မောင်မိုးသူ
| မောင်မိုးသူ | |
|---|---|
| ဇာတိ အမည် | စိန်မြင့် |
| မွေးဖွား | ၁၇ မေ၊ ၁၉၃၇ မန္တလေးမြို့၊ မြန်မာ |
| ကွယ်လွန် | စက်တင်ဘာ ၁၊ ၂၀၂၁ (အသက် ၈၄) ရန်ကုန် |
| နိုင်ငံလူမျိုး | မြန်မာ |
| ပညာရေး | မန္တလေးတက္ကသိုလ် (ဘွဲ့မရရှိ) |
| အလုပ်အကိုင် | နိုင်ငံရေးသမား, စာရေးဆရာ, အယ်ဒီတာ, ရုပ်ရှင်ဒါရိုက်တာ |
| ကျော်ကြားမှုအရင်းခံ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် |
မောင်မိုးသူ (၁၇ မေ ၁၉၃၇ - ၁ စက်တင်ဘာ ၂၀၂၁ ) မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ စာရေးဆရာ၊အယ်ဒီ တာ နှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ဦးဖြစ်သည်။သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်တွင် ဗဟိုကော်မတီဝင် တစ်ဦးအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။ မောင်မိုးသူ၊ ဦးမိုးသူ၊ ဘကြီးမိုး အစရှိသည်ဖြင့် လူသိများသည်။[၁] [၂]
ငယ်ဘဝ
[ပြင်ဆင်ရန်]မန္တလေးမြို့ဇာတိသား ဖြစ်သည်။ အဖ သခင် ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇၊ မေလ ၁၇ ရက်နေ့၊တနင်္လာနေ့တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ဦး ရှိသည်။ အမည်ရင်းမှာ ဦးစိန်မြင့် ဖြစ်သည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန်တောင် မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် စိန့်ပီတာကျောင်း၊(ယခု အ.ထ.က - ၉)တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅ ၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့ပြီး၊ မန္တလေးတက္ကသိုလ် တွင် ၁၉၅၆ ခုနှစ် မှ ၁၉၅၈ ခုနှစ်ထိ ပညာ သင်ကြားခဲ့သည်။အတန်းပြီးဆုံးသည်အထိ မတက်ရောက်ခဲ့၍ ဘွဲ့မရခဲ့ပေ။[၃]
စာပေဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၅၃ ခုနှစ်မှ စ၍ ကဗျာများ ရေးခဲ့သည်။ ၁၉၅၆ ခုနှစ်၊ တက္ကသိုလ် ရောက်ရှိချိန်တွင် ဆောင်းပါး ဝတ္ထုများ ရေးခဲ့သည်။ ည (၁၉၆၁)၊ မေမေကြည် (၁၉၆၂)၊ ရန်ကုန်သားနှင့် မန္တလေးသူ (၁၉၆၆)၊ မိုးမိတောက်တို့ ပန်တော်အမီ (၁၉၆၇) စသည့် မြန်မာ ဝတ္ထုများလည်း ရေးသားခဲ့သည်။ယင်းအပြင် ဝတ္ထု၏ သဘောနှင့် ရည်ရွယ်ချက် စာတမ်း နှင့် မိုးဦးပန်း အစမ်းစာများပါ ရေးသားခဲ့သည်။
မောင်မိုးသူသည် မိုးဦးပန်း စာပေတိုက်ကို တည်ထောင်၍ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာ ဇေယျ၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ တက်တိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ) တို့၏ ဝတ္ထုများ၊ ကဗျာ စာအုပ်များ နှင့် ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့သည်။
ဘာသာပြန် ဝတ္ထုများ အဖြစ် စိတ္တဇ (၁၉၆၅)၊ အိပ်မက်ကုန်သည် (၁၉၇၆)၊ သေနေ့ (၁၉၇၇)၊ ကြေးစား (၁၉၈၁)၊ အိပ်ဇိုးဒပ် (နိုင်ငံတခု မွေးဖွားခြင်း)၊ ကျား ကုတ်ကျားခဲ (၁၉၈၃)၊ သဲကြီးမဲကြီး (၁၉၈၂)၊ သူနိုင်ကိုယ်နိုင် (၁၉၈၂)၊ အချစ်ပုံပြင် (၁၉၈၂)၊ သက်စွန့်ဆံဖျား (၁၉၈၃)၊ စိန်ပီတာဘက်မှလူ (၁၉၈၃)၊ မာဖီးယားနှင့် ပေါ်ပီပန်း (၁၉၈၃)၊ ဂျိန်းစဘွန်း၏ အထူးတာဝန် (၁၉၈၃)၊ အိပ်ဇိုးဆေး (၁၉၈၄)၊ အတိတ်တစ္ဆေ (၁၉၈၄)၊ လင်းယုန်တို့ အောင်ပွဲ (၁၉၈၄)၊ ရိုလာကိုစတာ ခုမကြည့်နဲ့ဦး (၁၉၈၅)၊ ငြိုးသူ့ရန်ဘက် (၁၉၈၅)၊ ပစ်မသွားနဲ့ အချစ်ရယ် (၁၉၈၆)၊ အထွတ်အထိပ် (၁၉၈၇) စသည်တို့ကို ထုတ်ဝေခဲ့သည်။
၎င်းရေးသားခဲ့သည့် လွယ်အိတ် တစ်လုံးနှင့် ရွာစဉ်လည် (မိုးဝေနှင့် အခြား မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာ မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများသည် အထူးထင်ရှားခဲ့သည်။
သူသည် မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်းခေတ် သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓန မဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်း တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ထို့အပြင် မန်းတက္ကသိုလ် ကလောင်ရှင် အသင်း အမှုဆောင်၊အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်၊ မန္တလေးအသင်းအမှုဆောင်၊ မြန်မာနိုင်ငံရုပ်ရှင်ကောင်စီ ဗဟိုအမှုဆောင် အဖြစ်လည်း တာဝန် ယူခဲ့သည်။
ရုပ်ရှင်၊ ဗီဒီယို
[ပြင်ဆင်ရန်]ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ အချစ်ဆုံးမုန်းသူ (ဝတ္ထု၊ မောင်သိန်းဆိုင်)၊ မုန်းရစ်လေဦး (ဝတ္ထု၊ တက္ကသိုလ်ဘုန်းနိုင်)၊ ချစ်လိုက်တာ မသည်းအူရယ် အပါအဝင် ဇာတ်ညွှန်းပေါင်း များစွာ ရေးသားခဲ့သည်။ ကျနော့်နာမည် ကျော်ကျော် (ကျော်ဟိန်း၊ တင်တင်ညို)၊ မှုန်နံ့သာ ခြယ်ကာသပါလို့ (တွံတေးသိန်းတန်၊ တင်တင်ညို)၊ သက်ထားဆိုသော မိန်းမချော (ထွန်းဝေ၊မြတ်မွန်)၊ ဆောင်းမှာတွေ့သော မိန်းကလေး (ညွန့်ဝင်း၊ တင်တင်ညို)၊ စံရွှေမြင့် လေးခင်ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ တယ်တညင် (ကောလိပ်ဂျင်နေဝင်း၊ တင်တင်နွဲ့)၊ မမလေး ပန်စရာ (ကောလိပ်ဂျင် နေဝင်း၊ ချိုပြုံး၊ မြင့်မြင့်ခိုင်)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ)၊ တကယ် ချစ်ရဲ့လား (ဇော်လင်း၊ စန္ဒာ)၊ ကျမမှာ ချစ်သူရှိတယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်စွာဝင်း၊ ချော)၊ လွှတ်လပ်မှ အမျှဝေပါ (ကျော်ဟိန်း၊လင်းထင်၊ဆွေဇင်ထိုက်)၊ အပါအဝင် ရုပ်ရှင်ကားများစွာကိုလည်း ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။
ဗီဒီယို ခေတ်ဦးတွင် ရှက်လည်း ရှက်တယ်၊ ချစ်လည်း ချစ်တယ် (ဇော်ဝမ်း၊ သုမောင်) နှင့် ချစ်မိခဲ့ပြီ (နေအောင်၊ ဆွေဇင်ထိုက်) ဗီဒီယို ကားများကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။
ပန်းချီ
[ပြင်ဆင်ရန်]၂ဝဝ၅၊ ဒီဇင်ဘာလ တွင် ရန်ကုန်မြို့ AZADA ပြခန်း၌ Emotion တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်ခဲ့သည်။၂ဝဝ၆၊ ဒီဇင်ဘာလတွင် မန္တလေးမြို့၊ ပံသုစန္ဒာ ပန်းချီ ပြခန်း၌ Emotion တကိုယ်တော် ပန်းချီပြပွဲ ခင်းကျင်း ပြသခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]၁၉၅၈-၅၉ ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွင် အမှုဆောင်အဖြစ်တာဝန်ယူခဲ့သည်။[၄] ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ (ဗိုလ်နေဝင်း) တက်လာသည့်အချိန်တွင် ထိမ်းသိမ်းခံခဲ့ရသည်။၁၉၈၈ ခုနှစ် မြန်မာ့ပြည်သူတရပ်လုံးပါဝင်သည့် လူထုအုံကြွမှု (၈၈၈၈) တွင် စာရေးဆရာများသမဂ္ဂများအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့သည်။ ဦးဝင်းတင် ဥက္ကဋ္ဌ၊ ဦးသော်က (ဒုဥက္ကဋ္ဌ)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး၊ ဗဟိုကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ပြီးကာ ပြန်ကြားရေးတာဝန်ယူခဲ့သည်။၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်အကျယ်ချုပ် ဖမ်းဆီးချိန်တွင် အဖမ်းခံခဲ့ရပြီး ထောင် ၃ နှစ်ကျခဲ့သည်။
၁၉၉၂ ခုနှစ်တွင်ပြန်လည်လွှတ်မြောက်လာခဲ့သည်။၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်တွေ့ဆုံကာ နိုင်ငံရေးပြန်လည်လုပ်ဆောင်ခဲ့သည်။၁၉၉၆ ခုနှစ်တွင် နောက်တချိန်ပြန်လည်ဖမ်းခံခဲ့သည်။ထို့နောက် ၂၀၀၀ပြည့်နှစ်၊ဇန်နဝါရီတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။[၅]
မိသားစု
[ပြင်ဆင်ရန်]၁၉၆၀ ခုနှစ်တွင် ဒေါ်အမာကြည်(မအမာ) နှင့် အိမ်ထောင်ကျခဲ့သည်။ သားသမီး သုံးယောက်ထွန်းကားခဲ့သည်။ ၁၉၆၁ ခုနှစ်သားကြီး ဖြစ်သူ မောင်ထွန်းမြတ်ဦး၊ ၁၉၆၃ ခုနှစ်တွင်သမီး မအေးသီတာ၊ ၁၉၇၃ ခုနှစ်သားငယ် မောင်ညီညီမိုးသူ ကိုမွေးဖွားခဲ့သည်။၁၉၉၉ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် မောင်မိုးသူ၏ ဇနီး ကွယ်လွန်ခဲ့သည်။သူသည် အကျဥ်းထောင်ထဲ ထောင်ဒဏ်ကျခံနေရချိန်ဖြစ်သည်။သို့သော်လည်း အသုဘ အခမ်းအနားသို့ ထောင်တွင်းမှ ခေတ္တ လာရောက် အသုဘ ရှုခွင့် ရရှိခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၁ ခု၊ စက်တင်ဘာလ ၁ ရက် အသက်(၈၄)နှစ် တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ [၆] [၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဟံသာဝတီဦးဝင်းတင်နှင့် မောင်မိုးသူ။ Myanmar Digital News (၁၁ ဇူလိုင် ၂၀၁၉)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဆရာကြီး “မောင်မိုးသူ” ကောင်းရာသုဂတိမှာ ငြိမ်းချမ်းပါစေ။ The Irrawaddy (၅ စက်တင်ဘာ ၂၀၂၁)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးကာတွန်းလောကနှင့် မောင်မိုးသူ။ Myanmar Digital News (၁၃ ဩဂုတ် ၂၀၁၉)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဆရာဒဂုန်တာရာနှင့်မောင်မိုးသူ။ မိုးမခ (၂၆ အောက်တိုဘာ ၂၀၁၉)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ အသက် (၈၁) နှစ်ပြည့်မွေးနေ့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်။ မိုးမခမဂ္ဂဇင်း (၁၇ မေ ၂၀၁၈)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်။ Eleven News (၂ စက်တင်ဘာ ၂၀၂၁)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ထင်ရှားသည့် စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်။ DVB (၂ စက်တင်ဘာ ၂၀၂၁)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။