မုယော

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မုယောခင်းတစ်ခု
Hordeum vulgare

ဥရောပတိုက်ဆွစ်ဇာလန်နိုင်ငံတွင် ရှေးကျောက်ခေတ်ကနေထိုင်ခဲ့သော သူများသည် မုယော(Barley)ကိုအသုံးပြုကြကြောင်း ထိုနိုင်ငံမှ တူးဖော်ရရှိသော အခြားဝတ္ထုပစ္စည်းများနှင့်အတူ မုယောစေ့များကိုပါ တွေ့ရှိရခြင်းဖြင့်သိရလေသည်။ တရုတ်ပြည်တွင် ခရစ်တော် မပေါ်မီနှစ်ပေါင်း နှစ်ထောင်အထက်က မုယောကို စိုက်ပျိုးခဲ့ ကြောင်း တရုတ် လူမျိုးတို့၏ အယူဝါဒရေး စာအုပ်များတွင် ဖော်ပြထားသည်။ အီဂျစ်နိုင်ငံ၌ ဟီဗြူလူမျိုး(ဟီဘရူးလူမျိုး)တို့သည် မုယောပင်ကို စိုက်ပျိုးခဲ့ကြောင်း ခရစ်ယန်တို့၏ သမ္မာကျမ်းစာတွင် ဖော်ပြချက်ပါရှိသဖြင့် သိရလေသည်။ ထိုကြောင့် မုယောပင်သည် အလွန်ရှေးကျသော ကောက်ပင်များတွင် အပါအဝင် ဖြစ်သည်ဟု ဆိုရပေမည်။

မုယောပင် မူလပေါက်ရောက်ရာ အရပ်မှာ အာရှတိုက်အနောက်ပိုင်း ဖြစ်သည်ဟု ထင်မှတ်ရသည်။ အကြောင်းဆိုသော် ထိုဒေသများတွင် မုယောပင်အရိုင်းများ ပေါက်လျက်ရှိသည်ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ ယခုအခါ အလွန်အေးသော ရာသီရှိသည့်မြောက်ဘက် အလာစကာပြည်နယ်မှ တောင်ဘက် အိန္ဒိယနိုင်ငံကဲ့သို့ ပူအိုက်သော တိုင်းပြည်များအထိ မုယောပင်ကို စိုက်ပျိုးလျက် ရှိကြသည်။ ရှေးအခါက မုယောကို လူတို့ စားသုံးရန် အတွက် အသုံးချခဲ့ကြ၏။ သို့သော် မုယောထက် အာဟာရဓာတ် ပြည့်စုံသည့်အခြားကောက်ပင်များကို ယခုစိုက်ပျိုးလျက်ရှိကြရာ မုယောမှုန့်နှင့် လုပ်သော ပေါင်မုန့်အမည်းများကို ဥရောပတိုက်တောလက်ကျေးရွာများတွင် နေထိုင်ကြသော တောင်သူလယ်သမားတို့လောက်သာ စားသုံးလျက်ရှိကြသည်။

စိမ်းစိုနေသော မုယောပင်

ယခုခေတ်တွင် ဘီယာခေါ် ဗျစ်ရည်ချက်လုပ် ရန်နှင့် နို့မှုန့်စသော အစားအသောက်များ၌ ရောစပ်ရန်အတွက် မုယောကို အမြောက်အမြား အသုံးပြုကြသည်။ တိရစ္ဆာန်အစာအတွက်လည်း မုယောမှုန့်ကို အသုံးချနိုင်သည်။ အထူးသဖြင့် ဝက်များကို မုယောမှုန့်ကျွေးလျှင် ပို၍ဆူဖြိုးလာမည်ဖြစ်သည်။ မုယောပင်၏ ရိုးတံများတွင် ထက်မြက်စုးရှသော အမွေးအမှင်ကလေးများပေါသဖြင့် တိရစ္ဆာန်များကို ကျွေးရန်အစာအဖြစ် ထိုကောက်ရိုးများကို အသုံး မချနိုင်ချေ။ မုယောပင်များမှာ ကောက်လျင်ပင်မျိုးဖြစ်ရာ အများအားဖြင့် ဂျုံပင်များ စိုက်ပျိုးပြီးမှ မုယောကို စိုက်လေ့ရှိ ကြသည်။ ဂျုံ ထက်ဦးစွာ မုယောကို ရိတ်သိမ်းကြရသည်။ စိမ့်မစွဲ၊ ရေမဝပ်သည့် သဲမြေမျိုးတွင် မုယောပင်များ ကောင်းစွာ ဖြစ်ထွန်း၍ အမြစ်တိုသည့် ကောက်ပင်မျိုးဖြစ်သောကြောင့် မြေယာကို နက်စွာ ထွန်ယက်ပြုပြင်ရန် မလိုချေ။

ရုရှားနိုင်ငံသည် မုယောအများဆုံး စိုက်ပျိုးသော နိုင်ငံဖြစ်သည်။

မုယောပင်ပေါက်[ပြင်ဆင်ရန်]

မော့ခေါ် မုယောပင်ပေါက်ကို မုယောစပါးမှ အပင်ဖောက်ယူရ၏။ ဦးစွာ၌ မုယောစပါးများကို အပူချိန် ဖာရင်ဟိုက် ၅၅ဒီဂရီရှိသော ရေထည့်ထားသည့် စည်များတွင် စိမ်ထားရသည်။ ရေစိမ်ထားသည်မှာ ၂ ရက်မှ ၄ ရက်အထိ ကြာ၍ ထိုအချိန်အတွင်းအပူချိန် တစ်ညီတည်း ဖြစ်နေစေရပြီးလျှင်၊ ရေကိုလည်း ဗက်တီးရီးယားများလွန်ကဲစွာ မပွားစေရန် မကြာခဏလဲလှယ်ပေးရသည်။

ထိုနောက် မုယောစပါးများကို ဆယ်ယူပြီးသော် ကြမ်းပြင် ပေါ်တွင်ဖြန့်ကြဲကာ ၁၂ ရက်ကြာမျှ လှန်းထားရပြန်သည်။ ထိုအချိန်အတွင်းကဇော်ပေါက်လာ၍ အညေ|ာက်လည်း စတင်ထိုးထွက်လာသည်။ ကဇော်ပေါက်သည်ဟုဆိုရာ၌ ဖာမင်တေးယှင်းဖြစ်ခြင်းကို ဆိုလိုသည်။ ကဇော်ပေါက်၍ ဖြစ်ပေါ်လာသော အင်ဗိုင်းသည် ကစိဓာတ်ကို သကြားဓာတ်အဖြစ်သို့ ပြောင်းလဲနိုင်သည့်ပြင် ပို၍ အစာကိုလည်း ကြေလွယ်စေနိုင်သည်။ နောက်ဆုံးတွင် မီးဖိုထဲ၌ အပူဓာတ်ပေးခြင်းးဖြင့် အညေ|ာက်ကြီးပွားလာခြင်းကို ရပ်စဲစေ၍ အညေ|ာက်များကို ဖယ်ပစ်ရသည်။ ထိုအခါတွင် မုယောပင်ပေါက် (ဝါ) မော့ကိုရရှိလေသည်။

မုယောပင်ပေါက်ကို ဘီယာချက်ရာ၌ အဓိကထား၍ အသုံးပြုကြသည်။ နို့မှုန့်နှင့်မုယောပင်ပေါက်ကို ရောစပ်၍ ပြုလုပ်ထားသော မုယောပင်ပေါက် နို့မှုန့်(မော့နို့မှုန့်) ပြုလုပ်ရာ၌လည်း မုယောပင်ပေါက်ကို အမြောက်အမြား အသုံးပြုကြသည်။ မော့ပါသော နို့ မှုန့်သည် အစာကြေလွယ်စေသဖြင့် လူနာနှင့် ကလေးများအား တိုက်ကျွေးရန် အထူးသင့်လျော်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)