မော်ရစ်ရှပ်ကျွန်း

ဝီကီပီးဒီးယား မှ

မော်ရစ်ရှပ်ကျွန်း[ပြင်ဆင်ရန်]

မော်ရစ်ရှပ်ကျွန်းသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဗြိတိသျှပိုင် ကျွန်းတစ်ကျွန်း ဖြစ်၏။ အလျား ၃၉ မိုင်၊ အနံ ၂၉ မိုင်ရှိ၍ စတုရန်းမိုင် ၇၂ဝ ကျယ်ဝန်းသည်။ မက်ဒါဂက်စကာကျွန်းနှင့် မိုင် ၅ဝဝ ခန့် ကွာဝေး၏။ သန္တာကျောက်တန်းများဖြင့် ဝန်းရံ လျက်ရှိသော ထိုကျွန်းသည် တောင်ထူထပ်သည်။ အမြင့်ဆုံး တောင်သည် ပေ ၃,ဝဝဝ ခန့် ရှိသည်။ ချိုင့်ဝှမ်းများတွင် မြေဩဇာကောင်းသဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်သည်။ မော်ရစ်ရှပ် ကျွန်း၏ မြို့တော်မှာ ပို့လူဝီဖြစ်၍ တစ်ခုတည်းသော ဆိပ်ကမ်း မြို့လည်းဖြစ်သဖြင့်အချက်အချာ ဌာနဖြစ်သည်။

တောင်ကြား ချိုင့်ဝှမ်းများတွင် ငှက်ပျော၊ နာနတ်၊ ရှောက်၊ စထရော်ဗယ်ရီ၊ သရက် အစရှိသဖြင့် အပူပိုင်း ဒေသတွင် ပေါက်ရောက်သော သီပင်များနှင့် အထူးသဖြင့် ကြံပင်တို့ကို စိုက်ပျိုးသည်။ ထိုကြောင့် သကြားသည် ထိုကျွန်း၏ အဓိက ထွက်ကုန်ပင် ဖြစ်၏။ သယ်ယူပို့ဆောင်ရေးအတွက် မီးရထား လမ်းများနှင့် ကုန်းလမ်းများရှိသည်။

မောရစ်ရှပ်ကျွန်းတွင် နေထိုင်သူတို့သည် များသောအားဖြင့် အိန္ဒိယတိုင်းသားများ ဖြစ်၏။ ၃ ပုံ ၁ ပုံ လျော့လျော့သာ လျှင် ဥရောပတိုက်သားများ ဖြစ်၏။ လူဦးရေမှာ ၄၄၂,ဝဝဝ ယောက်ခန့် ဖြစ်သည်။

မောရစ်ရှပ်ကျွန်းကို ခရစ် ၁၅ဝ၅ ခုနှစ်က ပေါ်တူဂီ လူမျိုတို့ စတင်တွေ့ရှိသည်။ နောင်သော် ထိုကျွန်းကို စွန့်လွှတ် သွားသည်။ ၁၅၉၈ ခုနှစ်တွင်မူ ဒပ်ချလူမျိုးတို့ လာရောက် နေထိုင်ကြပြီးလျှင် သူတို့၏ မင်းသားဖြစ်သော နက်တော မင်းသား မောရစ်ကို ဂုဏ်ပြုသောအားဖြင့် မော်ရစ်ရှပ်ကျွန်းဟု အမည်ပေးသည်။ ဒပ်ချ လူမျိုးတို့သည် ၁၇၁ဝ ပြည့်နှစ်တွင် ထိုကျွန်းမှ ဖယ်ခွာသါားပြီးသည့်နောက် ၅ နှစ်အကြာ ၁၇၁၅ ခုနှစ်တွင် ပြင်သစ်တို့ရောက်ရှိ၍ အခြေစိုက် နေထိုင်ကြပြန်သည်။ ကျွန်းကိုလည်း ပြင်သစ်ကျွန်းဟူ၍ အဓိပ္ပာယ်ရသော 'အိုင်ဒါ ဖရန့်' ဟု အမည်ပြောင်းလိုက်သည်။ ၁၈၁ဝ ပြည့်နှစ်တွင် ပြင်သစ်တို့လက်မှ ဗြိတိသျှတို့လက်သို့ ရောက်ရှိသွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)