မုန်တိုင်ပင်ဆရာတော်

ဝီကီပီးဒီးယား မှ

ကျမ်းပြုအကျော် မုန်တိုင်ပင်ဆရာတော်သည် ကောဇာ သက္ကရာဇ် ၁၁၄၁-ခုဘွား နံတော်ဗုဒ္ဓဟူးသားဖြစ်တော်မူ၏၊ ရှင်သာမဏေမဖြစ်မီကပင် မိဘ,နှစ်မသားချင်းများနှင့်အတူ လယ်စောင့်- ယာစောင့်အလုပ်, ကျွဲ, ကျာင်းအလုပ်များ ကိုလုပ်ခဲ့သည်၊ကျွဲကျောင်းအလုပ်ကိုလုပ်စဉ်က ကျွဲပေါ်တွင် စာကျက်ခဲ့သည်၊ ကုံလုံကြွယ်ဝသောမိဘတို့မှ ဖွားမြင်သူ ဖြစ်လျက်လည်း ဘော်ကြော့မနေ မိဘတို့နှင့်ဒိုးတူဘောင်ဘက် အလုပ်ကိုလည်း လုပ်၏။ သုံးပုံထဲ၌စိတ်စွဲလှသဖြင့် စာကိုလည်း မျက်နှာလွှဲမရဖြစ်ကြောင်းကို ဆရာတော်ကိုယ်တိုင် နိဂုံးတွင် မိန့်ဆိုထားသည်။

ရှင်အဖြစ်,ရဟန်းအဖြစ်[ပြင်ဆင်ရန်]

ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ရှင်သာမဏေ ပြုလုပ်၏၊ ရှင်သာမဏေအဖြစ် ၇-ဝါရပြီးမှ ရဟန်းပြုတော်မူသည်၊ လူအဖြစ် ၁၆-နှစ်, သာမဏေအဖြစ် ၇-နှစ်၊ ၂၃-နှစ်ကျမှ ရဟန်းဘဝရောက်ကြောင်း ဆရာတော်ကိုယ်တိုင် ရေးသားသည်ကို တွေ့ရ၏၊ဆရာတော်၏ မယ်တော်မှာ ရဟန်း မခံမီကပင် ကွယ်လွန်ခဲ့၏၊ ရဟန်းဝါ ၄-ဝါရသောအခါ ဆရာတော်၏ ခမည်းတော်က ကျောင်းဆောက်လှူဒါန်း၍ ပစ္စည်းလေးပါးဖြင့်လည်း ထောက်ပင့်ထား၏၊ ကျောင်းဒါယကာလည်းဖြစ်,ပစ္စည်း ၄-ပါး ဒါယကာလည်းဖြစ်သော ခမည်းတော်သည် အသက် ၈၂-နှစ်အရောက်တွင် ကွယ်လွန်လေသည်။

ရာဇဂုရုတံဆိပ် ၂-ထပ်ရ[ပြင်ဆင်ရန်]

ကုန်းဘောင်ဆက် အမရပူရမြို့တည်နန်းတည် ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင် ဘိုးတော်မင်းတရားကြီး လက်ထက်တွင် မင်းတရားကြီး၏သားတော် အိမ်ရှေ့ဥပရာဇာက ကိုးကွယ်၍ မင်းတရားကြီးကိုယ်တိုင် “ဝံသာဘိလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရု” ပဌမ ဘွဲ့တံဆိပ်တော်, “ဝံသာဘိလင်္ကာရဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ၁၉-လုံးရှိ ဒုတိယ ဘွဲ့တံဆိပ်တော် ၂ -မျိုးဖြင့် ပူဇော်ဆက်ကပ်ခြင်းကို ခံယူရရှိတော်မူသည်၊ အမရပူရမြို့တော်၌ သီတင်းသုံးတော်မူစဉ်အခါ သားတော်အိမ်ရှေ့ မင်းကြီးက အဝမြို့အရှေ့တောင်ထောင့် အရပ်တွင်“မဟာမင်္ဂလာရွှေဘုံမိုးထိကျောင်း”ဟူသော အမည်ဖြင့်ကျောင်းကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်း ကိုးကွယ်တော်မူသည်။

ကျေးလက် သာသနာပြု[ပြင်ဆင်ရန်]

ဆရာတော်သည် အမရပူရမြို့တော်မှ ကျေးလက်ဖြစ်သော ဒီပဲရင်းမြို့ မြောက်လက် မုန်တိုင်ပင်ရွာကျောင်းသို့ ပြောင်းရွေ့ သီတင်းသုံးကာ တပည့်တပန်း ရဟန်းသံဃာတို့အား စာပေပို့ချတော်မူ၍ သာသနာပြုတော်မူ၏၊ ဒီပဲရင်းမြို့မြောက် ရွာပေါင်း ခြောက်ဆယ့်လေးရွာရှိ ဂိုဏ်းသံဃာတို့၏ ဩဝါဒါစရိယ ဆရာတော်အဖြစ်ဖြင့် သာသနာရေးကို ဆောင်ရွက်တော်မူသည်။

ပြုစုတော်မူသောကျမ်းများ[ပြင်ဆင်ရန်]

  • ၁။ သုံးပုံတံချူကျမ်း (၁၁၉၁) ခု
  • ၂။ သုံးပုံအိတ်ထောင့်ကျမ်း (၁၁၈၆) ခု
  • ၃။ သုံးပုံလှေခါး (၁၂၀၃) ခု
  • ၄။ သုံးပုံတံတား (၁၁၀၄) ခု
  • ၅။ စကားပြောကျမ်း၊
  • ၆။ သဒ္ဒါအတက်ကျမ်း၊
  • ၇။ ငါးရာ့ငါးဆယ်စကားပြေဝတ္ထု၊
  • ၈။ သဒ္ဒါကြီးနိဿယ၊
  • ၉။ အဘိဓမ္မတ္ထမေဒဒီပနီ၊
  • ၁ဝ။ ဝိနည်းအဆုံးအဖြတ် စသည်တို့ဖြစ်၏။

သက္ကရာဇ်စိစစ်ချက်[ပြင်ဆင်ရန်]

ဆရာတော်၏ ဖွားသက္ကရာဇ်, ရဟန်းခံသက္ကရာဇ်,ကျမ်း ပြီးသက္ကရာဇ်တို့သည် တဦးနှင့်တဦးမညီ ဖြစ်နေ၏၊ ဖွားသက္ကဇ်ကို ၁၁ဝ၂-ခုနှစ်ဟု၎င်း, ၁၁၄၀-ခုနှစ် ဟု၎င်း . ရဟန်းခံရာမှာလည်း အချို့က အသက်ပြည့်ဟု၎င်း,အချို့က အသက်လွန်ဟု၎င်း ကွဲပြားခြားနားစွာ ဆိုကြသည်၊ ဤနေရာ၌ ဆရာတော်ကိုယ်တိုင် သုံးပုံအိတ်ထောင့်ကျမ်း နိဂုံးတွင် ပြဆိုထားသည့် စာသာလျှင် အခိုင်အမာယူရန်ရှိသည်။ ထိုနိဂုံးတွင် “၁၆-နှစ်ရောက်မှ ရှင်သာမဏေပြုခဲ့ကြောင်းရှင် သာမဏေဘဝဖြင့် ၇-ဝါနေခဲ့ကြောင်း, ၂၃-ဝါရသောအခါ အသက် ၄၆-နှစ်ရှိပြီ ဖြစ်ကြောင်း, ကောဇာသက္ကရာဇ် ၁၁၆၈-ခု ရောက်သောအခါ ၄-ဝါရပြီဖြစ်၍ ခမည်းတော်၏ ကျောင်းကို အလှူခံယူခဲ့ကြောင်းများကို-

  • ၁။ ခြောက်နှစ်စွန်းကယ်၊ သက်တဆယ်၊ ရှင်ငယ်ဖြစ်သည်သာ၊
  • ၂။ ဝါတေဝီသ၊ရဟန်းမှ၊ ရှင်က ခုနစ်ဝါ၊
  • ၃။ ခြောက်နှစ်စွန်းကယ်၊ သက်လေးဆယ်၊ ကြီးကျယ် ဉာဏ်ပညာ၊
  • ၄။ ခြောက်ဆယ့်ရှစ်နှစ်၊သက္ကရာဇ် ၊ရောက်လစ်ထိုအခါ၊
  • ၅။ စတုဝဿ၊ လေးဝါရ၊ တင်ထ ဤကျောင်းမှာ၊

ကျမ်းပြီးသက္ကရာဇ်များကိုမူ ထိုထိုကျမ်းများ နိဂုံးတွင် အတိအလင်းဆိုထားသည်ဖြစ်၍၊ အထူးစိစစ်ဘွယ်မရှိ ဖြစ်ပါကြောင်း။ “ဟံသာ၀တီ”[၁] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဒီပဲရင်းမြို့ မြောက်လက် မုန်တိုင်ပင်ရွာကျောင်း “ဝံသာဘိလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရု” “ဝံသာဘိလင်္ကာရဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ် နှစ်ထပ်ရ မုန်တိုင်ပင်ဆရာတော် (၁၉၆၃)။ သုံးပုံလှေခါးကျမ်းနှင့် သုံးပုံတံတားကျမ်း