မောင်သာချို
| မောင်သာချို | |
|---|---|
| မွေးဖွား | ဦးညွန့်သောင်း မတ် ၁၁၊ ၁၉၅၈ ကွမ်းခြံကုန်း |
| ကွယ်လွန် | ဇူလိုင် ၁၀၊ ၂၀၂၅ (အသက် ၆၇) ပင်လုံဆေးရုံ၊ ရန်ကုန်မြို့ |
| နိုင်ငံလူမျိုး | |
| လူမျိုး | ဗမာ |
| ပညာရေး | မြန်မာစာဌာန(ပါမောက္ခ) |
| အလုပ်အကိုင် | စာရေးဆရာ၊တက္ကသိုလ်ဆရာ |
| ကျော်ကြားမှုအရင်းခံ | စာပေဟောပြောခြင်း |
| မိဘ(များ) | ဦးဝင်းသိန်း၊ အမိဒေါ်တင် |
မောင်သာချို (၁၁ မတ် ၁၉၅၈ - ၁၀ ဇူလိုင် ၂၀၂၅)သည် မြန်မာနိုင်ငံသား ထင်ရှားသည့် စာရေးဆရာ၊ မဂ္ဂဇင်း အယ်ဒီတာတစ်ဦး ဖြစ်ပြီး မြန်မာစာပါမောက္ခ လည်း ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိ ဒေါ်တင် တို့မှ ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားသည်။ သားသုံးဦး အနက် အကြီးဆုံးသား ဖြစ်ပြီး၊ အမည်ရင်းမှာ ဦးညွန့်သောင်း ဖြစ်သည်။ သုံးခွကျေးရွာ မူလတန်းကျောင်း၊ ကွမ်းခြံကုန်းမြို့ အထက၊ မြောက်ဥက္ကလာ အလက (၁)၊ အထက (၁) တို့၌ ပညာ သင်ကြားခဲ့ပြီး မြောက်ဥက္ကလာ အထက (၁) မှပင် ၁၉၇၇ ခုနှစ်၌ ရူပဗေဒ ဂုဏ်ထူးဖြင့် ဆယ်တန်း အောင်မြင်ခဲ့သည်။
စာပေလောက
[ပြင်ဆင်ရန်]ထို့နောက် ဒေသကောလိပ် (၂) တွင် ပထမနှစ် သင်္ချာ အဓိက၊ ဒုတိယနှစ် သတ္တုဗေဒ အဓိက၊ ရန်ကုန်တက္ကသိုလ်တွင် တတိယနှစ် ရူပဗေဒအဓိကတို့ဖြင့် ပညာ ဆက်လက် သင်ကြားခဲ့ပြီး နောင်တွင် မြန်မာစာပေနှင့် ဘာသာစကားကို ပြောင်းလဲသင်ယူခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ ၁၉၈၁ တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။
၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ 'ခေတ်သစ် မေတ္တာ' ကဗျာဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူးမဂ္ဂဇင်းမှစကာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
လုပ်သားများကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာဒီဂရီကောလိပ်၊ ဟင်္သာတကောလိပ် စသည်တို့တွင် အမှုထမ်းခဲ့ဖူးပြီး ၂၀၁၀ တွင် ပညာရေးတက္ကသိုလ်၊ ရန်ကုန်သို့ ပြောင်းရွေ့ပြီး မြန်မာစာဌာနတွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ကာ မြန်မာစာဌာန၏ ပါမာက္ခ အဖြစ် ၂၀၁၈ ခုနှစ်အထိ နောက်ဆုံးတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။
မောင်သာချို၏ အခြားကလောင်ခွဲတခုမှာ ဂျက်ကွမ်းခြံကုန်း ဖြစ်သည်။ [၁][၂]
ဖမ်းဆီးခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်၏ အာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် မောင်သာချိုလည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။[၃] ယင်းနောက် ဆရာမောင်သာချိုကို လွန်ခဲ့သည့် ၈နှစ်ခန့်က ဂျာနယ်တစ်စောင်တွင် ရေးသားခဲ့သော ဆောင်းပါးတစ်ခုကြောင့် ဆိုပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်တရားစွဲခဲ့သည်။ ထိုအမှုနှင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့တွင်အင်းစိန်ထောင်တွင်းတရားရုံးက မောင်သာချိုအား ထောင်ဒဏ် ၂ နှစ်ချမှတ်သည်။[၄] ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁နှစ်နှင့် ၂၂ရက်အကြာ မှ ယင်းအမိန့်ကို ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် လွတ်ငြိမ်းဖြင့်ပြန်လွတ်လာခဲ့သည်။ [၅]
ဘဝနိဂုံး
[ပြင်ဆင်ရန်]စာရေးဆရာမောင်သာချို သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက် မနက် ၈နာရီ အကျော်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ကွယ်လွန်ခဲ့သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရာပြည့် စာအုပ်တိုက်က ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှာ ပထမအကြိမ် ပုံနှိပ် ဖြန့်ချိခဲ့တဲ့ 'မောင်သာချို' ရဲ့ 'သမီးဖတ်ဖို့' စာအုပ်မှ
- ↑ ၂၀၁၁၊ ဇွန်လထုတ် ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ (ပထမအကြိမ်)
- ↑ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲ ဖမ်းဆီးခံရသူများစာရင်း။ RFA Burmese (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စာရေးဆရာ မောင်သာချိုနှင့် ဦးထင်လင်းဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချခံရ။ ဧရာဝတီသတင်း (၂၂ ဖေဖော်ဝါရီ ၂၀၂၂)။ ၂ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကိုမြအေး၊ ဒေါက်တာမျိုးညွန့်၊ ရွှေညဝါဆရာတော်၊ စာရေးဆရာမောင်သာချိုတို့ ပြန်လွတ်။ RFA Burmese (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၂ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ "စာရေးဆရာ မောင်သာချို ပင်လုံဆေးရုံကြီး၌ ကွယ်လွန်"၊ Eleven Media။