မော်တော်ယာဉ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မော်တော်ယာဉ်[ပြင်ဆင်ရန်]

မော်တော်ယာဉ်သည် မည်သည့် နေ့ရက်က စတင်ပေါ်ပေါက်လာ သည်ကို တပ်အပ်သေချာမပြောနိုင်သော်လည်း ၁၈ ရာစုအလယ်ခေတ်လောက်၌ ကား နိုင်ငံအသီးအသီးရှိ ပညာရှင်များသည် မော်တော်ယာဉ် ပေါ်ထွက်လာမှုအတွက်ကြိုးပမ်း၍ အပြိုင်တီထွင်လျက်ရှိကြောင်းသိရပေသည်။

ယင်းတို့အထဲတွင် နစ်ကလပ်ကူညိုးဆိုသူ ပြင်သစ်လူမျိုးတစ်ဦး သည် ရေနွေးငွေ့ဖြင့်မောင်းသော ပထမဆုံးမော်တော်ယာဉ်တစ်စီးကို ခရစ် ၁၇၇ဝ ပြည့်နှစ်လောက်က အောင်မြင်စွာ တီထွင်ပြုလုပ်နိုင်ခဲ့လေသည်။ ထိုမော်တော်ယာဉ်ဆောက်လုပ်ထားပုံမှာ မီးရထားနှင့် ခပ်ဆင်ဆင် တူသော်လည်း သံလမ်းမလိုဘဲ ရိုးရိုးကျောက်လမ်း ပေါ်တွင်ပင် မောင်းနှင်နိုင်သည်။ ထိုယာဉ်တွင် ဘီး ၃ ဘီး ခန့် နှုန်းဖြင့် သွားနိုင်သည်။

သို့သော် မကြာခဏ ရပ်နား၍ ရေနွေးငွေ့ ပေါင်ချိန်တိုးအောင် ပြု လုပ်ပေးရသည်။ ၁၇၇၁ ခုနှစ်တွင် ကူညိုးသည် ဒုတိယယာဉ် တစ်စီးကို ထပ်မံပြုလုပ်ပြန်သည်။ ထိုမော်တော်ယာဉ်ကို ပြင်သစ် နိုင်ငံပြတိုက်ကြီးတစ်ခု၌ ယနေ့တိုင်အောင် သိမ်းဆည်းထားလေ သည်။၁၈ ရာစုနှစ် ဆုံးခါနီးနီးနှင့် ၁၉ ရာစုနှစ် အစလောက်သို့ ရောက်လာသောအခါ အခြားပညာရှင် အသီးအသီး တို့ကလည်း ရေနွေးငွေ့ဖြင့် ခုတ်မောင်းသော ခရီးသည်တင် စက်ယာဉ်များဖြစ်မြောက်ရေးအတွက် အမျိုးမျိုး ကြံစည်ကြိုးစားခဲ့ကြရာ အချို့အောင်င်မြင်၍၊ အချို့လည်း မအောင်မြင်ကြပေ။ ၁၈၂၇ ခုနှစ်တွင် လန်ဒန်န်မြို့အနီးတစ်ဝိုက်၌ ခရီးသည်တင် ရေနွေးငွေ့စက်ယာဉ်များ စတင်ပြေးဆွဲလျက်ရှိနေလေသည်။ ထိုအချိန်၌ အင်္ဂလန်နိုင်ငံတွင် စတော့ တန်မြို့နှင့် ဒါလင်တန်မြို့အကြား၌ မီးရထား ခုတ်မောင်းသွားလာနေသည်မှာ ၂ နှစ်မျှရှိနေပေပြီ။ သို့ရာတွင် မြင်းရထားဖြင့် အသက်မွေးမြူလျက်ရှိကြသော လူအချို့သည် အဆိုပါ စက်ယာဉ်မျိုးကို အနည်းငယ်မျှ မရှုဆိတ်နိုင်ကြချေ။ စက်ယာဉ်များပေါ်ပေါက်လာ သည့်အတွက် အချို့မှာ အလုပ်လက်မဲ့ဖြစ်သွားကြရ၏။ တစ်ခါ သော် စက်ယာဉ်တီထွင်သူတစ်ဦး ဖြစ်သော ဂိုးဇွာသီဂါနီသည် လန်ဒန်နှင့်ဗတ်မြို့အကြား၌ စက်ယာဉ်ဖြင့် ခရီးသွားလျက်ရှိစဉ် စက်ယာဉ်ကို မျက်မုန်းကျိုးနေသူ လူတစ်စုက ဝိုင်းအုံ၍ ခဲနှင့်ပေါက်ကြသဖြင့်ဂါနီမှာအနာတရ ဖြစ်ရဘူးလေသည်။

၁၈၃၁ ခုနှစ်လောက်မှစ၍ အင်္ဂလန်နိုင်ငံတွင်စက်ယာဉ်များကို ဖိနှိပ် ရာရောက်သော ဥပဒေများစတင်ပေါ်ပေါက်လာခဲ့သည်။ ထိုဥပဒေ များအနက် ၁၈၆၅-ခုနှစ်တွင် ပြဋ္ဌာန်းသောအလံနီအက်ဥပဒေမှာ အလွန်ထင်ရှား၏။ အလံနီအက်ဥပဒေအရစက်ယာဉ်မောင်းနှင်ရာ တွင် နေ့အခါ၌ လူတစ်ယောက်သည်အလံနီကို ကိုင်၍လည်း ကောင်း၊ ညဉ့်အချိန်၌ မီးနီကို ကိုင်၍လည်းကောင်း ယာဉ်ရှေ့မှ သွားရမည်ဖြစ်သည်။ ထိုပြင် လမ်းခရီးတွင် ဂိတ်ကြေးများ ကြီး လေးစွာ ကောက်ခံသည့် အတွက် စက်ယာဉ်များမှာ လမ်းပေါ်မှ ပျောက်လုနီးပါးဖြစ်သွား၏။ ထိုအကြောင်းများကြောင့် အင်္ဂလန်နိုင်ငံတွင်စက်ယာဉ်၏တိုးတက်မှုသည် များစွာနှောင့်နှေး ကြန့်ကြာသွားခဲ့သည်။

အထက်ပါ ဥပဒေများကို ပယ်ဖျက်လိုက်သော ၁၈၉၆ခုနှစ်လွန် မြောက်မှ အင်္ဂလန်တွင် စက်ယာဉ်တီထွင်သူတို့ ပြန်လည်လှုပ်ရှား လာကြသည်။ အခြားနိုင်ငံများ၌ကား ထိုအချိန် တွင် စက်ယာဉ် တီထွင်သူတို့သည် မိမိတို့၏ ကြံစည်ကြိုးစားချက် များဖြင့် အလုပ်များ တိုးတက်လျက် ရှိကြသည်။၁၈၈၅-၉၆ ခုနှစ်တွင် ဂျာမန်န်လူမျိုး ဂေါ့တလိဒိုင်မလာက အမြန်ခုတ်အတွင်း မီး အင်ဂျင်စက် တစ်မျိုးကို မူပိုင် မှတ်ပုံတင်၍ ထိုစက်ကြောင့် မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် တစ်ခေတ် ပြောင်းခဲ့ရသည်ဟု ဆိုလေသည်။ အတွင်းမီး အင်ဂျင်စက်ဖြင့် ခုတ်မောင်းသော မော်တော်ယာဉ်တီထွင်မှုနှင့်စပ်လျဉ်း၍ သမိုင်းဆရာအချို့က ၁၈၇၅ ခုနှစ်တွင် ဆိဖရိနာကပ်ဆိုသူ ဩစတြီးယားနိုင်ငံသား တစ်ဦးက ၄ ဘီး တပ်ယာဉ်တစ်စီးကိုလည်း ကောင်း၊ ၁၈၈၅ ခုနှစ်တွင် ဗင့်ဆိုသူ ဂျာမနီပြည်သားတစ်ဦးက ၃ ဘီးတပ် ယာဉ် တစ်စီးကိုလည်းကောင်း ဆောက်လုပ် ခဲ့ဘူးသည် ဆို၏။

သို့သော် အများကမူ ယခုခေတ်သုံး မော်တော်ယာဉ်များ၏ ရှေ့ပြေး ဖြစ်သော ဓာတ်ဆီအင်ဂျင်စက်ဖြင့် ခုတ်မောင်းသည့် ပထမဆုံး ခေတ်မှီ မော်တော်ယာဉ်ကို ကရက် ဆိုသူ ပုဂ္ဂိုလ်တစ်ဦးက စတင် တီထွင်ခဲ့သည်ဟု ဆိုကြသည်။ ဒိုင်မလာ စက်ပုံစံကို ပန်းနတ်နှင့် လဗားစားဆိုသူ ပြင်သစ် အမျိုးသား ၂ ဦးက ဝယ်ယူ၍ မော်တော်ကားအတွက် ပုံစံကို ကရက်ကပင် ရေးဆွဲပေးခဲ့သည်။ ထိုစဉ်က ပြင်သစ်နိုင်ငံ ပါရစ်မြို့တော် တစ်ဝိုက်တွင် ပေါ်ပေါက်လာသော မော်တော် ယာဉ်တို့သည် အတွင်းမီးအင်ဂျင်စက် တပ်ထားသည်က တစ်ကြောင်း၊ ရော်ဗာဘီးများ တပ်ဆင်ထားခြင်းကြောင့် တစ်ကြောင်း၊ တစ်နာရီီလျှင် မိုင် ၂ဝ နှုန်းဖြင့် လျင်မြန်စွာ ခုတ်မောင်းနိုင်ခြင်းကြောင့် တစ်ကြောင်း လူတိုင်းကပင်အံ့ဩငေး မော နေကြရ၏။ ထိုခေတ်ကဤမျှ လျင်မြန်သော ယာဉ်မျိုး မပေါ်ပေါက်သေးရကား တစ်နာရီလျှင် မိုင် ၂ဝ ပြေးသည့်နှုန်းမှာ မြင်ရသူများအဖို့ အသက်ရှူမှားလောက်အောင် အမှန်ပင် လျင်မြန် လှပေသည်။

၁၈၉၆ ခုနှစ်သို့ ရောက်သောအခါ မော်တော်ယာဉ်များကို ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံအသီးအသီး တို့တွင် ဓာတ်ဆီဖြင့် ခုတ်မောင်းသော ပထမ မော်တော်ယာဉ်ကို ချား ဒါရယီ ဆိုသူ အမေရိကန် လူမျိုးက ဆောက်လုပ်၍ ထိုအခါကအမေရိကန်နိုင်ငံတွင် ဒါရယီ ပြုလုပ် သော မော်တော်ကားတစ်စီး၊ ဂျာမန်လူမျိုး ဗင့်ပြုလုပ်သော ကားတစ်စီး၊ အမေရိကန်လူမျိုး ဟိန်း(ဇ)ပြုလုပ်သော ကားတစ်စီးနှင့် ကမ္ဘာကျော် မော်တော်ကား လုပ်ငန်းပိုင်ရှင်ကြီး ဖြစ်လာသူ ဟင်နရီ ဖို့ဒ်‎ပြုလုပ် သော ကားတစ်စီးပေါင်း မော်တော် ယာဉ် ၄ စီးသာ ရှိခဲ့သည်။ ဤ ၄ စီးအနက် ဟင်နရီဖို့ ပြုလုပ် မောင်းနှင်သော မော်တော်ကားကို လူကြိုက်အများဆုံး ဖြစ်ရာ ရပ်ထားသည့်အခါ ပျောက် ဆုံးသွားမည်စိုး၍ ကြိုးဖြင့် သစ်ပင် တစ်ပင်တွင် ချည်နှောင်က်ထားရ ဘူးလေသည်။


ပထမပေါ်ခါစက မော်တော်ယာဉ်များကို အထူးအဆန်းတစ်ရပ် အနေနှင့်သာ သဘောထားခဲ့ကြ၍ယခုလောက် အသုံးဝင်သော ယာဉ်တစ်မျိုးဖြစ်လာလိမ့်မည်ဟု မထင်ခဲ့ကြပေ။ ထိုအခါက မော်တော်ယာဉ်ဈေးမှာ အလွန်ကြီးသည့် အပြင် လမ်းတွင်လည်း သွားနေယင်း စက်မကြာခဏ ရပ်သွားလေ့ ရှိသဖြင့် များစွာ စိတ်မချရသေးချေ။ဈေးကြီးသည့်အတွက် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်း သာသူများသာ ဝယ်ယူစီးနင်းနိုင်ကြ၏။

၁၉၁ဝ ခုနှစ်သို့ ရောက်မှ စက်လည်း ယခင်ကထက် ကောင်းမွန် လာပြီးလျှင် မော်တော်ယာဉ်ကို လူကြိုက်များ စပြုလာသည်။ ထိုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ မော်တော်ယာဉ် အစီး ပေါင်း ၁ သိန်း ၈ သောင်းကျော်မျှ ထုတ်လုပ်နိုင်ခဲ့လေသည်။ လက်ဦးတွင် မော်တော်ယာဉ် ပြုလုပ်ရောင်းချသူတို့သည် တစ်စီးချင်းသာ ပြုလုပ်ရောင်းချခဲ့သည်။ တပ်ဆင် အသုံးပြုသည့် ကိရိယာအစိတ်အပိုင်းများမှာ တစ်စီးနှင့်တစ်စီး အရွယ်ချင်း မညီ ကြ၊ အပိုလည်း ပြုလုပ်ထားခြင်းမရှိပေ။ ထိုကြောင့် အစိတ် အပိုင်းတစ်ခုခု ချို့တဲ့ကျိုးပဲ့သွားလျှင် စက်ပြင်ဆရာက ထိုပစ္စည်းကို အသစ်ပြုလုပ်၍ မပြီးမခြင်း မော်တော်ယာဉ်ကို အသုံးမပြုနိုင်ဘဲ ရပ်နားထားရသည်။ ထိုအခက်အခဲများကြောင့် ဦးစွာ၌ မော်တော်ယာဉ် လုပ်ငန်းသည် ကြီးပွားသင့်သလောက် မကြီးပွားဘဲ ရှိ၏။ သို့သော် ဟင်နရီဖို့က ထိုပြဿနာကို ပြေလည်အောင် ဖြေရှင်းခဲ့သည်။

ဟင်နရီဖို့သည် ကုန်ပစ္စည်းများကို အမျိုးတူ ပုံတူ အရွယ်တူ စသည်ဖြင့် စံကိုက်ကုန်လုပ်စံနစ်နှင့် ပုံစံတူ ပစ္စည်း အများထုတ်စံနစ်ဟူသော စံနစ် ၂ ခုကို ရှေးဦးစွာ အုတ်မြစ်ချ ပေးသည်။ ထိုစံနစ်များကို သွတ်သွင်းလိုက်ခြင်းဖြင့် ထိုအချိန်က သေးငယ်သောဘဝတွင် ရှိသေးသော မော်တော်ယာဉ်လုပ်ငန်းသည် ပထမတန်းစာ လုပ်ငန်းကြီးဘဝသို့ တဟုန်ထိုး တိုးတက်သွား လေသည်။ မကြာမီပင် ဖို့သည် မော်တော်ယာဉ် အမြောက်အမြား ကို အချိန်ကုန် သက်သာစွာနှင့် ထုတ်လုပ်နိုင်လာ၍ တစ်ချိန် ထက် တစ်ချိန်လည်း မော်တော်ယာဉ်ဈေးနှုန်းကို အများဝယ်ယူ နိုင်လောက်အောင် နှိမ့်ချနိုင်ခဲ့သည်။ ပစ္စည်းကိရိယာ အစိတ် အပိုင်းများကို စံကိုက်ပြုလုပ်၍ ရောင်းချသဖြင့်လည်း မော်တော် ယာဉ် ပိုင်ရှင်များအဖို့ ချွတ်ယွင်းပျက်စီးသွားသော အစိတ်အပိုင်း များကို လွယ်ကူစွာ ဝယ်ယူ၍ လျင်မြန်စွာလဲလှယ်တပ်ဆင်နိုင်ကြ သည်။ အမေရိကန် ပြည်ထောင်စုရှိ မော်တော်ယာဉ်လုပ်ငန်းမှာ ထိုအချိန်မှစ၍ အကြီးအကျယ် တိုးတက်လာခဲ့၏။ ပထမကမ္ဘာစစ် ပြီးချိန်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် မော်တော်ယာဉ်များကို တစ်နှစ်တစ်နှစ်လျှင် သန်းနှင့်ချီ၍ ပြုလုပ် ရောင်းချခဲ့ရရာ ထိုအရေအတွက်မှာ တစ်ကမ္ဘာလုံးမှ ထုတ်လုပ်သော မော်တော် ယာဉ် အရေအတွက်၏ ၈၅ ရာခိုင်နှုန်းခန့်နှင့် ညီမျှလေသည်။

အင်္ဂ‡လန်နိုင်ငံတွင်လည်း အမေရိကန်ပြည်ထောင်စုမှ ကုန်အများထုတ် စံနစ်ကို နည်းယူလုပ်ကိုင်ခြင်းဖြင့် မော်တော် ယာဉ်လုပ်ငန်းသည် အကြီးအကျယ် တိုးတက်လာခဲ့ပေသည်။ ကမ္ဘာကျော် ရိုးစရွိုက်မော်တော်ယာဉ်များကို ပြုလုပ်ရောင်းချ ခဲ့သော ဟင်နရီရွိုက်သည် နောင်တွင် ဆာဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဟားဗတ်မော်ရစ်နှင့် စက်ဘီးပြုလုပ်သူ ဝီလျံရစ်ချတ်အော်စတင်တို့သည်လည်း မော်တော်ယာဉ် လုပ်ငန်းဖြင့် ကြီးပွားတိုးတက်ခဲ့ကြလေသည်။

ယခုခေတ် မော်တော်ယာဉ်ပြုလုပ်ရာဌာနတွင် စက်ရုံ အလုပ်ရုံများသာမက အလုပ်သမားတို့၏ နေရာထိုင်ခင်းများပါ ပြည့်နှက်လျက် ရှိသဖြင့် မြို့ကြီးတစ်မြို့ပမာ ကျယ်ဝန်း ပြည့်စုံ ပေသည်။ အချို့ဌာနတွင် မော်တော်ယာဉ်၌ တပ်ဆင်ရမည့် ကိရိယာ အစိတ်အပိုင်းများကို သာမက အလုပ်သမားတို့ ကိုင်တွယ် အသုံးပြုရမည့် တန်ဆာပလာများကိုပင် မိမိတို့ဖာသာ ပြုလုပ်ယူကြသည်။ အလုပ်ရုံကြီးများမှာ ကြီးကျယ်များပြား ၍ အလုပ်သမားများမှာလည်း ထောင်နှင့်ချီပြီး ရှိကြသည်။ သို့ရာတွင် ကုန်အများထုတ် စံနစ်ကို အခြေခံ ထားသည့် အတိုင်း အလုပ်နှင့် အချိန် အသက်သာဆုံးဖြင့် မော်တော်ယာဉ် စီးရေ အများဆုံး ပြုလုပ်နိုင်အောင် စီမံထားသည်။ စီမံထားပုံ မှာ မော်တော်ယာဉ်တစ်စီး ဖြစ်မြောက်အောင်တပ်ဆင်ရာ၌ လုပ်သမားများသည် တပ်ဆင်ရာ နေရာသို့ စုပြုံလာရောက်ရန် မလိုဘဲ မော်တော်ယာဉ်အစိတ်အပိုင်းကို စက်ဖြင့် ရွေ့ရှားစေ နိုင်သော ခါးပတ်ခုံရှည်ကြီးပေါ်တွင် တင်၍ အလုပ်သမားရှိရာသို့ ပို့ဆောင်ပေးသည်။ တစ်ခါတစ်ရံ အဆိုပါ ခါးပတ်ခုံရှည်ကြီးမှာ တစ်မိုင်ခန့်ပင် ရှည်ပေသည်။

ဆိုင်ရာ အလုပ်သမားတို့သည် မိမိတို့၏နေရာဌာန အသီး အသီး၌ နေလျက် မိမိတို့ထံ ရောက်လာသော အစိတ်အပိုင်းတွင် သက်ဆိုင်ရာ အစိတ်အပိုင်းကိုသာ တပ်ဆင်ပေးကြရသည်။ ကိစ္စ ပြီးသောအခါ ထိုအစိတ်အပိုင်းသည် အခြားအလုပ်သမားတစ်စု ရှိရာသို့ ရောက်သွားပြန်သည်။ မော်တော်ယာဉ်တစ်စီး ဖြစ်မြောက် အောင် တပ်ဆင်ရာတွင် ပထမဆုံးအလုပ်သမားတစ်စုက မော်တော်ယာဉ်၏ အောက်ခံဘောင်ကို ရှေးဦးစွာတပ်ဆင်ပေး သည်။ ကျန်အစုများက အင်ဂျင်စက်ကိုလည်းကောင်း၊ ကိုယ် ထည်ကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်နှင့်ဆိုင်သည့် ကိရိယာများ ကိုလည်းကောင်း၊ ဘီးများကို လည်းကောင်း အသီးအသီး အလှည့်ကျ တပ်ဆင်ပေးကြရသည်။ မော်တော်ယာဉ် ကိုယ်ထည် ကို ဆေးကြောတိုက်ချွတ်ခြင်း၊ စက်ဖြင့် ဆေးသုတ်ပေးခြင်း၊ အခြောက်ခံခြင်း စသည်တို့ကိုလည်း အလားတူ ပြုလုပ်ပေးကြ ရ၏။ ဤသို့ဖြင့် အပြည့်အစုံတပ်ဆင်ပြီးသား မော်တော်ယာဉ် များသည် နာရီပိုင်းအတွင်းမှာပင် တစ်စီးပြီးတစ်စီးထွက်ပေါ် လာကြလေသည်။ မော်တော်ယာဉ် အလုပ်ဌာနတွင် ခါးပတ် ခုံရှည်ကြီး လှည့်နေသော အလုပ်ရုံကြီးသည် အကြောမကြီးနှင့် သဏ္ဌာန်တူသည်။ လိုအက်သော အစိတ်အပိုင်းများကို သီးခြား အလုပ်ရုံများတွင် ပြုလုပ်ကြရ၍ ယင်းတို့ကို တစ်ခုနှင့်တစ်ခု ဆက်စပ်ရန်အတွက် ပင်ရင်းအလုပ်ရုံကြီးသိ အသင့် ပို့ဆောင် ပေးကြရသည်။ အဆိုပါ အစိတ်အပိုင်းများကို ပြုလုပ်ရာ၌လည်း စံကိုက်ကုန်လုပ်စံနစ်ဖြင့် ပြုလုပ်ရသည့်အတွက် စံထားရသော ပစ္စည်းနှင့် ထပ်တူထပ်မျှ ကိုက်ညီအောင် တိကျစွာ ပြုလုပ်ကြ ရလေသည်။

မော်တော်ယာဉ် လုပ်ငန်းဌာနတွင် တပ်ဆင်ပြီးသော မော်တော်ယာဉ်များကို စမ်းသပ်မောင်းနှင်ကြည့်ရန်အတွက် အင်္ဂတေဖြင့် တောင်ကုန်းများနှင့် လမ်းများလည်း ဖောက်လုပ် ထားလေ့ရှိသည်။ ထိုမှတစ်ပါး မော်တော်ယာဉ်နှင့် စပ်ဆိုင်သော သုတေသနလုပ်ငန်းများကို ကျွမ်းကျင်သည့် အလုပ်သမားတစ်စုက အမြဲတစ်စေ လေ့လာစမ်းသပ်လျက် ရှိကြ၍ ငွေရေးကြေးရေး စီးပွားရေးးနှင့် သက်ဆိုင်သည့် တာဝန်ခံ များကလည်း မိမိတို့ မော်တော်ယာဉ်များ အရောင်းရတွင်ကျယ်မှုအတွက် အမြဲတစ်စေ ရှာကြံကြိုးစားလျက် ရှိကြရပေသည်။

မော်တော်ယာဉ် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ကျော်ကျော်ခန့်သာ ရှိသေးသော်လည်း ရှေးက မော်တော်ယာဉ် များနှင့် ယခုခေတ် မော်တော်ယာဉ်များမှာ ပြောမယုံနိုင်လောက် အောင် ကွာခြားသည်ကို တွေ့ရသည်။ ရှေးက မော်တော်ယာဉ် များမှာ ပုံသဏ္ဌာန်အားဖြင့် မြင်းရထားနှင့် တူ၏။ နှေးလည်း နှေး၏။ ထိုမော်တော်ယာဉ်များ၌ လေကာမှန်များ မပါရှိသော ကြောင့် အမျိုးသမီးများ မော်တော်ယာဉ်စီးစဉ် မျက်နှာတွင် ပါးလွာသော အဝတ်များဖုံးအုပ်သည့် အလေ့ထ ပြုလုပ်လာကြ ခြင်းကို အံ့ဩစရာမရှိချေ။ ယခုခေတ်မော်တော်ယာဉ်များကား အမြင်အားဖြင့် နှစ်သက်ဖွယ် ဖြစ်သည်သာမက စည်းစိမ်ရှိရှိနှင့် စီးနင်းလိုက်ပါနိုင်၍ အလျင်စလိုလည်း သွားလာနိုင်သည်။

ကိုယ်ထည်မှာ ချော့မွေ့ပြောင်လက်လျက်ရှိသည့်အပြင် ငရှဉ့် သွေးရောင်၊ အမည်းရောင် အစိမ်းရောင် တစ်ခါတစ်ရံ ၂ ရောင် စသည်ဖြင့် အမျိုးမျိုး ခြယ်လှယ်ထားသည့်အတွက်လည်း အလွန် လှပတင့်တယ်ပေသည်။ မော်တော်ယာဉ် ကိုယ်ထည်များမှာ များသောအားဖြင့် ရှေးကထက်နိမ့်၍ ရှည်လျားလျားဖြစ်ကာ ပြေပြစ်ကြော့ရှင်းသဖြင့် လျင်မြန်မည့်ပုံမှာ အထင်းသား ပေါ်လွင်လျက်ရှိသည်။ ယခုခေတ် မော်တော်ယာဉ် ပြုလုပ်ရောင်းချသူတို့သည် မော်တော်ယာဉ်ကို မြန်သည်နှင့်အမျှ ဘေးအန္တရာယ်မဖြစ်ဘဲ စိတ်ချလက်ချ မောင်းနှင်နိုင်ရေးကိုလည်း အထူးဂရုစိုက်ကြသည်။ ထိုအတွက် အလွယ်တကူနှင့် ထိခိုက်ပျက်စီးခြင်းမရှိစေရန် ကိုယ်ထည်ကို သံမဏိဖြင့် ပြုလုပ်လာကြသည်။ တိုင်ယာများတွင် ပန်းကွက် ဖော်ထားသဖြင့် စိုစွတ်နေသောလမ်းများပေါ်တွင် ဗရိတ်ကို ရုတ်တရက် ဖမ်းလိုက်သောအခါ ဘီးများသည် တော်ရုံနှင့် ချော်ထွက်၍ မသွားနိုင်ချေ။ မော်တော်ယာဉ်ရှေ့တွင် တပ်ဆင် ထားသော မှန်ကို မတော်တဆ ထိခိုက်မိသောအခါ ကြေမွ လွင့်စဉ်၍ မသွားစေရန် ပလပ်စတစ်ဖြင့် စီမံထားသည်။

ဗရိတ်များကိုလည်း ဖမ်းလိုက်သည်နှင့် မိနေအောင် အထူး ကြံစည်ပြုလုပ်ထားလေသည်။ အထက်တွင် ဖော်ပြခဲ့သော ယာဉ်မျိုးမှာ မော်တော်ကား၊ သို့မဟုတ် အော်တိုမိုဗိုင် ဟုတွင်ကာ ကိုယ်ပိုင် ဝယ်ယူစီးနင်း လေ့ရှိသော ကိုယ်ပိုင်မော်တော်ယာဉ်များ ဖြစ်ကြသည်။ ဤယာဉ်မျိုးအပြင် ဘတ်စကားခေါ် ခရီးသည်တင် မော်တော် ယာဉ်မျိုးနှင့် လော်ရီ၊ သို့မဟုတ် ထရပ်ကားဟု ခေါ်သော ဝန်တင် မော်တော်ယာဉ်မျိး ရှိသေးသည်။ မြန်မာနိုင်ငံ၌ရှိသော မော်တော်ဘတ်စကားများမှာ တစ်ထပ်တည်းဖြစ်၍ ဗြိတိန်၊ ပြင်သစ်၊ အမေရကိန်စသော အနောက်နိုင်ငံများတွင်ရှိသည့် ဘတ်စကားများမှာ နှစ်ထပ်ဖြစ်သည်။ အချို့အေဝးပြေး ဘတ် စကားများတွင် ညဉ့်အခါအိပ်၍ လိုက်ပါရန် အိပ်စင်များပင် ပါရှိပေသေးသည်။ အများအားဖြင့် ဘတ်စကားများကို ဓာတ်ဆီ ဖြင့် မောင်းနှင်ကြသည်။ သို့သော် မကြာခဏ ရပ်နားရ၍ အသံမမြည်စေလိုသော နေရာမျိုးတွင် တစ်ခါတစ်ရံလျှပ် စစ်ဓာတ်ကို အသုံးပြုကြသည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီက ရန်ကုန်မြို့တွင် ပြေးခဲ့သော ထရောလီဘတ်စကာများမှာ လျှပ်စစ်ဓာတ်ဖြင့် မောင်းနှင်သော မော်တော်ယာဉ်မျိုးပင် ဖြစ်သည်။ နောက်ဆုံးပေါ် စက်တစ်မျိုးမှာ ဒီဇယ်အင်ဂျင်စက် ဖြစ်၍ ထိုစက်မျိုးကိုအထူးသဖြင့် မော်တော်ဘတ်စကားနှင့် လော်ရီတို့တွင် အသုံးများသည်။


လော်ရီနှင့် ထရပ်မှာ အတူတူပင် ဖြစ်၏။ ဝန်တင်မော်တော် ယာဉ်ကို အဂ‡လိပ် လူမျိုးတို့က လော်ရီဟူ၍ လည်းကောင်း၊ အမေရိကန် လူမျိုးတို့က ထရပ်ဟူ၍လည်းကောင်း အခေါ် ကွဲခြင်းသာ ဖြစ်သည်။ ဝန်တင်မော်တော်ယာဉ်တွင် ဝန်ပေါ့ တင်ရန်နှင့် ဝန်လေးတင်ရန်ဟူ၍ ခွဲခြားပြုလုပ်ထားပြန်သည်။ ဝန်ပေါ့တင် လော်ရီများမှာ များစွာမကြီးလှပေ။ သို့သော် ဝန်လေးတင် လော်ရီများမှာမူ အလွန်ကြီးမား၍ တစ်ခါတစ်ရံ ဘီး ၁ဝ ဘီးအထိပင် ပါရှိတတ်၏။ ကိုယ်ပိုင် လူစီးမော်တော် ကားများတွင်လည်း ပြုလုပ်ထားပုံကို လိုက်၍၊ ရုတ်စတား၊ တိုးရင်းစသော ခေါက်အမိုးတပ်ကားမျိုး၊ ဆီဒင်၊ ဆလွန်း၊ ကူပေး စသော အမိုးသေတပ် အလုံပိတ်ကားမျိုး၊ လင်မူဇင်ခေါ် မောင်းသူနှင့် စီးသူကြားတွင် လျှာထိုးမှန်တံခါး ခံထားသည့် အလုံပိတ်ကားမျိုး စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ ကိုယ်ပိုင် လူစီး ဘတ်စကား၊ ခရီးသည်တင်ကား၊ ဝန်တင်လော်ရီကားမျိုး တို့အပြင် ကိစ္စအလိုက် ပြုလုပ်ထားသော ပြိုင်မော်တော်ကား၊ စစ်ရေးကိစ္စ၌ အသုံးပြုသည့် သံချက်ကာကား၊ လယ်ယာစိုက်ပျိုး ရေး၌ အသုံးပြုသည့် လယ်ထွန်ကားများလည်း ရှိပေသေးသည်။

ရှေးက မော်တော်ယာဉ်များသည် နောက်ဘီးလည်ယာဉ်များ သာ ဖြစ်ခဲ့ကြ၏။ ပထမကမ္ဘာစစ် ပြီးဆုံးပြီးနောက် နှစ်အနည်း ကြာသောအခါ မော်တော်ယာဉ် အင်ဂျင်နီယာအချို့က ရှေ့ဘီး လည် မော်တော်ယာဉ်များကို စမ်းသပ်တီထွင်ခဲ့လေသည်။ ရှေ့ဘီးလည်မော်တော်ယာဉ်များသည် တောင်တက်ရာ၌ အထူး ကောင်းမွန်သည်ကို တွေ့ရှိရသည်။ ယခုအခါတွင်မူ ၄ ဘီးစလုံး ကို လည်စေသော ၄ ဘီးလည် မော်တော်ယာဉ်များပင် ပေါ် ပေါက် နေပြီဖြစ်၍ ဂျစ်ကားမှာ ဤအမျိုးအစားတွင် ပါဝင်၏။ ၁၉၂၉- ၃၂ ခုနှစ်စီးပွားရေး ကျပ်တည်းမှုကြောင့် မော်တော်ယာဉ် လုပ်ငန်းရှင်တို့သည် မိမိတို့၏ မော်တော်ယာဉ်များ အရောင်း စွန်အောင် အမျိုးမျိုးတီထွင်ကြိုးစားခဲ့ကြရာမှ မော်တော်ယာဉ်တွင် တိုးတက်မှု များစွာရရှိခဲ့ပြန်သည်။ ထို တိုးတက်မှုများတွင် မော်တော်ယာဉ်၏ ပုံသဏ္ဌာန် တိုးတက်မှုလည်းရှိ၍ ဆီစား သက်သားခြင်း၊ စက်အားကောင်းလာခြင်း၊ အသွားနှုန်း ပိုလာ ခြင်း၊ မောင်းနှင်ရ လွယ်ကူခြင်း၊ စက်သံ ငြိမ်ခြင်းတို့ကို ဖြစ်စေသော စက်၏ တိုးတက်မှုနှင့် စီးနင်းရာ၌ ညင်သာ ညက်ညောစေသော ဆောက်လုပ်ပုံ တိုးတက်မှုများလည်း ပါဝင်လေသည်။ မော်တော်ယာဉ်သည် တစ်နေ့ တစ်ခြား ခေတ်စားလာသည့် အတိုင်း ၁၈၉၅ ခုနှစ်က မော်တော်ယာဉ် ၄ စီးသာ ရှိခဲ့သော အမေရိကန်ပြည်ထောင်စုတွင် ၁၉၃၈ ခုနှစ်သို့ ရောက်သောအခါ တစ်နှစ်အတွင်း မော်တော်ယာဉ် အစီးပေါင်း ၂ သန်းကျော်မျှ ထုတ်လုပ်ခဲ့ရ၍ အစီးပေါင်း ၂၅ သန်းကျော်မျှ မှတ်ပုံတင်ခဲ့သည် အထိ တိုးတက်လာခဲ့ပေသည်။


ခေတ်မှီမော်တော်ယာဉ် ခုတ်မောင်းပုံ ခေတ်မှီမော်တော်ယာဉ်များကို သေချာစွာ ကြည့်လျှင် နေရာအကျဉ်းဆုံးနှင့် အပြည့်စုံဆုံးဖြစ်အောင် အံ့ဩလောက် ဖွယ် တည်ဆောက်ထားသော အဆောက်အအုံဖြစ်ကြောင်းကို ကောင်းစွာတွေ့ရမည်။ အင်ဂျင်စက်ကို မော်တော်ယာဉ် ကိုယ်ထည်၏ ရှေ့ပိုင်းတွင် တပ်ဆင်ထားသည်။ စက်နောက် နားတွင် ကပ်လတက် မောင်းသူထိုင်ရန် နေရာရှိ၍ မောင်းသူ၏ အနီးပတ်ဝန်းကျင်တွင် စတီယာရင်ခေါ် လ်ကကိုင်ဘီးနှင့်တစ်ကွ မော်တော်ယာ်တစ်စီးလုံးကို အုပ်ထိန်းသည့် ခလုတ်အမျိုးမျိုး၊ ကိရိယာအမျိုးမျိုးကို တပ်ဆင်ထားသည်။ မောင်းသူရှေ့ရှိ ဘောင်ပေါ်တွင် စက်သော့၊ စက်နှိုးခလုတ်၊ ဓာတ်မီးခလုတ် များ၊ ချုတ်ခေါ် လေအဝင်လျှော့ကိရိယာ၊ သရော့တယ်ခေါ် ဓာတ်ဆီအဝင်တိုးကိရိယာ၊ ဗယ်ညာပြခလုတ်၊ လေကာ မှန်သုတ်ခလုတ်၊ အမ်မီတာခေါ် လျှပ်စစ် ချာဂျင်ပြဒိုင်ခွက်၊ ဓာတ်ဆီချိန်ပြဒိုင်ခွက်၊ အမြန်နှုန်းပြဒိုင်ခွက် စည်တို့အပြင် တစ်ခါတစ်ရံ နာရီနှင့် ရေဒီယိုပါတပ်ဆင်ထားလေ့ရှိသည်။ ဟွန်းတီး (ဥဩမှုတ်) ခလုတ်ကို စတီယာရင် ဘီး အလယ်ဗဟို တွင် တပ်ထားလေ့ရှိ၏။ မော်တော်ယာဉ် အချို့တွင် စက်နှိုး ခလုတ်ကို ခြေနင်းခုံ၌ ခြေနင်းခလုတ်အဖြစ်ဖြင့် တပ်ထား တတ်သည်။ ခုံကြမ်းပြင်တွင်မူ ဂီယာမောင်းတံ၊ လက်ဆွဲဗရိတ် မောင်းတံ၊ ခြေနင်းဗရိတ်မောင်းတံ၊ ကလပ်မောင်းတံ နှင် အရှိန်တိုးမောင်းတံများတပ်ဆင်ထား၍ နောက်ဆုံးပေါ် မော်တော်ယာဉ်အချို့တွင် ဂီယာမောင်းတံကို စတီယာရင် ဘီးအောက်၌ တပ်ဆင်ထားလေသည်။ ထိုမှတစ်ပါး မော်တော် ယာဉ်အနောက်ဘက်ကို ကြည့်မြင်နိုင်သော မှန်တစ်ချပ်ကိုလည်း မောင်းသူသူရှေ့တွင်ဖြစ်စေ၊ နံဘေးတွင်ဖြစ်စေ တပ်ဆင်ထား တတ်ပေသေးသည်။

မော်တော်ယာဉ် မောင်းသူ၏ လက်နှင့်ခြေထောက်များသည် လိုသလိုအသုံးပြုနိုင်အောင် အဆင်သင့်ရှိရ၍ သူ၏ စိတ်မှာလည်း ရှေ့တည့်တည့်ရှိ လမ်းနှင့်တစ်ကွ မော်တော်ယာဉ်၏ အချက် အချာဖြစ်သော ခလုတ်နှင့် ကိရိယာများတွင်သာ အာရုံစိုက် နေရပေသည်။ သို့မှသာ မတော်တဆဖြစ်မှုများကို ရှောင်ရှား နိုင်ပေမည်။ မော်တော်ယာဉ်ကို စက်နှိုးလိုသောအခါ ရှေးဦးစွာ စက်သော့ကိုဖွင့်၍ စက်နှိုးခလုတ်ကို ဖိနှိပ်ပေးခြင်းဖြင့်နှိုးနိုင်သည်။ တစ်ခါတစ်ရံ အနှိုးရခက်နေပါက လက်လှည့်ဖြင့် ဆင်းနှိုးပေး ရ၏။ စက်နှိုးပြီးနောက်မောင်းနှင်လိုသောအခါ ကလပ်ကို တစ်ချက်စီနင်း၍ ဂီယာများကို ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် အဆင့်ဆင့် သွင်းပေးရသည်။ ကလပ်ကို နင်းထား ချိန်တွင် စက်နှင့် ဘီးကို လည်စေသည့် အစိတ်အပိုင်းများသည် လွတ်၍နေသည်။ ဂီယာများတွင် ပထမဂီယာသည် ဒုတိယဂီယာထက် အသွားနှေးစေသော်လည်း လည်အားပိုကြီး သည်။ ဒုတိယနှင့် တတိယ၊ တတိယနှင့် စတုတ္ထ ဂီယာများ တွင်လည်း ထိုအတိုင်းပင်ဖြစ်၏။ ရှေ့ကို သွားစေသော ဂီယာ အပြင် နောက်ဆုတ်စေသည့် ဂီယာလည်းရှိသည်။ မော်တော်ယာဉ် ကို ရပ်နားလိုသော် အရှိန်ကိုလျှော့၊ ကလပ်ကိုနင်း၊ ဗရိတ်ကို အုပ်ပြီးနောက် သော့ကိုပိတ်ပေးရလေသည်။ မော်တော်ယာဉ် မောင်းနှင်သည့် အလုပ်မှာ ထင်သလောက် မခက်ခဲ့လှပေ။ သို့ရာတွင် မတော်တဆ တိုက်ခိုက်တိမ်းမှောက်မှုများကို ရှောင်နိုင်ရန်မှာ အဓိကအားဖြင့်မောင်းသူ၏ သတိရှိမှုနှင့် ကျွမ်းကျင်မှုပေါ်တွင် တည်လျက်ရှိပေသည်။

မော်တော်ယာဉ်စက် မော်တော်ယာဉ်စက်၏ ရည်ရွယ်ချက်မှာ သာမန်အားဖြင့် နောက်ဘီး ၂ ဘီးကို လည်စေရန်ပင်ဖြစ်သည်။ စက်မှာလေးချက် ခုတ် အတွင်းမီး အင်ဂျင်စက်မျိုးဖြစ်၍ ဆလင်ဒါ ၄ လုံး မှ ၁၆ လုံးအထိ ပါရှိတတ်သည်။ (ဆလင်ဒါအတွင်းရှိ ပစ်စတန် လှုပ်ရှားခုတ်မောင်းပုံကို ဓာတ်ငွေ့အင်ဂျင်စက် အကြောင်းရပ်တွင် ဖော်ပြထားသည်။ ပစ်စတန် အသီးအသီးမှ မောင်းတံများကို စက်ဝင်ရိုးတစ်ခုတည်းသို့ ဆက်ထား၍ စက်ဝင်ရိုးကတစ်ဖန် ဘီးလှည့်ဝင်ရိုးကို ဂီယာသွင်းထားသည့် အတိုင်း လည်စေရန်စီမံထားသည်။

စက်ကို အေးအောင်စီမံထားပုံ မော်တော်ယာဉ် စက်နှိုးထားစဉ် အဆက်မပြတ် ကြားရသော အသံမှာ ဆလင်ဒါအတွင်း၌ ဓာတ်ငွေ့ပေါက်ကွဲတောက်လောင်မှု မှဖြစ်ပေါ်လာသော အသံဖြစ်သည်။ အဆိုပါ ပေါက်ကွဲ တောက် လောင်မှုကြောင့် ဖြစ်ပေါ်လာသော အပူချိန်မှာ စက်အစိတ် အပိုင်းများကို အရည်ပျော်စေနိုင်လောက်အောင် ပြင်းထန်၏။ ထိုကြောင့် အတွင်းမီး အင်ဂျင်စက်များကို တစ်နည်းနည်းဖြင့် အအေးခံပေးရန် လိုရာမော်တော်ယာဉ်များတွင် ဆလင်ဒါအပြင် ဖက်၌ ရေလှည့်ပတ်စီးသွားနိုင်သော အခန်းများပါရှိ၍ စက်ရှေ့ တွင် ရေဒီယေတာခေါ်အပူဓာတ်စုတ်ကိရိယာကို တပ်ဆင် ထားသည်။ ရေဒီယေတာတွင် ရေစီးဖြတ်သည့် ပြွန်ကလေးပေါင်း များစွာဖြင့် စီမံထား၍ အမြင်အားဖြင့်ပျားအုံနှင့်သဏ္ဌာန်တူသည်။ ရေဒေီုတာကို အတက်အောက် ပြွန် ၂ ခုဖြင့် စက်အုံနှင့် ဆက် ထားသည်။ မော်တော်ယာသ် စက်နိုးလျက်ရှိစဉ်တွင် ရေဒီ ယေတာမှ ရေသည် အောက်ဖက်ရှိ ပြွန်မှ စက်အုံအတွင်းသို့ ဝင်ရောက်သွားပြီးလျှင် အပေါ်ဖက်ရှိပြွန်မှ ရေဒီယေတာထဲသို့ပြန် ရောက်လာသည်။ ဤနည်းဖြင့် ရေသည် စက်အုံအတွင်းမှ အပူဓာတ်ကို သယ်ဆောင်လာပြီးလျှင် လေထဲသို့ ဖြန့်ထုတ် ပေးသည်။ ရေဒီယေတာနှင့် စက်အုံအကြားတွင် ပန်ကာတစ်ခု လည်လျက် ရှိ၍ ထိုပန်ကာ၏ တာဝန်မှာ အပြင်ဖက်မှ လေကို ရေဒီယေတာရှိ၍ ဆန်ခါပေါက်များမှ စုတ်သွင်းပေးရန် ဖြစ်လေ သည်။

ကလပ်ကလပ်သည် စက်နှင့် ကျန်လည်စရာအစိတ်အပိုင်းများကို အဆက်တပ်ပေး ဖြုတ်ပေးသည့် ကိရိယာဖြစ်သည်။ မျက်နှာပြင် ကြမ်းသော ချပ်ပြားများကို တစ်ခုနှင့် တစ်ခု ထပ်ထားပြီးနောက် ချပ်ပြားတစ်ခုကို လှည့်ပေးလျှင် ကျန်ချပ်ပြားပါ လိုက်လည် သည့်သဘောဖြင့် စီမံထားသည်။ မော်တော်ယာဉ်တွင် ဂီယာ သွင်ချိန် ပြောင်းချိန်၌ ကလပ်ကို ပထမနင်းပေးရရာ ကလပ်ကို နင်းထားစဉ် စက်ဝင်ရိုးနှင့် ဘီးကို လည်စေသည့် ဘီးလှည့်ဝင်ရိုး တို့သည် အဆက်ပြတ်လျက်ရှိ၍ ကလပ်ကိုပြန်လွှတ်လိုက်မှ အဆက် ပြန်မိသွားလေသည်။

ဂီယာအိမ်ဂီယာအိမ်တွင် ရွေ့ပြောင်းဆက်စပ်ပေးနိုင်သော ခွေးသား စိတ်ဘီးများ ပါရှိ၍ ထိုခွေးသွားစိတ် ဘီးများအားဖြင့် စက်ဝင် ရိုးနှင့် ဘီးလှည့်ဝင်ရိုးကို လိုသလို ဆက်သွယ်ပေးနိုင်သည်။ စီမံထားပုံ သဘောမှာ ဤသို့ဖြစ်၏။ ပုံပမာ၊ ခွေးသွားစိတ် ဘီးငယ်တစ်ခုဖြင့် ခွေးသွားစိတ်ဘီးကြီးတစ်ခုကို လှည့်ပေးသည် ဆိုပါစို့။ ထိုအခါ ခွေးသွားစိတ်ဘီးကြီးသည် ဘီးငယ်ထက် အလည်နှေးပေမည်။ အကယ်၍ ခွေးသွားစိတ်ဘီး ကြီးဖြင့် ဘီးငယ်ကို လှည့်ပေးပါမူကား ဘီးငယ်သည် ဘီးကြီးထက် အလည်မြန်ပေလိမ့်မည်။ ထိုအတူပင် ဂီယာအိမ်အတွင်း၌ အပတ် မှန်မှန်လည်လျက်ရှိသော စက်ဝင်ရိုးကို ဘီးလှည့်ဝင်ရိုး နှင့် ဆက်ပေးရာတွင် မော်တော်ယာဉ်ကို နှေးနှေးသွားစေလို လျှင် ခွေးသွားစိတ် ဘီးကြီးဖြင့် ဘီးငယ်ကိုလည်းကောင်း လည်စေလေသည်။ ဂီယာသုံးဆင့်ရှိသော မော်တော်ယာဉ်တွင် ပထမ ဂီယာသွင်းထားချိန်၌ မိုင် ၂ဝ နှုန်းခန့်သွား၍ ဒုတိယ ဂီယာ၌ မိုင် ၄ဝ နှုန်းခန့်လည်ကောင်း၊ တတိယဂီယာ၌ ၆၅ မိုင်နှုန်းခန့် လည်းကောင်းသွားနိုင်သည်။ ထိုထက် မြန်အောင် သွားစေလိုလျှင် အရှိန်တိုးမောင်းတံကို နင်းပေးရ၏၊ နောက်ဆုတ် ဂီယာတွင်မူ ဖြည်းဖြည်းသွားအောင် စီမံထား၍ ထိုဂီယာဖြင့် စက်ဝင်ရိုးကို ပြောင်းပြန်လည်စေခြင်း ဖြစ်ပေသည်။

မော်တော်ယာဉ် မောင်းနှင်သူတို့ လိုက်နာရန် ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့် စပ်လျဉ်း၍ ထူးခြားချက်တစ်ရပ်ကို ဖော်ပြရလျှင်ကား မြန်မာနိုင်ငံနှင့်တစ်ကွ ဗြိတိသျှ အင်ပါယာ အတွင်းရှိ တိုင်းပြည်အသီးအသီးတွင် မော်တော်ယာဉ်များကို လမ်း၏ လက်ဝဲဘက်မှ မောင်းနှင်ရမည်ဖြစ်၍၊ အမေရိကန် ပြည်ထောင်စုနှင့် အချို့သော နိုင်ငံများတွင်မူ လမ်း၏ လင်္ကျာဖက်မှ မောင်းနှင်ရန် သတ်မှတ်ထားပေသည်။

ထိုကြောင့်ပင် မော်တော်ယာဉ်တွင် အရေးကြီးသည့်ဖက်၌ စတီယာရင်လက်ကိုင်ဘီးကိုထားရန် လိုအပ်သည့်အတိုင်း ဗြိတိသျှ လုပ်မော်တော်ယာဉ်များတွင် စတီယာရင် ဘီးကို လင်္ကျာဖက်၌ တပ်ထား၍ အမေရိကန်လုပ်မော်တော်ယာဉ်များတွင် လက်ဝဲဘက် ၌ တပ်ထားလေ့ ရှိကြသည်ကို တွေ့ရပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)