မာတိကာသို့ ခုန်သွားရန်

မောင်ကိုကို (ဂီတလုလင်)

ဝီကီပီးဒီးယား မှ
ဂီတလုလင် မောင်ကိုကို
အကယ်ဒမီများရှင် ဂီတလုလင်ဦးကိုကို
ဂီတလုလင် မောင်ကိုကို (၁၉၂၈–၂၀၀၇)
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းကိုကို
မွေးဖွား(1928-11-12)နိုဝင်ဘာ ၁၂၊ ၁၉၂၈
ဘိုကလေးမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ
ကွယ်လွန်အောက်တိုဘာ ၁၀၊ ၂၀၀၇(2007-10-10) (အသက် ၇၈)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
အလုပ်အကိုင်တေးရေးဆရာ၊ ဂီတပညာရှင်၊ ပါမောက္ခ
တက်ကြွသည့်နှစ်များ၁၉၃၉–၂၀၀၇

ဂီတလုလင် မောင်ကိုကို (သို့မဟုတ်) ဦးကိုကို (၁၂ နိုဝင်ဘာ ၁၉၂၈ – ၁ဝ အောက်တိုဘာ ၂၀၀၇) သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) သုံးဆုရှင်၊ ဂုဏ်ထူးဆောင် ဂီတပါရဂူဘွဲ့ (Doctor of Music)ရ မြန်မာ့ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်သည်။ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ်တေးဂီတကို နိုင်ငံတကာသို့ စနစ်တကျ ဆင့်ပွားမိတ်ဆက်ပေးခဲ့သည့်အပြင် ကိုယ်တိုင်ရေးစပ်သီကုံးခဲ့သော တေးသီချင်းပေါင်း တစ်သောင်းကျော်ဖြင့် မြန်မာ့ယဉ်ကျေးမှု ဂီတလောကကို အလုပ်အကျွေးပြုခဲ့သူလည်း ဖြစ်သည်။[၁]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဂီတလုလင် မောင်ကိုကိုအား ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၌ အဖ ဦးဘသင်နှင့် အမိ ဒေါ်ဖွားသိန်းတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။ ဒုတိယမြောက်အစ်ကိုဖြစ်သူ ဗိုလ်ကလေးတင့်အောင်သည်လည်း မြန်မာ့ဂီတနှင့် စာပေလောကတွင် ထူးချွန်ထက်မြက်သည့် ထင်ရှားသော အနုပညာရှင်ကြီးတစ်ဦး ဖြစ်သည်။[၂]

၁၉၃၉ ခုနှစ်တွင် ဂီတလုလင် မောင်ကိုကိုသည် ဂီတပညာရပ်များကို ရန်ကုန်မြို့၌ ဖွင့်လှစ်သော ပန်းချီနှင့် တူရိယာသင်တန်းကျောင်းတွင် စတင်ဆည်းပူးသင်ကြားခဲ့ပြီး အနုပညာလောကသို့ ခြေချခဲ့သည်။[၃]

အနုပညာလှုပ်ရှားမှုနှင့် သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၄ဝ ပြည့်နှစ်တွင် အသံလွှင့်ခြင်း လုပ်ငန်းများနှင့် ကိုလံဘီယာ ဓာတ်ပြားသွင်းခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ်မှစ၍ ခေတ်စားခဲ့သော အသံတိတ် ရုပ်ရှင်ဇာတ်ကားများတွင် တီးဝိုင်းခေါင်းဆောင်အဖြစ် လိုက်လံတီးမှုတ်ပေးခဲ့သည်။ ၁၉၄၅-၁၉၄၆ ခုနှစ်များတွင် ပြဇာတ်တီးဝိုင်းခေါင်းဆောင်အဖြစ် လည်းကောင်း၊ မြေပဒေသာပြဇာတ်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြဇာတ်၊ အလုပ်သမားနေ့ပြဇာတ်၊ တောင်သူလယ်သမားနေ့ပြဇာတ်နှင့် တပ်မတော်နေ့ပြဇာတ်များတွင် ဂီတဒါရိုက်တာ၊ တေးဂီတရေးစပ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]

၁၉၄၇ ခုနှစ်မှစတင်ကာ အသံထွက်ရုပ်ရှင်ဇာတ်ကားများတွင် တေးဂီတမှူးနှင့် တီးဝိုင်းခေါင်းဆောင်အဖြစ် ရပ်တည်လှုပ်ရှားခဲ့ပြီး မိမိကိုယ်ပိုင် "ဂီတလုလင် တီးဝိုင်း" ကိုလည်း တည်ထောင်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်၌ ဝင်းဝင်းပြဇာတ်အဖွဲ့တွင် တေးဂီတဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ထွက်ရှိခဲ့သော ထင်ရှားသည့် မှုံရွှေရည် ရုပ်ရှင်ဇာတ်ကားတွင် ဂီတဒါရိုက်တာအဖြစ် ပါဝင်ကာ ဆန်းသစ်သော ဂီတလုပ်ကွက်များစွာဖြင့် ပံ့ပိုးပေးခဲ့သော်လည်း ထိုခေတ်ကာလမှာ ဂီတအတွက် အကယ်ဒမီဆု ပေးအပ်ခြင်းမရှိသေးသဖြင့် ဆုနှင့်လွဲချော်ခဲ့ရသည်။

ဆရာကြီးသည် ရုပ်ရှင်တေးဂီတအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော် ဆင်ဖိုနီတီးဝိုင်း (National Symphony Orchestra) ဖြစ်မြောက်ရေးအတွက် အခြေခံအုတ်မြစ်ချ ပျိုးထောင်ပေးခဲ့ကာ ဂီတဖွဲ့စည်းမှုများကို ရေးသားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မြန်မာနိုင်ငံ ဂီတကောင်စီ ဗဟိုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၌ "ဝဇီရာ ပြဇာတ်အဖွဲ့ကြီး" ကို ဦးဆောင် ဖွဲ့စည်း တင်ဆက်ခဲ့သည်။

နိုင်ငံတကာ ဂီတလှုပ်ရှားမှုများနှင့် ပါမောက္ခဘဝ

[ပြင်ဆင်ရန်]

ဆရာကြီး ဦးကိုကိုသည် မြန်မာ့ဂီတကို ကမ္ဘာကသိစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၆၀ ပြည့်နှစ် တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသော တရုတ်-မြန်မာ နယ်နိမိတ် လက်မှတ်ရေးထိုးပွဲသို့ ရုပ်ရှင်ပြဇာတ် အနုပညာရှင်များနှင့် ကာလပေါ်တေးဂီတအဖွဲ့ဝင်များကို ဦးဆောင်ကာ သွားရောက်ဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ၁၉၉၃ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ Asian Cultural Council of New York၊ Northern Illinois University၊ University of Wisconsin-Madison၊ Illinois Wesleyan University၊ Kent State University (Ohio)၊ Wesleyan University၊ Yale University (Connecticut)၊ University of California, Berkeley နှင့် ကနေဒါနိုင်ငံ University de Montreal တို့တွင် ဧည့်ပါမောက္ခ (Visiting Professor) အဖြစ် ဖိတ်ကြားခံရပြီး မြန်မာ့ဂီတနှင့် တူရိယာများအကြောင်းကို ဘွဲ့လွန်နှင့် မဟာဘွဲ့လွန်သင်တန်းများတွင် ပို့ချသင်ကြားပေးခဲ့သည်။ ထို့အပြင် ၁၉၉၄ မှ ၂၀၀၀ ပြည့်နှစ် အတွင်း မင်းကွန်းဆရာတော်ကြီး ဖွဲ့စည်းပေးခဲ့သော တိ-နိ အနုပညာရှင်အဖွဲ့ကို ဦးဆောင်၍ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သာသနာတော်ပြန့်ပွားရေးနှင့် ဗုဒ္ဓပူဇော်ပွဲများအတွက် သွားရောက်ခဲ့သလို၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဂျပန်နိုင်ငံသို့လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပသော နှစ် (၃၀) ပြည့် အာဆီယံဂီတပွဲတော်သို့ မြန်မာအနုပညာရှင်အဖွဲ့ကို ဦးဆောင်၍လည်းကောင်း အသီးသီး သွားရောက်ခဲ့သည်။ ယင်းအပြင် အခြားနိုင်ငံများအနေဖြင့် ဂျာမနီနိုင်ငံ ကိုလုံးမြို့တက္ကသိုလ်တွင် မြန်မာ့ဂီတပညာရပ်များ ဟောပြောပို့ချ သရုပ်ပြခဲ့ပြီး ဂျာမန်အသံလွှင့်ဌာန D.W ရုပ်မြင်သံကြားတွင်လည်း ရိုက်ကူးထုတ်လွှင့်ခဲ့ကာ ဘာလင်မြို့နှင့် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တို့တွင်ပါ မြန်မာ့ဂီတဆိုင်ရာ ဟောပြောသရုပ်ပြပွဲများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။[၅]

နိုင်ငံတော်တာဝန်များနှင့် စာပေလုပ်ငန်းများ

[ပြင်ဆင်ရန်]

ဆရာကြီးသည် ပြန်ကြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုတက္ကသိုလ်၏ ယဉ်ကျေးမှုကော်မတီဝင်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဂီတ အစည်းအရုံးတို့၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန၏ တေးဂီတစိစစ်ရေးအဖွဲ့ဝင်၊ ပြဇာတ်ကဇာတ်နှင့် စင်တင်အနုပညာရှင်များ စိစစ်ရေးအဖွဲ့ဝင်၊ ကျေးလက်တေးများ ရှာဖွေဖော်ထုတ်ရေး ခေါင်းဆောင်၊ နှစ်စဉ်ကျင်းပသော ဆိုကရေးတီးပြိုင်ပွဲ၏ အတီးပြိုင်ပွဲဥက္ကဋ္ဌ တာဝန်များကို နှောင်းခေတ်အထိ ထမ်းဆောင်ခဲ့သည်။ နေ့စဉ်ထုတ် သတင်းစာများနှင့် လစဉ်ထုတ် မဂ္ဂဇင်းများတွင်လည်း တေးဂီတနှင့် အငြိမ့်ပြဇာတ်ဆိုင်ရာ ဆောင်းပါးများစွာ ရေးသားခဲ့သည်။[၆]

ဆုတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ

[ပြင်ဆင်ရန်]
နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည့် ဆုတံဆိပ်များနှင့် ဘွဲ့များ
စဉ် ခုနှစ် ဆုတံဆိပ် / ဘွဲ့အမည် နှင့် အကြောင်းအရာ
၁ ၁၉၉၁ မယ်သီတာလို မိန်းကလေး ဇာတ်ကားဖြင့် အကောင်းဆုံးတေးဂီတ ရုပ်ရှင်ထူးချွန်ဆု
၂ ၁၉၉၄ တိုက်ပွဲခေါ်သံ ဇာတ်ကားဖြင့် အကောင်းဆုံးတေးဂီတ ရုပ်ရှင်ထူးချွန်ဆု
၃ ၁၉၉၆ တိုက်ပွဲခေါ်သံ ဇာတ်ကားဖြင့် လူမှုထူးချွန်-ပထမအဆင့်
၄ ၂ဝဝ၂ ဆန်ရေ ဇာတ်ကားဖြင့် အကောင်းဆုံးတေးဂီတ ရုပ်ရှင်ထူးချွန်ဆု
၅ ၂ဝဝ၄ ဝိဇ္ဇာပညာ ထူးချွန် (ပထမအဆင့်)
၆ ၁၀ ဩဂုတ်၂ဝဝ၇ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပညာရေးအဖွဲ့၏ ဂုဏ်ထူးဆောင် ဂီတပါရဂူဘွဲ့

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဆရာကြီးသည် ဘဝနောက်ဆုံးအချိန်၌ ရန်ကုန်တက္ကသိုလ် ဂျပ်ဆင်ဘုရားကျောင်း စိန်ရတုအတွက် ခရစ်ယာန်ဓမ္မတေး ၁ဝ ပုဒ်ကို နောက်ဆုံးသီချင်းအဖြစ် ရေးစပ်ပေးခဲ့သည်။ ဗီဒီယိုဇာတ်ကားဖြစ်သော 'အရုဏ်တက်လေး ညဉ့်နက်လေ' အတွက် နောက်ခံတေးဂီတ တီးခတ်ပေးခဲ့ပြီး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် အောင်ခြင်းရှစ်ပါးသီချင်းနှင့် မေတ္တာပို့တေးသီချင်းများ ရေးသားနေဆဲကာလ၊ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁ဝ) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈ဝ) နှစ်ရှိပြီဖြစ်ပြီး သားတစ်ယောက်နှင့် သမီးလေးယောက် ကျန်ရစ်ခဲ့သည်။[၇]

ဆရာကြီး၏ ဘဝကောက်နုတ်ချက် အမှတ်တရ စာစုတွင်–

ဂီတမှာ သံစဉ်ရွေးချယ်မှု၊ ဟန်ချက် ရွေးချယ်မှု၊ တေးသွားရွေးချယ်မှု အဆင်ပြေမှ ဂီတဖန်တီးမှုတစ်ခု ဖြစ်မယ်၊ လူရယ်လို့ဖြစ်လာရင်လည်း အထက်ကလို ဘက်စုံကောင်းလာမှ ဘဝမှာ သာယာမှာပါ

— ဂီတလုလင် မောင်ကိုကို

ကွယ်လွန်ခြင်း (၉) နှစ်ပြည့် အမှတ်တရအဖြစ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် M3 Food Center ၌ “ဂီတဝင်္ကပါထဲက ဂီတလုလင်” အမှတ်တရစာအုပ်နှင့် သီချင်း ၁၅ ပုဒ်ပါ စီဒီတစ်ချပ်ကို ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်တွင် အစ်ကိုဖြစ်သူ ဗိုလ်ကလေးတင့်အောင် အပါအဝင် ချစ်ဦးညို၊ ရွှေနန်းတင်၊ ကိုမင်းနောင်၊ မာမာအေး၊ နွဲ့ယဉ်ဝင်း၊ ဆွေဇင်ထိုက်၊ ဦးကြည်စိုးထွန်း စသည့် ထင်ရှားသော အနုပညာရှင်ပေါင်း ၃၅ ဦးတို့၏ အမှတ်တရ စာစုများနှင့် ဓာတ်ပုံများ ပါဝင်စုစည်းထားရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ‘မှုံရွှေရည်’ရုပ်ရှင်ဇာတ်ကား စကားဝိုင်းဆွေးနွေးပွဲ။ 12 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ↑ Garfias, Robert. "Tonal Structure in Burmese Music as Exemplified in the Piano Music of U Ko Ko".
  3. ↑ Burmese Spirit Mediumship | A collaborative online course unit with SUNY New Paltz and Gitameit Music Institute။ 2026-07-28 တွင် ပြန်စစ်ပြီး။
  4. ↑ Gita Lulin Maung Ko Ko - For Music Lover (in en) (2000)။ 2026-07-28 တွင် ပြန်စစ်ပြီး။
  5. ↑ The Burmese Musician U Ko Ko။ 2026-07-28 တွင် ပြန်စစ်ပြီး။
  6. ↑ ဂီတလုလင် မောင်ကိုကို discography - RYM/Sonemic (in en)။ 2026-07-28 တွင် ပြန်စစ်ပြီး။
  7. ↑ ဂီတလုလင် မောင်ကိုကို ကွယ်လွန်ခြင်း ကိုးနှစ်ပြည့် အမှတ်တရအဖြစ် ထုတ်ဝေသည့် ‘ဂီတဝင်္ကပါထဲက ဂီတလုလင်’ စာအုပ်မိတ်ဆက်ပွဲပြုလုပ် (in my)။ 2026-07-28 တွင် ပြန်စစ်ပြီး။