မောင်ကို

ဝီကီပီးဒီးယား မှ

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)၊ ပါလီမန်အမတ်တစ်ဦးဖြစ်သော ဦးမောင်ကို အား၁၉၂၃ခုနှစ်မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင်ကျောင်းဆရာကြီးဦးမှီ၊ မိခင်ဒေါ်သင်တို့ကဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူဦးမှီ မှာဗန့်ကျီတိုက်နယ်မြို့ဝန်၊ တိုက်သူကြီးရိုးဖြစ်သည်။ ဗန့်ကျီဝန်ဦးထောင်ဘို၊ ဗန့်ကျီတိုက်သူကြီးဦးရောက်တို့မှာ၎င်း၏ဘေးဘီများဖြစ်သည်။ မိခင်ဖြစ်သူဒေါ်သင်မှာအမရပူရမြို့သူဖြစ်ပြီးဘိုးတော်ဘုရား(ဗဒုံမင်း)၏အမှု့ထမ်းစစ်ကဲဦးစုနှင်ဦးယုညီအစ်ကိုနှစ်ဦး၏မျိုးဆက်ဖြစ်သည်။ မြန်မာသက္ကရာဇ်၁၁၄၆ခုနှစ်ဘိုးတော်ဘုရားကရခိုင်ဓညဝတီပြည်သို့သိမ်းပိုက်အောင်မြင်ရာ၌၎င်းစစ်ကဲညီအစ်ကိုနှစ်ဦးလည်းပါဝင်ခဲ့သည်။ ထိုစစ်ကဲညီအစ်ကိုရခိုင်ပြည်သို့ရောက်ရှိခိုက်ရခိုင်သူနှစ်ဦးနှင့်စုံဖက်ပြီးအမရပူရနေပြည်တော်သို့ပြန်လည်အခြေချနေထိုင်ခဲ့သည်။ အမရပူရနန်းတွင်းနှင့်ရတနာပုံနေပြည်တော် အထိ အမှု့ထမ်းခဲ့ကြသည်။ မန္တလေးမြို့၊ ရွေကျေးမြင်ဘုရား ဝန်းကျင်တွင်ထိုစစ်ကဲညီအစ်ကို၏မျိုး ဆက်များကို နေရာချ ထားပေးခဲ့သည်။ ထိုမျိုးဆက်များမှ ဦးမောင်ကို၏ မိခင်ဖြစ်သူဒေါ်သင်ကိုမွေးဖွားခြင်းဖြစ်သည်။ ဦးမောင်ကိုတွင်မွေးချင်းငါးယောက်ရှိပြီးဒေါ်ကြည်ကြည်၊ ဒေါ်ပုပု၊ ဒေါ်လှလှ၊ ဦးမောင်ကို(ပမညတ)၊ ဒေါ်သောင်းသောင်းတို့ဖြစ်ကြသည်။ မြင်းခြံမြို့၊ အမေရိကန်သာသနာပြုကျောင်း (အေဘီအမ်)တွင်    အလယ်တန်းပညာ  သင်ကြားပြီး အထက်တန်းပညာကို တန်းမြင့်ကျောင်း(ယခုအထက-၁) တွင်သင်ကြားခဲ့သည်။ မန္တလေး၊ ဥပစာကောလိပ်မှ သိပ္ပံ(ဓာတုဗေဒ) အောင်မြင်သည်။ ဦးမောင်ကို ၏သူငယ်ချင်းများထဲမှ  ထင်ရှားသူများမှာ  ကာနယ်ချစ်ကောင်း(ဗမာ ပြည်ကွန်မြူနစ်ပါတီ)နှင့်ဦးအုန်း(သဘာဝပတ်ဝန်းကျင်ပညာရှင်)တို့ဖြစ်ကြသည်။

နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

အေဘီအမ်ကျောင်းဆရာဖြစ်သူဖခင်၏ညွန်ပြမှု့ဖြင့်ကျောင်းသားဘဝကတည်းက လက်ဝဲနိုင်ငံရေးစာပေ များလေ့လာခဲ့ပြီးမြင်းခြံမြို့ကျောင်းသားလှုပ်ရှားမှု့များတွင်ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက် ကောလိပ် ဆက်မတက်တော့ပဲ အထက်တန်းပြကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ ကျောင်းဆရာလုပ်ရင်း နိုင်ငံရေးစိတ်ဝင်စားသောကျောင်းသားများကို နိုင်ငံရေးသဘောတရားများ ပို့ချသင်ကြားခဲ့သည်။ လွတ်လပ်ရေးရခါ နီးကာလ ဗိုလ်ချုပ်အောင်ဆန်း၏ မြင်းခြံစည်းရုံးရေးခရီးစဉ်များတွင် ဖခင်ကြီးဦးမှီနှင့်အတူ နိုင်ငံရေးကိစ္စရပ်များဆွေး နွေးခြင်း၊ ရန်ပုံငွေထည့်ဝင်ခြင်းတို့ ပြုလုပ်ခဲ့သည်။ လွတ်လပ်ရေး  ရပြီးနောက် ပမညတသို့  ဝင်ရောက်ပြီး   မြင်းခြံ(မြောက်လက်)၊ ယခုမန်းတိုင်းဒေသကြီး လွှတ်တော်အခေါ်အရဆိုလျှင် မြင်းခြံနယ်မြေ(၂)ကိုယ်စားပြု၍ ပါလီမန်အမတ်အဖြစ်နှစ်ကြိမ်ရွေးကောက်ခံရသည်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှာသခင်မြသန်း၊ သခင်အုန်းမောင်(လေထီး)၊ ကာနယ်ချစ်ကောင်း(ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့တပ်မတော်)၊ သခင်ထွေး၊ ဦးညိုမြ(အိုးဝေ)၊ ဦးအောင် သန်း(ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို)၊ ဦးကိုကြီး(သိန်းလေးဆယ်)၊ ရဲဘော်ဖြူကိုတင်အောင်၊ ဗိုလ်သိန်းကြည်(ကြည် တောင်ကန်)၊ ဗိုလ်တင်မောင်တို့ဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်နှင့်မဆလခေတ်နှစ်ခုလုံးတွင် ပုဒ်မ ၅ည ဖြင့်မကြာခဏထိန်းသိမ်းခံရသည်။ လူသိများ သောဖြစ်စဉ်နှစ်ခုမှာ၁၉၅၅ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင် ကျောင်းနေဖက်သူငယ်ချင်းကာနယ်ချစ်ကောင်းနှင့်ရန်ကုန် မြို့၌လွှတ်တော်ကာလအတွင်းတွေ့ဆုံစဉ်ထိန်းသိမ်းခံရခြင်းဖြစ်သည်။ ရန်ကုန်မြို့ဘားလမ်းအချုပ်တွင်ထိန်းသိမ်းခံရ ပြီးကျသည့်ပြစ်ဒဏ်နှင့်လွတ်ရက်ကိုမသိရပါ။ နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ ၁၉၇၈၊ စက်တင်ဘာလတွင်ဗမာပြည်ကွန် မြူနစ်ပါတီ၏တောတွင်းစခန်းတစ်ခုမှဦးမောင်ကိုက ရန်ပုံငွေထောက်ပံ့သည်ဆိုသောစာသိမ်းဆည်းရမိသည်ဆိုသော စွဲချက်ဖြင့် ထိန်းသိမ်းခံရသည်။ ရေကြည်အိုင်စစ်ကြောရေးစခန်းတွင်(၁၀)လခန့်စစ်ကြောခံရပြီးနောက်အင်းစိန် ထောင်တွင်းတရားရုံး၌ တံခါးပိတ်၊ ရုံးတင်အမိန့်ချခံရသည်။ ထိုအမှု့ကို ဦးအောင်သန်း(ဗိုလ်ချုပ်အောင်ဆန်း၏အကို) ကရှေ့နေအဖြစ်ကူညီပေးခဲ့သည်။ ဦးအောင်သန်းသည်ဦးမောင်ကိုနှင့်လွတ်လပ်ရေးခေတ်ဦးကာလနယ်ပိုင်ကြီးဘ၀ ကတည်းက ခင်မင်ရင်းနှီးခဲ့ပြီး နိုင်ငံရေးဆွေးနွေးဖက်အကိုကြီးသဖွယ်ဖြစ်သည်။ ဦးမောင်ကိုထက် အသက်ကြီးသည် ဟုဆိုကြသည်။ ၁၉၈၀၊ အောက်တိုဘာတွင် မဆလအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်ခဲ့ပြီး ထိန်းသိမ်းထားစဉ် ကာလအတွင်းမိသားစုနှင့်တွေ့ဆုံခွင့်လုံးဝမရခဲ့ပါ။

၁၉၆၂ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်း ပမညတခေါင်းဆောင်အချို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အကြံပေးအဖြစ် လည်းကောင်း၊ အုပ်ချုပ်ရေးရာထူးများ ရယူပြီး လည်းကောင်းဘက်ပြောင်းသွားကြသည်။ ဦးမောင်ကိုထံ ဗိုလ်နေဝင်းမှလူလွှတ်ပြီး စက်မှု့ဝန်ကြီးဌာနတွင်ဝန်ကြီး(သို့)အထူးအရာရှိအဖြစ်ထမ်းဆောင်ရန် ကမ်းလှမ်းရာမ လုပ်နိုင်ဟု ငြင်းပယ်ခဲ့သည်။ နိုင်ငံရေးမလုပ်ပဲနေပါက သွင်းကုန်လိုင်စင်နှင့် ကုမ္ပဏီလုပ်ငန်းတို့   ပေးမည်ဟုဆိုကာ စည်းရုံးသောအခါတွင်လည်း  ငြင်းပယ်ခဲ့သည်။ မဆလအစိုးရ၏ ငွေကြေး၊ ရာထူးတို့ဖြင့်စည်းရုံးမှု့များကိုအပြတ် ငြင်းဆန်ပြီး ပြည်သူ့ဒီမိုကရေစီလမ်းစဉ်နှင့် ပါတီစုံစနစ်ပြန်လည်ပေါ်ထွန်းရေးလမ်းကြောင်းအတွက် ဖောက်ပြန်ခြင်း မရှိ ယုံကြည်ချက်အတိုင်း မားမားမတ်မတ်ရပ်တည်ခဲ့သည်။ ထို့ကြောင့်လည်း မဆလအစိုးရ၏ အငြိုးထားဖိနှိပ်ခြင်း ကို ပိုမိုခံခဲ့ရသည်။ ဖဆပလနှင့်မဆလနှစ်ခေတ်စလုံးတွင် လက်ဝဲညီညွတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း အစဉ်တစိုက် ကြိုးစားဆောင်ရွက်ခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ကလိန်ကကျစ်၊ အညစ်အပတ်ဖဆပ လဦးကျော်ငြိမ်းအုပ်စု၊ တောင်သာအမတ်ဦးစံပြည့်တို့မှပမညတအမတ်ဦးမောင်ကိုအားခြိမ်းခြောက်ခြင်း၊ ရွေးကောက် ပွဲကာလတွင် ရွာရှိမဲရုံများကို ညအခါသေနတ်ဖြင့်ခြောက်လှန့်ပစ်ခေတ်ခြင်း၊ လူယုံသစ္စာဖောက်မွေးခြင်းစသဖြင့်ဒီမို ကရေစီခေတ်တွင် နိုင်ငံရေးအောက်လုံးများဖြင့် ပြုမူခဲ့ကြသည်။

မိသားစုနှင့်ဘဝ[ပြင်ဆင်ရန်]

ဦးမောင်ကိုတွင် အိမ်ထောင်နှစ်ခုရှိခဲ့ပြီး၊ သားသမီး(၇)ဦးရှိသည်။ ဦးမောင်ကိုသည် ငယ်စဉ်ကတည်းက စက်မှု့/လက်မှု့နှင့်သိပ္ပံဘာသာရပ်ကိုဝါသနာပါသည်။ လွတ်လပ်ရေးရပြီးနောက်ချိပ်ဆေး(ပရိဘောဂအရောင်တင်ဆီ)ကို ၎င်း၏ ကိုယ်ပိုင်စမ်းသပ်မှု့ဖြင့် ပြည်တွင်းဖြစ် ထုတ်လုပ်နိုင်ခဲ့သည်။ ခြင်္သေ့တံဆိပ်(လိုင်းရင်းဘရင်း)အမည် ဖြင့်အိန္ဒိယနိုင်ငံအထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောင်မြင်သောကုမ္ပဏီတစ်ခု အဖြစ်ထိုကာလကရပ်တည်ခဲ့သည်။ ၁၉၆၂နောက်ပိုင်း ခဏခဏထိန်းသိမ်းခံရခြင်း၊ နိုင်ငံစီးပွားရေးပြိုလဲလာခြင်းကြောင့် လုပ်ငန်းများပိတ်သိမ်းလိုက်ရ သည်။

ဒေသဖွံ့ဖြိုးရေး[ပြင်ဆင်ရန်]

ဦးမောင်ကို(ပမညတ)သည်သူ၏ ဖခင်ဖြစ်သူဦမှီနှင့်သားအဖနှစ်ဦးပေါင်းပြီး၊ မြင်းခြံမြို့ တွင်ပညာရောင်ခြည်ရိပ်သာ အမည်ဖြင့် လူငယ်များအတွက် စာကြည့်တိုက်နှင့်လူငယ်ရိပ်သာကို အစောပိုင်းကာလများတွင်ဖွင့်လှစ်ခဲ့သော်လည်းနောက်ပိုင်းအစိုးရ အပြောင်းအလဲများနှင့်ကန့်သတ်မှု့များ ကြောင့်အောင်မြင်စွာ မဆောင်ရွက်နိုင်ခဲ့ပါ။ ထိုပညာရောင်ခြည်ရိပ်သာ ကို ကျောင်းဆရာကြီးဦးမှီစုဆောင်းငွေဖြင့် အဓိက မတည်ခဲ့ခြင်းဖြစ်ပြီး၊ မြင်းခြံမြို့ဒေသခံလူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက်ရည်ရွယ်လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။ အဆောက်အဦးပုံစံကို ထိုကာလများက ခေတ်အစားဆုံးဖြစ်သည့် ဆိုဗီယက်ခေတ်သစ်ပုံစံ အတိုင်း တည်ဆောက်ထားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ပမညတဦးမောင်ကိုသည် ၁၉၈၀အင်းစိန်ထောင်မှ လွတ်လာပြီးနောက် စစ်ကြောရေးနှင့်ထောင်တွင်းမှတိုက် ပိတ်ခြင်း၊ ရေစိမ်ခြင်းနှင့်ရလာသောအခြားဒဏ်ရာများကြောင့်ဆေးကုသမှု့ခံယူရသည်။ လွတ်ပြီးမကြာမှီကာလအတွင်းလေဖြတ်ခံရပြီး အသက်အရွယ်ကြီးရင့်ခြင်းနှင့် ကျန်းမာရေးအခြေအနေကြောင့် နိုင်ငံရေးမလုပ်နိုင်တော့ ပဲ သာမန်လူတစ်ဦးအဖြစ် ဘဝနေဝင်ချိန်ကို ဖြတ်သန်းခဲ့သည်။ ၂၂နေ့၊ မေလ၊ ၂၀၀၅ခုနှစ် ရန်ကုန်မြို့၊ ကျောက်ကုန်းရပ်၊ ရန်ကင်းမြို့နယ်မိုးကောင်းဘုရားလမ်းနေအိမ် တွင်လူကြီးရောဂါဖြင့်မထင်မရှားကွယ်လွန် ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]