မောင်ရင်မောင်မမယ်မ (ဝတ္ထု)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မောင်ရင်မောင် မမယ်မ ဝတ္ထုသည် မြန်မာ့စာပေဂန္ထဝင်၌ ပထမဦးဆုံးသော မြန်မာ့ကာလပေါ် ဝတ္ထုဖြစ်ပြီး စာ‌ရေးဆရာကြီး ဂျိမ်းစ်လှကျော် ရေးသားခဲ့သည်။ ယင်းဝတ္ထုသည် ပြင်သစ်စာရေးဆရာကြီး အယ်လက်ဇန္ဒား ဒျူးမား ရေးသားသော ကောင့်အော့ မွန်တီကရစ္စတို (မွန်တီကရစ္စတို မြို့စားကြီး) ဝတ္ထုကိုမှီငြမ်း၍ မြန်မာတို့၏ အခြေ၊ မြန်မာတို့၏ အမြင်နှင့် ဆီလျော်အောင် ပြုပြင်ရေးသားထားသည့် ဝတ္ထုဖြစ်ပြီး ၁၉၀၄ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ထိုခေတ်က မောင်ရင်မောင် မမယ်မဝတ္ထုသည် အတော်လူကြိုက်များ၍ ခေတ်စားခဲ့သေကြောင့် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း အစရှိသည့် အခြားဝတ္ထုများလည်း အလျှိုလျှို ထွက်ပေါ်လာခဲ့သည်။ မောင်ရင်မောင် မမယ်မဝတ္ထုကို ၁၉၅၉ ခုနှစ်တွင် မန်းရာပြည့် အထိမ်းအမှတ်အဖြစ် ဂျိမ်းစ်လှကျော်၏ မြေးဖြစ်သူ ခင်ထားဦး၏ဆန္ဒဖြင့် ဒုတိယအကြိမ် ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

အရေးအသား[ပြင်ဆင်ရန်]

ဂျိမ်းစ်လှကျော်၏ မြန်မာစာစီကုံး ထုံးဖွဲ့မှုသည် ရိုးသားသည်။ ရှင်းသည်။ အပိုအလိုမရှိ တိကျသည်။ ပြတ်သားစွာ ဆိုသည်။ လိုရင်းကိုသာ ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ထားသည်။ သို့သော် မောင်ရင်မောင် မမယ်မဝတ္ထုသည် ဝါကျရှည်ကြီးများ ရေးလေ့ရှိသော ကုန်းဘောင်ခေတ် ဒုတိယပိုင်း၏ အရေးအသားမူကို ခံယူခဲ့သောခေတ်၌ ပေါ်သောစာဖြစ်သည်မှာ ထင်ရှားသည်။ ကုန်ဘောင်ခေတ် ကုန်ဆုံး၍ အနှစ် ၂၀ မျှပင် မရှိသေးသည့်အခိုက်၌ ဤဝတ္ထုကို ရေးလေသောကြောင့် ကုန်းဘောင်ခေတ် စာပေ၌ပင် အကျုံးဝင်သည်ဟု ဆိုနိုင်သည်။

မောင်ရင်မောင် မမယ်မဝတ္ထုသည် ထိုခေတ် ထိုကာလက မြန်မာစာပေ၏ အဆင့်အတန်းကို ဖော်ပြလျက်ရှိသော စာပေမှတ်တိုင်ကြီး တစ်ခုသာမကပဲ ယင်းခေတ်ကာလ၏ လူနေမှုကိုပါ ဖော်ထုတ်ပြသသော ခေတ်ပြကြေးမုံ တစ်ချပ်ဟုဆိုလျှင်လည်း မှားမည်မထင်ပါ။

ပထမအကြိမ် ထုတ်ဝေခဲ့သော စာအုပ်မှာ လွတ်လပ်ရေးခေတ်မှ စာအုပ်များထက် ကျနသပ်ရပ်သည်ဟု ဆိုနိုင်သည်။ ပုံနှိပ်စက္ကူချောဖြင့် ဂရိတ်စာလုံးစီကာ ရိုက်ထားသည်။ အတွင်းရုပ်ပုံများမှာ ပန်းချီရုပ်ပုံများ မဟုတ်ပဲ ထိုခေတ်က အင်္ဂလိပ်၊ အမေရိကန် မဂ္ဂဇင်းများတွင် ပါရှိသည့်နည်းတူ လူစင်စစ်ကို ဇာတ်ကွက်ဇာတ်လမ်းအတိုင်း သရုပ်ဆောင်စေကာ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်၍ ထိုဓာတ်ပုံမျိုး ၁၂ ပုံဖြင့် သရုပ်ဖော်ထားသည်။

ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုကို မြန်မာနိုင်ငံ သုတေသန ဂျာနယ်မှ ဤသို့ဝေဖန်ခဲ့သည်။

‘‘ ဝတ္ထုဟူသောအရာကို ခေတ်သစ် အဓိပ္ပာယ်အတိုင်း မြန်မာတို့က နားမလည်နိုင်ကြသေးသည့်အလျောက် စာရေးသူ (ဂျိမ်းစ်လှကျော်) က မောင်ရင်မောင် ထားခဲ့သော စာရွက်စာတမ်းများမှ ကောက်ယူ စီရင်ရေးသားသည်ဟုဆိုလျှင် သင့်လျော်မည်ဟု ယူဆပုံရသည်။ ဝတ္ထုဟုသာ ဆိုသည်။ ဝတ္ထုနှင့်မတူပဲ အကြောင်းအရာများ ဖော်ပြသော စာတမ်းနှင့် တူနေခေသည်။ ယင်းသို့ ဆိုရငြားလည်း ဤဝတ္ထုမှာ ပထမ မြန်မာဝတ္ထု ဖြစ်သောကြောင့် ရှေ့ဆောင်သူတို့ ရအပ်သော အခွင့်အရေး ရထိုက်သည်ဟု ဆိုရပေမည်။’’

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ထိုဝတ္ထု၏ ပထမဝါကျတွင် ‘‘ဆိုလတ္တံ့သော ဝတ္ထု၌ ပါရှိသော အကြောင်းအရာ အဖြစ်အပျက်များသည် ကျွန်ုပ်တို့ မြန်မာဘုရင် သာယာဝတီ၊ ကုန်းဘောင်၊ ဟံသာဝတီ ၃ ဘွဲ့ခံ မင်းတရားကြီး ဘုရားရွှေလက်ထက်တော်ကစ၍ ပုဂံမင်းလက်ထက်တော်တိုင် မင်းနှစ်ဆက်မြောက် ထီးနန်းစိုးစံတော်မူသည့် အတွင်း အမှန်မုချ ဖြစ်ပွားသော အကြောင်းအရာများချည်း ဖြစ်သည့်အပြင်၊ ကျွန်ုပ်တို့ ဘုရားလောင်းတော် ဇနကမင်း၏နည်း၊ အတိဒုက္ခကြုံကြိုက်ရသည့်အခါတွင် လုံ့လ၊ ဝီရိယကို မလျှော့သော ယောက်ျားအင်္ဂါနှင့် ညီညွတ်စွာ ဆောင်ရွက်သည့် အကျိုးအားဖြင့် သေမည့်ဘေးမှ လွတ်ထွက်ပြီးလျှင် အချိန်သင့်တိုင် ရောက်ကာလ သူဌေးသူကြွယ်၏ ဘဝကို ရရှိရုံမက ငယ်ရွယ်စဉ်အခါက ချစ်ခင်စုံမက်ကြပြီးနောက် နှစ်ပေါင်းများစွာ ကွဲကွာနေရသူ မိန်းမနှင့် ပြန်၍ပေါင်းသင်းရသည်များကို ဗဟုသုတအရာ လိုလားသူ အမျိုးကောင်း သားသမီးတို့ သိမှတ်အပ်သည့်အတိုင်း ဖြစ်ပျက်သည့် အကြောင်းအရဪ အစီအစဉ်အလျောက်အရှည်ပြဆိုပေကုန်အံ့’’ ဟု ဖော်ပြပါရှိသည့်အတိုင်း အဓိက ဇာတ်ကောင် နှစ်ဦးဖြစ်သော မောင်ရင်မမောင်နှင့် မမယ်မတို့သည် ငယ်ရွယ်စဉ်က ချစ်ခင်စုံမက်၊ နှစ်ဖက်မိဘများ သဘောတူ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲပြီး၍ မကြာမတင်ပင် ကွဲကွာသွားကြပြီးလျှင် နှစ်ဦးစလုံး အတိဒုက္ခရောက်ကြပြီးနောက်တွင် မောင်ရင်မောင်သည် သူဌေးသူကြွယ်ဘဝ ရရှိ၍ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသော ငယ်ချစ် မမယ်မနှင့် ပြန်ပေါင်းရသည့် အကြောင်းပင် ဖြစ်လေသည်။

ဆရာကြီး ဂျိမ်းစ်လှကျော်သည် ဤ ‘‘မောင်ရင်မောင် မမယ်မ’‘ ဝတ္ထုကို ‘‘ဤသူနှစ်ဦး (ကိုရင်မောင်နှင့် မမယ်မ) သည် ၆ နှစ်ကျော် ၇ နှစ်ခန့် ဒုက္ခဆင်းရဲကြီး ရောက်လျက် ကွဲ၍နေပြီးမှ တဖန်ပြန်၍ ပေါင်းမိလျှင်’‘ ဟု အဆုံးသတ်ထားပြီးနောက် ဒုတိယပိုင်းဖြစ်သော ငယ်ချစ်နှစ်ဦး ပြန်လည်ဆုံစည်းပြီးမှ မျိုမတတ် ချစ်မဝဖြစ်လျက် အမွေအနှစ်များဖြင့် ချမ်းသာစွာ နေထိုင်ကြပုံများကို အစွမ်းကုန် ရေးသားရန် စီစဉ်ပြီးလုဆဲဆဲတွင် ကွယ်လွန်သွားခဲ့သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)