မာတိကာသို့ ခုန်သွားရန်

မုဒွန်းဆရာတော်

ဝီကီပီးဒီးယား မှ
မုဒွန်းဆရာတော် ရှင်ကောသလ္လ - (၁၈၈၆ — ၁၉၈၉)
မုဒွန်းဆရာတော် ရှင်ကောသလ္လ - (၁၈၈၆ — ၁၉၈၉)

မွန်ပြည်နယ် ချောင်းဆုံမြို့ မုဒွန်းရွာ ပိဋကတ်တိုက်ကျောင်းတွင် သီတင်းသုံး၍ “မုဒွန်းဆရာတော်” အမည်ဖြင့် ထင်ရှားသည်။ ပရိယတ္တိ စာပေပို့ချမှု၊ ဂန္ထဓုရစာပေကျမ်းဂန်ပြုစုမှုအပြင် ခေတ်အမြင် ခေတ် အတွေးဖြင့် ရပ်ကျိုးရွာကျိုး သယ်ပိုးခဲ့မှုကြောင့် လောကီလောကုတ် စွယ်စုံ သာသနာပြု ပုဂ္ဂိုလ်မွန်တစ်ပါးအဖြစ် ပူဇော်ခံရသည်။ ကိုလိုနီခေတ်ဦးက မုဒွန်းရွာဝန်းကျင်တွင် လူဆိုးလူမိုက်၊ ဓားပြများ ကြီးစိုးနေရာ မော်လမြိုင် အရေးပိုင် မစ္စတာပါကင်း၏ မုဒွန်းရွာဖျက်ပစ်ရန် နို့တစ် အထုတ်ခံ ရသည်။ ထိုစဉ် မုဒွန်းဆရာတော်လေး ရှင်ကောသလ္လ က ရွာကို ချက်ချင်း မဖျက်ရန်၊ လူဆိုးလူမိုက်များ ဆိုဆုံးမခွင့်အချိန်တောင်း၍ ဟောပြော ဆုံးမခဲ့ရာမှ မုဒွန်းရွာဆက် တည်တံ့ခွင့်ရခဲ့သည်။ မုဒွန်းဆရာတော်လေး၏ ဦးဆောင်မှုဖြင့် သာမန်ရွာကလေးတစ်ရွာမှ မူလတန်းကျောင်း၊ ထိုမှ တစ်ဆင့် အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ကျေးလက်စာဖတ်ခန်း၊ ဆေးပေးခန်း၊ မွန်ဓလေ့ပြတိုက်တို့ ပေါ်ထွန်းခဲ့သည်။ မုဒွန်းဆရာတော် သည် မွန်-မြန်မာ-ပါဠိ သုံးဘာသာကျွမ်းကျင်၍ မွန်-မြန်မာ နှစ်ဘာသာဖြင့် ပရိယတ္တိဆိုင်ရာ ကျမ်းဂန်များ ပြုစုခဲ့ရာ သက်တော်ရှည် အဘိဓဇမဟာ ရဋ္ဌဂုရု ဆရာတော်တစ်ပါးအဖြစ် ထင်ရှားခဲ့သည်။

ကောသလ္လ၊ ရှင်၊ မုဒွန်းဆရာတော်

[ပြင်ဆင်ရန်]

၁၈၈၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက် တနင်္လာနေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းရွာ၌ ဖွားသည်။ အဘ ဦးသာအေး အမိ ဒေါ်စစ် ဖြစ်သည်။ မွေးချင်း ၉ ယောက်တွင် အကြီးဆုံး။ အမည် မောင်ငွေပန်း ဖြစ်သည်။

၇ နှစ်အရွယ်တွင် မုဒွန်းရွာကျောင်းဟောင်း ပထမဆရာတော် ရှင်တေဇဝန္တထံ စတင် ပညာသင်သည်။ ကျောင်းသားဘဝကပင် ဗုဒ္ဓ ဘာသာအခြေခံ အောင်ခြင်းရှစ်ပါး၊ လောကနီတိ၊ ပရိတ်ကြီး ပါဌ် အနက် အာဂုံရသည်။ ဗုဒ္ဓဘာသာစာပေအပြင် ဂဏန်းသင်္ချာ, ဗေဒင်ပညာဆိုင်ရာ ဇာတာတွက်နည်း၊ သင်္ကြန်စာဖွဲ့နည်းအထိ သင်ယူခဲ့၏။ ၁၀ နှစ်အရွယ်တွင် ဒုတိယဆရာတော် ရှင်သုဝဏ္ဏကို ဥပဇ္ဈာယ်ယူ၍ သာမဏေဖြစ်သည်။ မိဘနှစ်ပါးက ရှင်ဒါယကာ ခံယူသည်။ ဘွဲ့ ရှင်ဂုဏ ဖြစ်သည်။ သာမဏေ ၂ ဝါရတွင် သဒ္ဒါသုတ်စစ်၊ သဒ္ဒါကြီးပုဒ်စစ်၊ သင်္ဂြိုဟ်ကိုးပိုင်း၊ ဒွေမာတိကာ ပါဌ်အနက် တက်ခဲ့သည်။ သာမဏေ ၃ ဝါရတွင် ကရင်ပြည်နယ် ဇာသပြင်ရွာမ ကျောင်းကြီးစာချဆရာတော် အရှင်သီလဝန္တထံ ပြောင်း ရွေ့၍ ရူပသိဒ္ဓိ၊ နျာသ၊ ဋီကာကျော် သင်ယူခဲ့သည်။ ထို့နောက် စာချဆရာ တော် ဘီလူးကျွန်း ဘိုးနက်ကျေးရွာ ရာမညကျောင်းတိုက် (ယခု တိုက်ကျောင်း) သို့ ပြောင်းရွှေ့ စာပေပို့ချရာ အတူလိုက်ပါ ပညာသင်ယူ သည်။ သာမဏေ ၈ ဝါရတွင် ရာမညစာသင်တိုက်၏ ဒုတိယစာချအဖြစ် ချီးမြှောက်ခံရကာ ရူပသိဒ္ဓိ၊ နျာသ၊ ဋီကာကျော်၊ မဏိမဉ္ဇူကျမ်းများ ပြန်လည်ပို့ချသည်။ တစ်ဖက်ကလည်း ပါဠိဂါထာစီနည်း၊ ရှေးမွန်ကဗျာတေး ဖွဲ့နည်း၊ မြန်မာစာပေဆိုင်ရာ ကဗျာဖွဲ့နည်းများ လေ့လာဆည်းပူးသည်။ သာမဏေ ၁ဝ ဝါရ ၁၉၀၆ ခု ဖေဖော်ဝါရီလ ၇ ရက် ဗုဒ္ဓဟူး နေ့တွင် ကညှော်ကျေးရွာ ကျောင်းကြီးကျောင်း သိမ်ကျောင်းကြီး ကျောင်းဂိုဏ်းအုပ်ဆရာတော်ကို ဥပဇ္ဈာယ်ယူ၍ ရဟန်းဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ကောသလ္လ။ ရဟန်းဒါယကာမှာ မိဘနှစ်ပါး ဖြစ်သည်။

ရဟန်း ၂ ဝါရသည့်တိုင် ရာမညကျောင်းတိုက် ရှင်သီလဝန္တထံ ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။ ထို့နောက် ရှင်သီလဝန္တနှင့် အတူ မုဒုံမြို့နယ် ကလော့သော့ကျေးရွာ ရှမ်းကျောင်းစာသင်တိုက် ပြောင်းရွှေ့ ပရိယတ္တိစာပေ သင်ယူသည်။ တစ်ဖက်ကလည်း စာပေ ပြန်လည်ပို့ချ သည်။ ရဟန်း ၈ ဝါရတွင် ရန်ကုန်မြို့ ကျိုက္ကဆံရွှေကျင်တိုက် တိုက်အုပ် ဆရာတော်၊ ပုဇွန်တောင် တောင်လုံးပြန် သုံးထပ်ကျောင်းတိုက်ဆရာတော် အရှင်ဂန္ဓမာ၊ လယ်တီစာချ အရှင်ရာဇိန္ဒ၊ လယ်တီပဏ္ဍိတတို့ထံ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများ ဆက်လက်သင်ယူသည်။

၁၉၁၈ ခုတွင် မုဒွန်းရွာကျောင်းဟောင်း၌ မွန်ပရိယတ္တိစာသင်တိုက် ဖွင့်လှစ် သာသနာပြုသည်။ ထိုစဉ် မုဒွန်းရွာဝန်းကျင်၌ လူဆိုးလူမိုက်များ မင်းမူနေရာ မော်လမြိုင်အရေးပါ မစ္စတာပါကင်း၏ ရွာဖျက်ရန် နို့တစ် ပေးခံရသည်။ ထိုအခြေအနေတွင် မုဒွန်းဆရာတော်လေး ရှင်ကောသလ္လ က ရွာကို ချက်ချင်း ရွာပျက်မဖြစ်စေရန် ကြားဝင်မေတ္တာရပ်ခံ၍ လူဆိုး လူမိုက်များကို ဆိုဆုံးမသည်။ ဩဇာရှိ ဒါယကာ ဦးစိန်ဘီလူးကို ရွာသူကြီး ခန့်၍ တရားဟောပြောဆုံးမရာ မုဒွန်းရွာ ဆက်တည်တံ့ခွင့်ရခဲ့သည်။ မူးယစ်သောက်စား ခိုက်ရန်ဖြစ်ပွားမှု၊ လောင်းကစားမှုတို့ကို ကာကွယ်ရန် ကတိလက်မှတ်ထိုးစေ၍ ရွာသူကြီးမှတစ်ဆင့် ဆိုင်ရာ အာဏာပိုင်များထံ ပေးပို့ခဲ့ရာ ၁၉၁၉ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံ၏ ဂုဏ်ထူးဆောင် ရွှေတံဆိပ်နှင့်လက်မှတ် ဆက်ကပ်ခံရသည်။ မုဒွန်းရွာ ဆက်လက်တည်တံ့ ခဲ့ရုံမျှမက မူလတန်း မြန်မာစာသင်ကျောင်း၊ အလယ်တန်းကျောင်း၊ ၁၉၃၉ ခုနှစ်၌ အထက်တန်းကျောင်း အဆင့်ဆင့် ဖွင့်လှစ်နိုင်ခဲ့သည်။ အထက်တန်း ကျောင်းအုပ်အဖြစ် မုဒွန်းဆရာတော်ကိုယ်တိုင် တာဝန်ယူ စီမံခန့်ခွဲ၍ ကျောင်းအိပ်ကျောင်းစား ဘော်ဒါ ကျောင်းသား ၅ဝ ခန့် အခမဲ့ ထောက်ပံ့ ကျွေးမွေးစောင့်ရှောက်သည်။ ထို့ပြင် ကျေးလက်ဆေးပေးခန်း၊ ကျေးလက် စာဖတ်ခန်းနှင့် မုဒွန်းနှင့် ဥဒေါင်းကျေးရွာ လမ်းဖောက်ရေးတို့ကို ဦးဆောင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မုဒွန်းရွာ၌ ပိဋကတ်တိုက်ကျောင်း၊ ပရိယတ္တိ စာသင်တိုက်တည်၍ လောကီ လောကုတ် စွယ်စုံသာသနာပြုသည်။ အစိုးရ ပါဠိပညာရေးအဖွဲ့ မွန်နာယက (၁၉၁၈) အဖြစ် ဆောင်ရွက်သည်။ ၁၉၂၉ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံ၏ ရွှေတံဆိပ်နှင့် ဂုဏ်ထူးဆောင် လက်မှတ် ဒုတိယအကြိမ် ဆက်ကပ်ခံရသည်။ ဂျပန်ခေတ်တွင် သံဖြူဇရပ်မှ ဒုက္ခသည် ၃ဝဝ ကျော်ကို ကျောင်းတိုက်တွင် လက်ခံ စောင့်ရှောက်ကူညီသည်။ ၁၉၄၃ ခုတွင် ဂျပန်ခေတ် ပါဠိဘာသာပညာရေး နာယကအဖွဲ့ဝင် အဖြစ် ဆောင်ရွက်သည်။ လွတ်လပ်ရေးအကြိုခေတ်တွင် မွန်မဟာ သံဃာ့အဖွဲ့ချုပ် အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။

မွန်ဘာသာဖြင့် ကင်္ခါဝိတရဏီ အဋ္ဌကထာနိဿယ၊ ရူပသိဒ္ဓိ နိဿယ၊ ဆန်းနိဿယ၊ အလင်္ကာနိဿယ၊ သုတ်သီလက္ခန်နိသ သုတ်မဟာဝါနိဿယ၊ သုတ်ပါထေယျနိဿယ၊ ဝိဘင်းနိဿယ၊ ကထာ ဝတ္ထုနိဿယ၊ ပုဂ္ဂလပညတ်နိဿယ၊ သဒ္ဒါငယ် ၁၄ စောင်နိဿယ။ မြန်မာ ဘာသာဖြင့် အလင်္ကာရတ္ထဒီပနီ၊ မဂ္ဂင်္ဂဒီပနီ၊ ဥပါသကာပုစ္ဆာဝိသဇ္ဇနာကျမ်း၊ ဂိုဏ်း ၉ ဂိုဏ်း ဂါထာဗန္ဓ (မွန်ကဗျာ) စသော ကျမ်းများ ပြုစုခဲ့သည်။ မွန်နိဿယကျမ်းများကို ရန်ကုန်မြို့ ဘားနာ့(ဒ်) အခမဲ့ ပိဋကတ်တိုက် (အမျိုးသားစာကြည့်တိုက်) ၌ မူပွားထားရှိသည်။

လွတ်လပ်ရေးရပြီး လန်ဒန်တက္ကသိုလ်မှ မွန်စာပေ၊ မွန်ဓလေ့ လေ့လာသူ မစ္စတာရှောတိုးအား ကူညီ၍ မွန်ဓလေ့ပြတိုက်တည်ထောင်ရန် ဆော်ဩခဲ့သည်။ မွန်ရေးရာအဖွဲ့ နာယကအဖြစ် ဆောင်ရွက်၍ အစိုးရ ပါဠိပထမပြန်စာမေးပွဲများတွင် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ရရန် ကြိုးပမ်း သည်။ ထို့ပြင် မော်လမြိုင်မြို့ ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ နာယက၊ မော်လမြိုင်မြို့ ပါဠိတက္ကသိုလ်စာချတန်း စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပါဠိပထမပြန်စာမေးပွဲ မွန်ဘာသာတာဝန်ခံ၊ ပါဠိဘာသာပညာရေးနာယက အဖွဲ့ ဥက္ကဋ္ဌ၊ သုဝဏ္ဏဘုမ္မိ ပရိယတ္တိသာသနာ့ဟိတအသင်း နာယက အဖွဲ့ဝင်၊ ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့ဝင်၊ တော်ကနာဂိုဏ်းချုပ်၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုရေး အကြံပေးအဖွဲ့ဝင် အဖြစ် ရွေးချယ် တာဝန် ပေးအပ်ခံရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် ဖဆပလအစိုးရ၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို ပတ္တမြားဆရာတော် ရှင်ဇာဂရ၊ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသတို့နှင့် အတူ ဆက်ကပ်ခံရသည်။

၁၉၇၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ၏ အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ် ကို ပြည်မြို့ ပွင့်လှသိမ်ကုန်းဆရာတော် အရှင်တိက္ခ၊ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်ဆရာတော် အရှင်ပဏ္ဍိတ တို့နှင့်အတူ ဆက်ကပ်ခံရသည်။

သက်တော် ၁၀၄ သိက္ခာ ၈၄ ဝါအရ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် စနေနေ့တွင် ချောင်းဆုံမြို့နယ် မုဒွန်ရွာ ပိဋကတ်တိုက်ကျောင်း၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မောင်ဇေယျာ (၂၀၁၅ - ခုနှစ်)။ ရှင်ကျော် ၁၀၀ (ဒုတိယတွဲ)။ ရန်ကုန်မြို့: ပဉ္စဂံစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)