မူးဝါးလူမျိုး

ဝီကီပီးဒီးယား မှ

မူးဝါးလူမျိုး[ပြင်ဆင်ရန်]

အာဖရိကတိုက် အနောက်မြောက်ဘက် မြေထဲပင်လယ် ကမ်းခြေတစ်လျှောက်၊ ယခုအခါ မိုရော့ကို၊ တျူနစ်ဇီးယာနှင့် အယ်လဂျီးရီးယားဟု ခေါ်တွင်သော ဒေသကို ရှေးအခါက ဗာဗရီနယ်များဟု ခေါ်တွင်၏။ ထိုဗာဗရီနယ်တွင် နေသူများကို ဗာဗာလူမျိုးဟုခေါ်၏။ မူးဝါးလူမျိးတို့သည် ယင်းဗာဗာလူမျိုး အုပ်စုကြီးတွင် အပါအဝင်ဖြစ်လျက် ယင်းတို့မှ ဆက်နွယ်ပေါက်ဖွားလာသူများ ဖြစ်၏။ ဗာဗရီနယ်တွင် အပါအဝင် ဖြစ်၍ ယခုအခါ မိုရော့ကိုဟု ခေါ်သောဒေသကို ရှေးက မော်ရီတီးနီးယားဟုခေါ်တွင် လျက် ယင်းအမည်မှာလည်း ရောမလူမျိုးတို့ မှည့်ခေါ်သော အမည်ဖြစ်၏။ မော်ရီတီးနီးယားတွင် နေထိုင်သူတို့ကို ရောမလူမျိုးတို့ကမောရီဟုခေါ်၏။ မူးဝါးဟူသော စကားသည် ယင်းစကားမှ ပျက်လာသော စကားဖြစ်သည်။

ကာလရွေ့လျောလတ်သော် အာဖရိက အနောက်မြောက်ပိုင်းတွင် နေထိုင်လျက် အစ္စလမ် အယူဝါဒီများဖြစ်၍ အာဗီစကားပြောပြောဆိုသူ မှန်သမျှကို မူးဝါးဟူ၍ ခေါ်ဝေါ်လာသည်မှာ ယခုတိုင်ဖြစ်၏။ ၇ ရာစုနှစ်အတွင်းက အာရပ်လူမျိုးတို့သည် အာဖရိကတိုက်မြောက်ပိုင်းသို့ နယ်ချဲ့ယင်း ရောက်ရှိလာပြီးလျှင် ဗာဗာလူမျိုးတို့နှင့် တွေ့ဆုံမိကြသည်။ အာရပ်တို့သည် လူနည်းစုပင် ဖြစ်သော်လည်း လူများစုဖြစ်သော ဗာဗာတို့ကို မိမိတို့ ကိုးကွယ်ရာဖြစ်သော အစ္စလာမ်အယူဝါဒတွင်းသို့ တဖြည်းဖြည်း သွတ်သွင်း၏။ အာရပ်နှင့် ဗာဗာတို့ ပူးပေါင်း၍ စပိန်နိုင်ငံတွင်သို့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်သည်။ ထိုလူမျိုး နှစ်စုတို့ သွေးနှောကာ ပေါက်ဖွားလာသူတို့သည် မူးဝါးဟူ၍ တွင်လာ၏။

မူးဝါးလူမျိုးတို့သည် နီးဂရိုးဖြစ်သည်ဟု အချို့က ထင်မှတ်မှားကြ၏။ အမှန်မှာ မူးဝါးလူမျိုးတို့သည် တင့်တယ်ပြေပြစ်သော အဆင်းရှိ၏။ ဆံပင်နက်မှောင်၍ မျက်လုံးညိုကာ အသားညိုပြီးလျှင် မြေထဲပင်လယ်သားဟု ခေါ်အပ်သော လူမျိုးစုတွင်ပါဝင်ရာ၊ လူဖြူမျိုးဖြစ်သည်မှာ ထင်ရှားပေးသည်။

မူးဝါးလူမျိုးတို့သည် အလယ်ခေတ်တွင် ထင်ရှားခဲ့၍၊ ယဉ်ကျေးမှုအရာ၌ အထွတ်အထိပ်သို့ ရောက်ခဲ့၏။ မူးဝါးယဉ်ကျေးမှုဟု ဆိုရသော်လည်း တစ်စိတ်တစ်ဒေသအားဖြင့်ကား အာရပ်ယဉ်ကျေးမှုပင် ဖြစ်၏။ စပိန်နိုင်ငံတွင် မူးဝါးလူမျိုးတို့၏ ရှေးဟောင်း အနုပညာ လက်ရာကောင်းများကို ယခုတိုင် တွေ့နိုင်ပေသေးသည်။

မူးဝါးလူမျိုးတို့သည်စပိန်နိုင်ငံကို နှစ်ပေါင်း ၅ဝဝ ခန့် အုပ်စိုးခဲ့၍ ကောက်ဒိုးဗားကို အစိုးရသော ကဲလစ်ဘုရင် လက်ထက်တွင် အထွတ်အထိပ်သို့ရောက် ရှိခဲ့၏။ နှစ်ပေါင်းများစွာပင် ကော်ဒိုးဗားသည် အနောက် ဥရောပတိုက်၌ အကြီးဆုံးမြို့ ဖြစ်ခဲ့သည်။ ခရစ် ၁၂၁၂ နှစ်မှစ၍ မူးဝါးတို့ အင်အား ဆုတ်ယုတ်နေခဲ့ပြီ ဖြစ်သော်လည်း စိပန်ဘုရင် ဖာဒီနန်နှင့် အဇ္ဇဗဲလားမိဖုရားတို့လက်ထက် ၁၄၉၂ ခုနှစ်တွင်မှ အပြီးတိုင် တိုက်ခိုက်အောင်မြင်သည်။ မူးဝါး အမြောက်အမြားပင် အာဖရိကတိုက်မြောက်ပိုင်းသို့တိုက် ထုတ်ခြင်း ခံရ၏၊ စပိန်နိုင်ငံတ္တငါ ကျန်ရစ်သူတို့အား စပိန်လူမျိုးတို့က မောရစ္စတိုဟု ခေါ်၏။ အာဖရိကတိုက်သို့ ပြန်ရောက်သွားသူတို့ကူမူ အဒန်လျူရှန်ဟု ခေါ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)