မုန်ညင်းခါး

ဝီကီပီးဒီးယား မှ

မုန်ညင်းခါးပင်သည် ပေါ်လီဂိုနေစီအီးမျိုးရင်းတွင် ရီအမ် မျိုးစု၌ ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ရီအမ် ရာပွန်တီကမ်ဖြစ်သည်။ မုန်ညင်းဟုခေါ်သော်လည်းမုန် ညင်းနှင့် မျိုးရင်းချင်း မတူချေ။ သို့သော် ရှရီမန်ပင်နှင့်ကား မျိုးရင်းချင်းတူ၍ နီးစပ်သည်။ မုန်ညင်းခါး၏ မူလပေါက်ရာ ဒေသသည် အာရှတိုက်မြောက်ပိုင်း မွန်ဂိုးလီးယားပြည် ဖြစ်သော်လည်း၊ ယခုအခါတွင် ကမ္ဘာအနှံအပြား၌ စိုက်ပျိုးကြ သည်။ အပင်မှ အဖူး မြောက်မြားစွာ ထွက်ရာ၊ ထို အဖူးများမှ ရှည်၍ အသား ထူသော အရွက်ညှာများသည်ထူသော အရွက်ကြီးများနှင့် တကွ ထွက်လာသည်။ မြေကြီးအောက်တွင် အစာသိုလှောင်သော အဝါရောင် အမြစ်မကြီးတစ်ခုနှင့် ထို အမြစ်မကြီးအား အစာကျွေးသော အခြား အမြစ်များ အများအပြား ရှိသည်။ မြေကြီးပေါ်သို့ တက်လာသော အသားထူ၍ အရည်ရွှမ်းသည့် နီကျင်ကျင် ရွက်ညှာများကိုသာ လူတို့အစားများကြသည်။ အရွက်များသည် တစ်ခါတစ်ရံ အဆိပ်အတောက် ဖြစ်စေတတ်သဖြင့်စားသုံးခြင်းငှာ အလျင်းမသင့်လျော်ချေ ။ မုန်ညင်းခါးသည် အာဟာရ တန်ဖိုးများစွာ မရှိချေ ။ ဆေးဖက်ဝင်သည့် အပင်မျိုး ဖြစ်သဖြင့်ဝမ်းပျော့ဆေး၊ အားတိုးဆေး စသည်တို့ကို ထိုအပင်မှ ဖော်စပ်ယူကြ သည်။ မုန်ညင်းခါးပင်ကို ဆောင်းဦးအစတွင် စိုက်ပျိုးကြသည်။ မြေဩဇာ ကောင်း၍ မြေပွမြေသားနှင့် သဲနုံးများတွင် ကောင်းစွာဖြစ်ထွန်းသည်။ မုန်ညင်းခါး ပင်သည် နှစ်ကြာခံပင်မျိုး၌ ပါဝင်၏။ နှစ်ကြာခံပင်ဟု ဆိုသော်လည်း တစ်ပင်လုံး မဟုတ်ဘဲ မြေအောက်ရှိ အမြစ်များသာမသေဘဲ ၅ နှစ် ၆ နှစ် ဆက်၍ စိုက်ပျိုးသွားနိုင်သည်။ မြေပေါ်ရှိ အရွက်နှင့် ရွက်ညှာများမှာ တစ်နှစ်တစ်ကြိမ်သေကြသည်။ မုန်ညင်းခါးပင်တွင် အစေ့များ ရှိသော်လည်း ထိုအစေ့များကို စိုက်ပျိုးခြင်းဖြင့် မုန်ညင်းခါးမျိုးကောင်း ရသည်က နည်းသောကြောင့် အစေ့မှ မယူဘဲ အမြစ်များမှ မျိုးယူကြသည်။ အသားများသော အဝါရောင် အမြစ်မကြီးမှ အစိတ်စိတ်ခွဲယူ၍ ဆောင်းကူးရာသီအစတွင် အပင်ကလေးများ ထပ်မံစိုက်ပျိုးကြသည်။ မြေသြဇာကောင်းကောင်းချပေး၍ ရေမှန်မှန် လောင်းပေးသွားလျှင် လျင်မြန်စွာကြီး ထွားလာကြသည်။ အရွက်များမှာ တစ်ပေကျော်ကျော်အထိ ကျယ်ပြန့်လေသည်။ မုန်ညင်းအခါး အမျိုးမျိုးရှိသည့်အနက် မုန်ညင်းစိမ်း၏ အရွက်များမှာ ကျမ္မဆိုင် ပြုလုပ်ရန် အကောင်းဆုံးဖြစ်သည်။ ကျမ္မဆိုင်ဆိုသည်မှာ အချဉ်တည်ထားသော ချဉ်ဖတ်တစ်မျိုးပင် ဖြစ်သည်။ မြန်မာတို့၏ မူရင်းအစာ မဟုတ်ပေ။ တရုတ်လူမျိုးတို့၏ အစာဖြစ်၍ ယင်းတို့သာလျှင် အများအပြားစားသုံးလေ့ ရှိကြ သည်။ မုန်ညင်းခါးပင်များကို ၂ နေ ၃ နေခန့် လှန်းပြီးသော် ဆားနှင့်နယ်ကာ အချဉ်ရည်၌ ထည့်၍ စဉ့်အိုးများတွင် သိပ်ထားခြင်းဖြင့် ကျမ္မဆိုင်ခေါ်သည့် ချဉ်ဖတ် ဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)