောက်ကြသည်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ် စသော ပါလီမန် ဒီမိုကရေစီ နိုင်ငံများရှိ ပြည်သူပြည်သားများသည်လည်း မဲဆန္ဒဖြင့်ပါလီမန်အမတ်များကို ရွေးချယ်ကြရသည်။


ပါလီမန် အမတ်များအား မဲဆန္ဒပေး၍ ရွေးကောက် တင်မြှောက်သော စံနစ်မှာ ဗြိတိသျှတို့ စတင် ကျင့်သုံးသော စံနစ်ဖြစ်သည်။ အကျဉ်းအားဖြင့်ဖော်ပြရသော် ရှေးဦးကာလ ဆိုင်ရာခရိုင်များမှ ကိုယ်စားလှယ်အမတ်များကို ရွေးကောက် တင်မြှောက်ကြရာ၌ လက်ထောင်၍ ရွေးကောက်ခြင်း ပြုကြ သည်။ ၁၈ ရာစုနှစ်တွင်မှ မဲဆန္ဒပေးခြင်း စံနစ်ပေါ်လာသည်။

ထိုစဉ်အခါက မဲဆန္ဒပေးသူသည် မဲရုံသို့သွား၍ မိမိ မဲပေးလို သော အမတ်လောင်း၏ အမည်ကို လူအများရှေ့တွင် ထုတ်ဖော် ပြောရ၏။ ဤသို့ ပြောရခြင်းစံနစ်ကြောင့် လပ်ပေးလပ်ယူပြုခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပေါ်ပေါက်ရုံမကဘဲ ရွေးကောက်ပွဲသည် လည်း အဓိကရုဏ်းဖြင့် အပြီးသတ်လေ့ရှိ၏။ ၁၈၇၂ ခုနှစ်တွင် လျှို့ဝှက် မဲပေးရေး ဥပဒေကို ဗြိတိန်ပြည်၌ ပြဋ္ဌာန်းခဲ့သည်။

၁၈၃၂ ခုနှစ် မတိုင်မီက မဲဆန္ဒပေးခွင့်ရှိသူ လူဦးရေကို အကန့်အသတ်ပြုခဲ့၏။ မြေပိုင်၍ ချမှတ်ထားသော နှစ်စဉ် အသားတင် ဝင်ငွေရှိသူများကိုသာ မဲဆန္ဒပေးနိုင်ခွင့်ရှိ၏။ တဖြည်းဖြည်းဖြင့် မဲပေးခွင့်ကို ပြုပြင်ပြောင်းလဲခဲ့ရာ ၁၈၈၄ ခုနှစ် နောက်ပိုင်းတွင် အသက် ၂၁ နှစ်ပြည့်သော ယောက်ျားတိုင်း မဲ ဆန္ဒပေးခွင့်ရ၏။ ဗြိတိသျှ အမျိုးသမီးတို့သည် ၁၉၁၈ ခုနှစ် နောက်ပိုင်းတွင်မှ မဲဆန္ဒပေးခွင့်ရကြသည်။

ရုရှ နိုင်ငံကို ဇာဘုရင်တို့ အုပ်စိုးစဉ် ပြည်သူလူထုသည် နိုင်ငံအရေးတို့ကို မဲဆန္ဒပေး၍ ဆုံးဖြတ်နိုင်ခွင့် ပြောပလောက် အောင် မရရှိခဲ့ကြချေ။ ၁၉၁၇ ခုနှစ် အောက်တိုဘာလ တော်လှန်ရေး ပြီးသည့်နောက် ဆိုရှယ်လစ် ရုရှနိုင်ငံ သဖြစ်လာသောအခါ၌ကား အသက် ၁၈ နှစ်ပြည့်သော တိုင်းသူပြည်သား ယောက်ျား မိန်းမ အားလုံးတို့သည်။ လူမျိုး၊ ဘာသာ၊ ပညာ၊ စီးပွားရေးအခြေအနေ၊ ဇာတိဂုဏ်၊ အရည်အချင်း၊ နေထိုင်ရာဒေသတို့ ကွဲပြားခြားနားမှုကြောင့် အကန့်အသတ် မရှိစေဘဲ၊ မဲဆန္ဒပေးခွင့် ရှိလာသည်။ သို့ရာတွင် ရူးသွပ်သူ၊ တရားရုံးမှ ရာဇဝတ်အပြစ်ဒဏ် အပေးခံရသူနှင့် မဲဆန္ဒပေးခွင့်ကို ရုပ်သိမ်းခြင်းခံရသူတို့သည်မဲဆန္ဒပေးခွင့် မရှိချေ။ မဲပေးရာ၌ လျှို့ဝှက်မဲပေးစံနစ်ကို အသုံးပြု၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)