မာတိကာသို့ ခုန်သွားရန်

မောင်လွန်းကြင်

ဝီကီပီးဒီးယား မှ
မောင်လွန်းကြင် (၁၉၃၈-၁၉၉၂)

မောင်လွန်းကြင် (၂၄ အောက်တိုဘာ ၁၉၃၄ - ၁၆ ဇွန် ၁၉၉၂, အမည်ရင်း - ဦးအုန်းလွင်) ကို ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မွေးဖွားခဲ့သည်။ သံတွဲမြို့ အစိုးရအထက်တန်းကျောင်းမှ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူကာ ၁၉၆၅ ခုနှစ်၌ မြန်မာစာဖြင့် ဝိဇ္ဇာဂုဏ်ထူးတန်း အောင်မြင်ခဲ့သည်။

ထို့နောက် ရန်ကုန်မြို့ သက်ကြီးတက္ကသိုလ် (လုပ်သားများကောလိပ်) တွင် မြန်မာစာနည်းပြအဖြစ် အမှုထမ်းရင်း ၁၉၇၃ ခုနှစ်တွင် "ဒဂုန်တာရာ၊ သူ့ကဗျာနှင့် သူ့ကဗျာသဘောတရား" ကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

စာပေလက်ရာများနှင့် ကလောင်အမည်များ

[ပြင်ဆင်ရန်]

ဆရာမောင်လွန်းကြင်၏ ပထမဆုံးဝတ္ထုတို ဖြစ်သည့် "အတုံ့" ကို ၁၉၅၄-၁၉၅၅ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းတွင် သံတွဲအုန်းလွင် အမည်ဖြင့် ပုံနှိပ်ဖော်ပြခဲ့သည်။ ပထမဆုံးကဗျာလက်ရာဖြစ်သည့် "ညှိုးပန်းတစ်ပွင့် အဘိဓမ္မာ" ကို ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

၁၉၅၅ ခုနှစ် နောက်ပိုင်းမှစ၍ မောင်လွန်းကြင် ကလောင်အမည်ဖြင့် ရေးသားခဲ့ပြီး ကဗျာနှင့် စကားပြေနှစ်မျိုးလုံး ရေးသားသော်လည်း ကဗျာဆရာအဖြစ် ပိုမိုလူသိများသည်။ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် ဝတ္ထုများကို ဆက်တိုက် ရေးသားလာခဲ့သည်။

စာပေနှင့် အနုပညာလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

ဆရာသည် စာပေရေးသားခြင်းအပြင် ပန်းချီနှင့် ဂီတအနုပညာတို့ကိုလည်း ဝါသနာပါသူဖြစ်သည်။ ရှုခင်းသရုပ်ဖော် ဆီဆေးပန်းချီကားများကို ရေးဆွဲခဲ့သည်။ ဂီတနယ်ပယ်တွင်လည်း ၁၉၅၉ ခုနှစ်တွင် အမောင် အမည်ဖြင့် "သံယောဇဉ်မီး" သီချင်းကို စန္ဒရားသက်ခိုင်တူရိယာအဖွဲ့မှ သီဆိုအသံလွှင့်ခဲ့ပြီး မြန်မာ့အသံ ဓာတ်ပြားရတေးတစ်ပုဒ်ဖြစ်ခဲ့သည်။ ကံ့ကော်မြိုင်တူရိယာဝိုင်းနှင့် ဂီတစာဆိုတူရိယာဝိုင်းများတွင်လည်း သီချင်းများ သီဆိုအသံလွှင့်ခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်ပုလဲပန်း အပျော်တမ်းတူရိယာဝိုင်းကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မြန်မာ့အသံမှ နှစ်လလျှင်တစ်ကြိမ် တေးသီချင်းများ အသံလွှင့်ခဲ့သည်။

စာပေနယ်ပယ်တွင် ၁၉၅၇ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသားကျောင်းသူများ နှစ်စဉ်ထုတ်ဝေသည့် ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် တွဲဖက်စာတည်းနှင့် တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကလောင်အသင်း၌ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူခဲ့သည်။

နောက်ဆုံးခရီးနှင့် ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

ဆရာမောင်လွန်းကြင်သည် ၁၉၈၉ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ ပီနန်၊ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီး ထွက်ခဲ့သည်။

နောက်ပိုင်းတွင် ၁၉၉၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၌ ကြို့ပင်ကောက်မြို့တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

[ပြင်ဆင်ရန်]
  1. လွမ်းမြိုင်ကျေးရဲ့ အဝေးတနေရာဆီမှာ ၁၉၈၁
  2. သိင်္ဂါရ ရသ ၁၉၈၀
  3. မေတ္တာ မြနှင်းရည်နှင့် အခြားဝတ္ထုတိုများ ၁၉၈၄
  4. ဒဂုန်တာရာ သူ့ကဗျာနှင့် သူ့ကဗျာ စာပေ သဘောတရားကျမ်း ၁၉၉၄
  5. မြနှင်းမြူခြယ် လှဇင်းမယ်နှင့် နိုင်ငံခြား ခရီးသွား ဆောင်းပါးများ ၁၉၉၅
  6. လှများရှင် မစ္စတူး ၁၉၉၅
  7. အသည်းခွဲသူ ဘယ်သူလဲ ကဗျာများ ၁၉၉၇

[]

ကိုးကား

[ပြင်ဆင်ရန်]
    1. ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၈ စက်တင်ဘာ၊ ပထမအကြိမ် ထုတ် "နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာ များ နှင့် စာစုစာရင်း (ပဉ္စမတွဲ)" စာအုပ်မှ
    2. သီဟရတနာ စာအုပ်တိုက်၊အုပ် ၁၀၀ ပြည်႕၊ ၂၀ ရာစု ၿမန္မာဝတၳဳတို ၁၀၀ စာရေးဆရာ ၁၀၀ စာအုပ် စာ ၉၆၅-၉၆၆ မှၿ
    3. သမိုင်းသုတေသီ စာရေးဆရာ ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်) လက်ရှိသီတင်သုံးနေထိုင်တော်မူသော သံတွဲမြို့၊ မင်းဗာကြီးလမ်း၊ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်း ဂုဏ်ပြုစိုက်ထူထားသည့် ကဗည်းကျောက်စာပါ အကြောင်းအရာများ