မောင်စူးစမ်း (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
မောင်စူးစမ်း
အမည်ရင်းဦးချမ်းအေး
မွေးဖွားဦးတင်ရွှေ
(1927-09-24)စက်တင်ဘာ ၂၄၊ ၁၉၂၇
ကွယ်လွန်ဇူလိုင် ၁၈၊ ၂၀၁၇(2017-07-18) (အသက် ၈၉)
အလုပ်အကိုင်စာရေးဆရာ၊ နိုင်ငံရေးသမား
နိုင်ငံလူမျိုးမြန်မာ
ပညာရေးဥပဒေဘွဲ့ (ရန်ကုန်တက္ကသိုလ်)
အိမ်ထောင်ဖက်ဒေါ်သန်းသန်း၊ ဒေါ်ခင်ချစ်

အဖ ဦးလှိုင်၊ အမိ ဒေါ်စိန် တို့မှ ၁၉၂၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ ငယ်နာမည် ဦးတင်ရွှေ၊ ကလောင် နာမည် မောင်စူးစမ်း၊ တောတွင်း နာမည် ဦးထွန်းဖေ (ခေါ်) ဦးချမ်းအေးသည် ကန်တော်ကလေး မြူကျောင်း၊ ဗဟို အစိုးရ အထက်တန်းကျောင်း (အ.ထ.က(၁)လသာ) တို့တွင် စစ်မဖြစ်မီက ပညာ သင်ကြားခဲ့၍ ၁၉၄၁ ခုနှစ်တွင် ၈ တန်း အောင်မြင် ခဲ့သည်။ ၁၉၃၈ - ၃၉ ခုနှစ်၊ ကျောင်းသား သပိတ်နှင့် အစာငတ်ခံ တိုက်ပွဲများတွင် တန်းမြင့် ကျောင်းသား ခေါင်းဆောင်၊ ၁၉၄၃ ခုနှစ်တွင် မင်္ဂလာဒုံ မူလတန်း စစ်တက္ကသိုလ် (ယောနင်း) အပတ်စဉ် (၁) သို့ တက်ရောက် ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဖက်ဆစ် တော်လှန်ရေးတွင် သာယာဝတီ၊ ဥက္ကံနှင့် ပဲခူး ခရိုင် တို့တွင် ပြောက်ကျား ခေါင်းဆောင်၊ ၁၉၄၅ - ၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သည်။

၁၉၄၆ - ၄၇ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား၊ ဗကသ တွဲဖက် အတွင်းရေးမှူး၊ အထွေထွေ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ ၁၉၄၉ ခုနှစ်တွင် ဝိဇ္ဇာ (ခ) ဘောဂဗေဒ ဂုဏ်ထူးတန်း တက်နေစဉ် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တောခိုရာသို့ လိုက်ပါ သွားခဲ့သည်။

ထိုစဉ် ဦးချမ်းအေးသည် ရန်ကုန် ခရိုင် ဗကပ ယူဂျီ အဖြစ်နှင့် ရန်ကုန်သို့ မကြာခဏ ရောက်၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးမှ ကျောင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း၊ ဗကပ၏ သဘောထားကို ညွှန်ကြားစဉ် ဦးချမ်းအေးအား ၁၉၅၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖဆပလ အစိုးရနှင့် စေ့စပ် ဆွေးနွေးရန် ဗကပ ကိုယ်စားလှယ် အဖြစ် တာဝန်ပေး စေလွှတ်သည်။ စေ့စပ် ဆွေနွေးရာတွင် ဗကပ ဗဟိုက နိုင်ငံရေး အခြေခံဖြင့် ပြုလုပ်ရန် ညွှန်ကြားသော်လည်း ဦးချမ်းအေးက မလိုက်နာ သဖြင့် တိုင်းကော်မတီ အဆင့် တာဝန်မှ ရုပ်သိမ်းပြီး ပါတီဝင် အဖြစ်မှလည်း ၉ လ ရပ်စဲ ထားခဲ့သည်။ ထိုအခါ ဦးချမ်းအေးက ပါတီမှ နုတ်ထွက်ခွင့် ပြုရန် ဗကပသို့ စာရေး တင်ပြရာ ဗဟိုက လက်မခံ ခဲ့ပေ။

ထိုအချိန် ခွင့်ဖြင့် နေထိုင်စဉ် ဦးချမ်းအေးသည် စစ်တမ်း တစောင် (နောင်တွင် ချမ်းအေး စစ်တမ်းဟု အမည် တွင်ခဲ့သည်) ကို ပြုစုပြီး ဗကပ ဗဟိုသို့ တင်ပြ ခဲ့သည်။ ထိုစစ်တမ်း၏ အနှစ်သာရမှာ ဗကပ ဗဟို၏ ၄၈ ခုနှစ်၊ ဇန်နဝါရီလ လမ်းစဉ် ဖြစ်သော လက်နက် ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပြန်လည် သုံးသပ်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ပါလီမန် ဒီမိုကရေစီ နည်းအရ တိုက်ပွဲဝင်ရန် ဖြစ်သည်။ ထိုလမ်းစဉ်ကို ဗကပ ဗဟိုက လက်မခံ ပယ်ချ ခဲ့သည်။

၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့တွင် လျှို့ဝှက် လှုပ်ရှားလျက် ရှိသော ဦးချမ်းအေးကို တပ်မတော် ထောက်လှမ်းရေးက ဖမ်းဆီး ရမိခဲ့သည်။ ထိုစဉ် ဦးချမ်းအေးသည် ဖဆပလ အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဝင်း ထံသို့ ချမ်းအေး စစ်တမ်းကို တင်ပြခဲ့သည်။ ယင်း စစ်တမ်းကြောင့် ရဲဘော် ချမ်းအေး အမြင်မှန် ရသွားပြီဟု ဖဆပလ အစိုးရက ယုံကြည်ကာ ၁၉၅၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ခံဝန် ကတိဖြင့် ပြန်လွှတ် ပေးပြီး ထိုနေ့မှာပင် အစိုးရ ခွင့်ပြုချက်ကြောင့် သတင်းစာ ဆရာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခွင့် ပေးခဲ့သည်။ ၎င်းတင်ပြသော ချမ်းအေး စစ်တမ်း ကိုလည်း ပုံနှိပ် ထုတ်ဝေခွင့် ပြုခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဥပဒေဘွဲ့ ရယူပြီး ဥပဒေ ပညာရှင်၊ စာရေး ဆရာနှင့် သတင်းစာ ဆရာ၊ ၁၉၅၇ - ၅၈ ခုနှစ်တွင် ဖဆပလ ဝန်ကြီး မြန်မာ့ အလင်း ဦးတင်၏ စီစဉ်ပေးချက် အရ မြန်မာ့ အလင်း သတင်းစာတွင် စီးပွားရေး အယ်ဒီတာ ဖြစ်ခဲ့သည်။ ဝန်ကြီးဟောင်း ဦးထွန်းဝင်း (တည်မြဲ ဖဆပလ) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော ဗဟို လက်ကား သမဝါယမ အသင်းတွင် ဦးထွန်းဝင်း၏ ဖိတ်ခေါ်ချက် အရ သမဝါယမ သင်တန်း ကထိက တာဝန် တို့ကို ဆောင်ရွက် ခဲ့သည်။ စံတော်ချိန် သတင်းစာကို အယ်ဒီတာချုပ် ဦးစီး ထုတ်ဝေရန် စီစဉ် ခဲ့သော်လည်း ထို သတင်းစာမှာ မထုတ်ဖြစ် ခဲ့ပေ။

ယင်းသို့ ဆောင်ရွက်စဉ် ဦးထွန်းဝင်းနှင့် နိုင်ငံရေး ကိစ္စများ ငြင်းခုံ ဆွေးနွေးရာမှ ဦးချမ်းအေးသည် ဗကပ ရပ်တည်ချက် အတိုင်း ရပ်တည်ချက် မပြောင်းလဲ၊ တည်မြဲ ဖဆပလ ကိုလည်း စော်ကား ပုတ်ခတ်သည်ဟု ဆိုကာ ၁၉၆ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် အလုပ်မှ ရပ်စဲခဲ့သည်။

၁၉၆၁ - ၆၂ ခုနှစ်တွင် မှန်နန်း စီးပွားရေး သတင်းစဉ် (နေ့စဉ်ထုတ်) နှင့် မှန်နန်း ဂျာနယ် (အပတ်စဉ်) တို့တွင် အယ်ဒီတာချုပ် တာဝန် ယူခဲ့သည်။ ယင်းမှန်နန်း ဂျာနယ်သည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အာဏာ သိမ်းခဲ့သော ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ၏ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ကြိုဆိုကြောင်း ထောက်ခံ ရေးသား ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် တော်လှန်ရေး အစိုးရ ပြန်ကြားရေး၊ သမဝါယမနှင့် အမျိုးသား စီမံကိန်း ဝန်ကြီး ဌာန တို့တွင် အထူး အရာရှိ၊ ထိုမှ စီးပွားရေး တက္ကသိုလ် ကျောင်းသုံး ဆိုရှယ်လစ် ဘောဂဗေဒ စာအုပ်ကို ဦးတင်ရွှေ (ဘီအေ၊ ဘောဂဗေဒ ဂုဏ်ထူး၊ ဘီအယ်လ်) အမည်ဖြင့် ပြုစုခဲ့သည်။ ထို့ပြင် နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ် ဒါရိုက်တာ လူကြီး၊ စီးပွားရေး တက္ကသိုလ် ပညာရေး အဖွဲ့ဝင်၊ ပြင်ပ ကထိက စာစစ်မှူး တာဝန် တို့ကို ဆောင်ရွက် ခဲ့သည်။ တော်လှန်ရေး အစိုးရ၏ အစီအစဉ်ဖြင့် ဂျီနီဗာ ကူးသန်း ရောင်းဝယ်ရေး အဖွဲ့ဝင်များ အစည်းအဝေးနှင့် ၁၉၆၄ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သမဝါယမ နှီးနှော ဖလှယ်ပွဲ တို့ကို တက်ရောက် ခဲ့သည်။

၁၉၆၆ ခုနှစ်တွင် စီးပွားရေး စီမံကိန်းများ ရေးဆွဲခြင်းနှင့် ပတ်သက်၍ တော်လှန်ရေး ကောင်စီနှင့် အယူအဆ မကိုက်ညီ သဖြင့် အလုပ်မှ နုတ်ထွက်၍ မော်လမြိုင်သို့ ပြောင်းရွှေ့ ပြီးနောက် ဗဟို တရားရုံး ရှေ့နေ အဖြစ် အသက်မွေးရင်း မောင်းစူးစမ်း အမည်ဖြင့် စာများ ရေးသားခဲ့သည်။

၁၉၇ဝ ပြည့်နှစ်တွင် ပထမ ဇနီး ဒေါ်သန်းသန်း ကွယ်လွန် သွား၍ ယခု လက်ရှိ ဇနီး ဒေါ်ခင်ချစ် (အလယ်တန်းပြ ဆရာမ၊ ယခု အငြိမ်းစား) နှင့် ၁၉၇၃ ခုနှစ်တွင် လက်ထပ် ခဲ့သည်။ ဇနီးသည် ဒေါ်ခင်ချစ်နဲ့ သမီး တဦး ထွန်းကားခဲ့သည်။

၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်၍ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်၊ ဗဟို ဦးစီး အဖွဲ့ဝင်၊ မွန်ပြည်နယ် စည်းရုံးရေးမှူး တာဝန်တို့ ယူခဲ့သည်။

ဦးချမ်းအေးသည် မော်လမြိုင် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ ၃၆,၅ဝ၈ မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း ၇၃.၂ ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဂန္ဒီ ဆုံးဖြတ်ချက် အတိုင်း လွှတ်တော် ခေါ်ယူခွင့် မရလျှင် လုပ်ဆောင် သင့်သည့် နည်းလမ်း သုံးသွယ် စာတမ်းကို တိုင်ပင် ဆွေးနွေး ရေးသား ပြုစုရာတွင် ပါဝင်ခဲ့သည့် အတွက် နဝတ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။

၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ (၅) (က) (ခ) (ည) အရ ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရ၍ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁ (ည) နှင့် ငြိစွန်း သဖြင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ကြောင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်မှ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ကြေညာခဲ့သည်။ နောင် ၁ဝ နှစ် အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ များ၌ ပါဝင် ယှဉ်ပြိုင်ခွင့် ကိုလည်း ပိတ်ပင်ခဲ့သည်။

၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဦးချမ်းအေး ကိုင်ဆောင်သည့် တရားရုံးချုပ် ရှေ့နေ လိုင်စင် အမှတ် - ၁၁၃၁ အား ရုပ်သိမ်းခြင်း ခံခဲ့ရပြီး ရှေ့နေ အဖြစ်မှပါ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှလည်း မူအရ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပါတီဝင် အဖြစ်မှ ထုတ်ပယ် ပေးခဲ့ရသည်။

၁၉၉၂ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လွတ်သည်။

ယခု အခါ စာတမ်း ဖတ်ပွဲများ၊ စာပေ ဟောပြောပွဲများ၊ စီးပွားရေး လုပ်ငန်း များနှင့် ပတ်သက်သည့် များတွင် စီးပွားရေး ကဏ္ဍနှင့် စပ်လျဉ်းသည့် သဘောတရား ရေးရာ များနှင့် အတွေ့အကြုံ များကို ပွင့်လင်းစွာ ဟောပြော ပို့ချ ဆွေးနွေးခဲ့သည်။

ဓန၊ ရနံသစ်၊ နွယ်နီ၊ အတွေးအမြင်၊ Executive၊ စံပယ်ဖြူ၊ စတိုင်သစ်၊ Business စသည့် လစဉ်ထုတ် မဂ္ဂဇင်းများ၊ ဈေးကွက်၊ စာဖတ်သူ၊ ကုမုဒြာ၊ 7 Day News၊ ခေတ်ဆန်း၊ အကျိုးဆောင် စသည့် အပတ်စဉ်ထုတ် ဂျာနယ် များ၌ ပြည်တွင်း စီးပွားရေး၊ နိုင်ငံတကာ စီးပွားရေး တို့နှင့် စပ်လျဉ်းသည့် အတွေးအမြင်၊ ဘာသာပြန်နှင့် ပင်ကိုရေး ဆောင်းပါးများ စဉ်ဆက်မပြတ် ရေးသားခဲ့သည်။ စာရေးဆရာမောင်စူးစမ်းသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်ကလေး၊ မန္တလေးလမ်းရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရေနံချောင်း အမှတ် (၂) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ကျော်ဟန် စုစည်း ပြုစုပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေး ကော်မတီက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ (၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့) "ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း" စာအုပ် အခြေခံကာ စာရေးဆရာ မောင်စူးစမ်း အကြောင်း စုစည်း တင်ပြထားတာ ဖြစ်ပါတယ်။