မီးသတ်ခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မီးလောင်တိုင်း ရေနှင့်ငြိမ်းသတ်လို့မရပါ။ လောင်သောမီးအမျိုးအစားပေါ် မူတည်ပြီး ငြိမ်းသတ်ရပါတယ်။ ဆီကြောင့်လောင်သောမီးလား လောင်စာဆီကြောင့် လောင်သောမီးလား လျှပ်စစ်ကြောင့်လောင်သောမီးလား အမှိုက်ကြောင့် လောင်သောမီးလား အစရှိသဖြင့် အရင်ဆုံးသေချာအောင် စုံစမ်းပြီးတော့မှသာ မည်သည့် မီးသတ်စနစ်ဖြင့် ငြိမ်သတ်ရမည်ကို ရွေးချယ်ရမှာဖြစ်ပါသည်။ ဥပမာ …ချက်ပြုတ်ကြော်လှော်ရာမှ ဆီများဆူပွက်ပြီး ဒယ်အိုးအတွင်းသို့ မီးကူးစက်လောင် ကျွမ်းသည့်အခါ ဒယ်အိုးအဖုံးဖြင့် ဖုံး၍ အောက်ဆီဂျင်ဖြတ်တောက်ခြင်း၊ အမြှုပ်(foam) ဖြင့် ငြိမ်းသတ်ခြင်း။ အတွင်းသို့ ဝင်ရောက်ရန် ခက်ခဲသောအခါ သံဖြတ်ကတ်ကြေးဖြင့် သံတိုင်များအား ဖြတ်တောက်ခြင်း၊ ကွန်ကရစ်အုတ်နံရံများဖြတ်တောက်ခြင်း၊ မီးအပူဒါဏ် ခံနိုင်စေရန် ငွေရောင်မီးကာဝတ်စုံအား ဝတ်ဆင်ခြင်း၊ ရေမှုံရေမွှားသုံး၍ မီးငြိမ်းသတ်ခြင်း၊ ကြိုးသေနတ်ပစ်ခတ်သုံးစွဲခြင်း၊ အသက်ကယ်သိုင်းကြိုးသုံးစွဲခြင်း၊ အသက်ရှူကိရိယာသုံးစွဲခြင်း၊ မီးသတ်ယာဉ်သုံးစွဲ၍ မီးငြိမ်းသတ်ခြင်းတို့ကို စနစ်တကျ လေကျင့်ပြီး မီးငြိမ်းသတ်ခြင်း နည်းပညာများကို အသုံးပြုရပါသည်။

မီးလောင်ရန် အရာဝတ္တုသုံးမျိုးလိုသည်။ ၎င်းတို့မှာ -

  1. အပူ (Heat)
  2. အောက်ဆီဂျင် (Oxygen)
  3. လောင်စာ (Fuel) တို့ ဖြစ်သည်။

ဤသုံးမျိုးပြည့်စုံမှ မီးလောင်နိုင်သည်။ သုံးမျိုးအနက် တစ်ခုခုမရှိပါက မီးမလောင်နိုင်။ သို့အတွက် မီးမလောင်နိုင်ရန်၊ တစ်နည်းအားဖြင့် မီးသတ်ရန် ဤသုံးမျိုးထဲမှ တစ်ခုခုကို ထုတ်ပစ်ရမည်။ အပူ၊ အောက်ဆီဂျင်၊ လောင်စာ မည်သည်ကို နုတ်ပယ်မည်နည်း။ လောင်နေသောမီးကို လောင်စာနှုတ်ယူဘို့ ဆိုတာမလွယ်။ ထိုအခါ ထိုမီးအား အောက်ဆီဂျင် ဆက်လက် မရနိုင်စေရန် ကြိုးပမ်းရပေမည်။ သို့မဟုတ် ရေများပက်ခြင်းဖြင့် အပူကိုငြိမ်းစေရသည်။ ၎င်းကို မီးသတ်သည်ဟု ခေါ်၏။


ရေပက်ပြီး အပူကိုအေးစေခြင်းဖြင့် မီးငြိမ်းစေခြင်းသည် ကာဘွန်လောင်စာများ (ဥပမာ - သစ်သား၊ စက္ကူ၊ အမှိုက်သရိုက်၊ အဝတ်အထည် စသည်) အား ငြိမ်းသတ်ရန် အကောင်းဆုံးဖြစ်သည်။ မီးပြန့်နှံ့နှုန်းနှေးခြင်း၊ မြန်ခြင်း၊ မီးအနည်း၊ အများ ဆိုသည်တို့မှာ အချက်အလက်များစွာပေါ် မူတည်နေပါသည်။ ထိုအထဲတွင် အရေးကြီးဆုံးမှာ မီးလောင်နေသည့်နေရာ၌ လောင်စာမည်မှျ ရှိနေသနည်း၊ (အောက်ဆီဂျင်ပိုရအောင်) လေတိုက်နေသလား။ ပေါက်ကဲွစေတတ်သော ပစ္စည်းများရှိသလား စသည်တို့သည် အဓိက အချက်များဖြစ်ပေသည်။ အောက်ဆီဂျင်နည်းလှျင် မီးလောင်တာ နှေးသည်။ အောက်ဆီဂျင်များများရလေ မီးလောင်တာပိုမြန်လေ။ လေတိုက်လှျင် မီးကူးနံှုးမြန်တာ ဤသဘောတရားဖြစ်၏။ မီးလောင်စေတတ်သော ပစ္စည်းများ၊ ဥပမာ - စက္ကူ၊ သစ်သား၊ အဝတ်အထည် စသည်တို့ များများရှိလှျင် မီးလောင်တာများမည်။

သို့ဖြစ်၍ မီးသတ်ခြင်း ဆိုသည်မှာ ဖြစ်နိုင်သည့်နည်းအားလုံးသုံးကာ အောက်ဆီဂျင်ကို အဆက်ဖြတ်ခြင်း၊ အပူကို လျော့ချခြင်း၊ လောင်စာများကို သယ်ထုတ်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ မီးလောင်ရန် အောက်ဆီဂျင်၊ လောင်စာ၊ အပူတို့အပြင် ၎င်းတို့ကို ဆက်စပ်ပေးမည့် တစ်ခုလည်းရှိသေး၏။ ၎င်းကို Chain Reaction ဟု ခေါ်သည်။ ဆိုလိုသည်မှာ ဓာတ်ဆီလည်းရှိသည်။ လေလည်းရှိသည်။ အပူလည်းရှိသည်။ သို့သော် ၎င်းတို့ကို မီးရှို့ပေးမည့် မီးပွားမရှိလှျင် မီးမလောင်နိုင်။ ဤအချက်သည် မီးကာကွယ်ရေးတွင် အလွန်အရေးကြီးသည်။

မီးလောင်ခြင်းမှ အလွန်ပူသော ဓာတ်ငွေ့၊ လေပူများထွက်လာသည်။ ထိုအပူငွေ့များမှာ သာမန်လေထက် ပိုပေါ့သဖြင့် အပေါ် တက်သွားသည်။ ၎င်းတို့ထွက်သွားသည့်အတွက် အနီးပတ်ဝန်းကျင်မှ လေများ ထိုနေရာကို အစားထိုးရန် ဝင်လာသည်။ ထိုအခါ မီးလောင်လှျင် လေတိုက်သည်ဆိုတာ ဖြစ်လာသည်။ အခန်းတွင်း၌မီးလောင်သည် ဆိုပါက အထက်သို့တက်သွားသော လေပူများသည် မျက်နှာကျက်နှင့် တိုးမိသည်။ ထိုအခါ ၎င်းတို့ထွက်ပေါက်ရှာသည့်အနေနှင့် မျက်နှာကျက်တစ်လျှောက် ပျံ့နံှ့သွားသည်။ အချိန်မီထွက်ပေါက်မရလှျင် မျက်နှာကျက် သို့မဟုတ် ထိုအနားတဝိုက် ပစ္စည်းများမှာ အလွန်ပူကျက်လာကာ (autoignition) အလိုအလျောက် မီးလောင်နိုင်သည်။ ထိုအခါ လေထွက်ပေါက်မရှိသော အလုံပိတ်အခန်းအတွင်း မီးလောင်ပါက မီးကူးအလွန်မြန်ခြင်း ဖြစ်သည်။ သို့အတွက် အဆောက်အအုံများ စတင်ဆောက်စဉ်ကတည်းက ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ လေပူထွက်ပေါက် (Mechanical Ventilation ducts) များ ထားပေးရန်လိုသည်။

သံထည်များနှင့်ဆောက်လုပ်ထားသော အဆောက်အဦများတွင် မီးလောင်ပါက မီးအပူသည် သံထုပ်ယောက် ဒိုင်းမြားသို့ ကူးသွားသည်။ ထိုမှတဆင့် ၎င်းတို့နှင့် ထိစပ်နေသော ပစ္စည်းများသို့ ကူးသွားသည်။ ထိုပစ္စည်းများ အပူလွန်ကဲလာပါက အလိုအလျောက် မီးလောင်နိုင်သည်။ မီးသတ်ရာတွင် ဤသို့သောနည်းဖြင့် အပူများစီးမသွားစေရန် သံဘောင်များကို ဖြိုဖျက်ချရသည်။ သံထည်ပစ္စည်းများနှင့် ထိနေသောပစ္စည်းများကို အဝေးသို့ ရွှေ့ထုတ်ရသည်။

မီးဆိုသည် လောင်သည့်နေရာမှာတင် ပူတာမဟုတ်။ ၎င်းပတ်ဝန်းကျင်သို့လည်း အပူများဖြန့်ထုတ်သည်။ ဤသည်ကို radiation ဟု ခေါ်၏။ ထို့အတွက် မီးလောင်လှျင် ထိုပတ်ဝန်းကျင်ရှိ အရာများပါ ပူလာသည်။ ကြာလာလှျင် အလွန်ပူလာကာ အလို အလျောက်မီးလောင်နိုင်လာသည်။ မီးလောင်နေသည့် ပတ်ဝန်းကျင်တွင် သစ်သားအိမ်များရှိပါက ထိုသစ်သားအိမ်များကိုပါ ရေဖြန်းပေးရန်လိုသည်။ အထူးသဖြင့် သက်ငယ်မိုးထားသော အိမ်များမှာ အလွန်အန္တရာယ်များသည်။ ထိုခေါင်မိုးများပေါ်သို့ ရေကြိုဖြန်းထားရန် လိုသည်။ အနီးပတ်ဝန်းကျင်၌ ဆီတိုင်ကီများရှိပါကလည်း ထိုဆီတိုင်ကီများကို ရေဖြန်းရန်လိုသည်။ ထို့အတူပင် ဈေးများ၌ စာအုပ်ပုံများ၊ အဝတ်ပုံများ စသည်တို့ကို မီးမလောင်မီ ရေကြိုဖြန်းထားရန် လိုသည်။

မီးအမျိုးအစားခွဲခြားရာတွင်

ဥရောပစံနှုန်း

Class A - သာမန်မီးလောင်နိုင်သော ပစ္စည်းများ၊ ဥပမာ - သစ်သား၊ စက္ကူ၊ အဝတ်အထည်၊ ပီဗီစီ၊ စက္ကူပုံး စသည်။

Class B - မီးလောင်နိုင်သော အရည်၊ အခဲများ၊ ဥပမာ - ဓာတ်ဆီ၊ ဆီ၊ ဗင်ဇင်း စသည်။

Class C - မီးလောင်နိုင်သော ဓာတ်ငွေ့များ၊ ဥပမာ - သဘာ၀ဓာတ်ငွေ့၊ ဗျူတိန်း၊ ပရိုပိန်း စသည်။

Class D - မီးလောင်နိုင်သော သတ္တုများ၊ ဥပမာ - သံ၊ ဒန်၊ ကြေး၊ မက်ဂနီဆီယမ် စသည်။

Class F - ချက်ပြုတ်ရာတွင်သုံးသော ပစ္စည်းများ၊ ဥပမာ - ဆီ၊ အဆီ စသည်။

အမေရိကန်စံနှုန်း

Class A - သာမန်မီးလောင်နိုင်သော ပစ္စည်းများ၊ ဥပမာ - သစ်သား၊ စက္ကူ၊ အဝတ်အထည်၊ ကောက်ရိုး၊ စက္ကူပုံး စသည်။

Class B - မီးလောင်နိုင်သော အရည်နှင့် ဓာတ်ငွေ့ ရေဖြင့်မီးသတ်နိုင်သည်မှာ Class A မီးအမျိုးအစားသာဖြစ်၏။ အခြားမီးများကို ရေဖြင့်ငြိမ်းသတ်လို့မရ။ Class A မီးတွင် သစ်သား၊ စက္ကူ၊ အဝတ် တို့ပါကြောင်း ပြောခဲ့ပြီ။ ဆီ၊ ဓာတ်ဆီ၊ လှျပ်စစ်မီးတို့ကို ရေဖြင့်မသတ်ရ။ မီးငြိမ်းသတ်သောအခါ မီးတောက်ပေါ်တည့်တည့် ထိုးရမည်။ အောက်မှစငြိမ်းသတ်ရမည်။ ပြီးမှ အထက်ပိုင်းသို့ ရွှေ့သွားရမည်။

Foam Class A, Class B မီးအမျိုးအစားနှစ်မျိုးတွင် သုံးနိုင်သည်။ အခြားမီးများအတွက် သုံးလို့မရ။ မီးလောင် နေသော နေရာနှင့် အနီးတဝိုက်ကို အမြှုပ်များဖြင့် ဖုံးသွားသည်ထိ ဖြန်းပေးပါ။ ထိုအခါ မီးသည် ပြင်ပလေနှင့် အဆက်ပြတ် သွားသဖြင့် အောက်ဆီဂျင်မရသောကြောင့် ဆက်လက်မလောင်နိုင်တော့ပေ။

ပေါင်ဒါမှူန့်

ချက်ပြုတ်သည့်ပစ္စည်းများအား လောင်သောမီး Class F မှလဲွ၍ ကျန်မီးအားလုံးကို သတ်နိုင်သည်။ မီးလောင်သော နေရာနှင့် အနီးတဝိုက်ကို အမံှု့များဖြင့် ဖုံးသွားသည်ထိ ဖြန်းပေးပါ။ ထိုအခါ မီးသည် ပြင်ပလေနှင့် အဆက်ပြတ်သွားသဖြင့် အောက်ဆီဂျင်မရသောကြောင့် ဆက်မလောင်နိုင်တော့ပေ။

မီးသတ်သောအခါ ဧရိယာတစ်ခုလုံး ခြုံပြီး မဖြန်းပါနှင့်။ မိမိနှင့်အနီးဆုံးနေရာမှ စ၍ ဖြည်းဖြည်းချင်း မီးအားလုံးငြိမ်းသွားသည် ထိ ရှေ့တိုးပြီး ဖြန်းသွားပါ။ သတိပြုရန်မှာ ဤနည်းသည် အောက်ဆီဂျင်ကို အဆက်ဖြတ်ကာ မီးသတ်သောနည်း ဖြစ်သဖြင့် အမှုန်များပြယ်သွားပြီး အောက်ဆီဂျင်ပြန်ရသည်နှင့် အလွန်ပူနေသော မျက်နှာပြင်သည် Autoignition ဖြစ်ကာ မီးပြန်လောင် နိုင်သေးသည် ဆိုသည့်အချက်ဖြစ်၏။

ကာဘွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide)

Class B, Class D မီးများကို ငြိမ်းသတ်ရန် သုံးနိုင်သည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်သည် လေထက်လေး၏။ ထိုအခါ သူရောက်သွားသောနေရာမှ အောက်ဆီဂျင်အားလုံးကို မောင်းထုတ်လိုက်ခြင်းဖြင့် မီးကိုငြိမ်းနိုင်သည်။ အထူးအားဖြင့် လှျပ်စစ် ကြောင့် လောင်သောမီးများအား ငြိမ်းသတ်ရန် အထူးသင့်တော်သည်။ အဘယ်ကြောင့်ဆိုသော ၎ဓာတ်ငွေ့သည် လှျပ်စစ် မစီးနိုင်၊ ပစ္စည်းများကို မစားနိုင်သောကြောင့်ဖြစ်၏။သို့သော် ထမင်းဟင်းချက်သည့်နေရာတွင်လောင်လှျင် မသုံးသင့်။ အဘယ်ကြောင့်ဆိုသော် ဓာတ်ငွေ့လွှတ်ရန် မှုတ်ထုတ်လိုက် သော ဖိအားသည် ဆီများကိုလွင့်စင်စေကာ မီးကိုအလှျင်အမြန် ပြန့်စေသောကြောင့် ဖြစ်၏။ ထိုမီးသတ်ဘူးကို သုံးရာ၌လည်း ပေါင်ဒါမှုံ့ဘူးကဲ့သို့ပင် မိမိအနီးမှစကာ မီးသတ်ပြီး ဖြည်းဖြည်းချင်း ရှေ့တိုးသွားရပါမည်။

ဓါတုဆေးရည်

Class A, Class F မီးများကို ငြိမ်းသတ်ရန် သုံးနိုင်သည်။ ထိုမီးသတ်ဘူးတွင် ရေ ၉၀ ရာခိုင်နံှုးနှင့် ဓါတုဆေးရည် ၁၀ ရာခိုင်နံှုး ပါသည်။ ထိုဆေးရည်များမှာ ဟင်းချက်ဆီနှင့်ထိလိုက်လှျင် ဆပ်ပြာအဖြစ်ပြောင်းသွားသည်။ ထိုအခါ ဆက်လက်မီးမလောင် နိုင်တော့။ မီးသတ်ဆေးရည်အတွင်း ပါလာသည့်ရေက အပူချိန်ကို လျော့ကျစေသည်။ ထိုအခါ မီးငြိမ်းသွားသည်။ ၎ကို Class B, Class C, Class D မီးအတွက်မသုံးသင့်။ ဓါတုဗေဒဓာတ်ပြုကာ အခြေအနေကို ပိုဆိုးသွားစေနိုင်သည်။ လှျပ်စစ် ပစ္စည်းမီးများတွင်လည်း ဓာတ်လိုက်တတ်သဖြင့် မသုံးသင့်ပါ။ မီးသတ်သောအခါ ဆီပေါ်သို့ တိုက်ရိုက်ထိုးမချပါနှင့်။ ဆီများစဉ်ကုန်ပြီး မီးပြန့်သွားနိုင်ပါသည်။ မီးတောက်ကို ဦးစွာငြိမ်းပါ။

ထိုဆေးရည်သည် အယ်လ်ကာလီခပ်ပြင်းပြင်းပါ၏။ ထို့ကြောင့် သတိထား၍ ကိုင်တွယ်ပါ။ အရေပြား၊ မျက်လုံးများနှင့် ထိခဲ့ သော် ရေများများဖြင့် ဆေးပါ။ ပါးစပ်အတွင်းဝင်ခဲ့သော် ရေများများဖြင့်ဆေး၊ ပလုတ်ကျင်း၊ ရေများများသောက်၊ ထို့နောက် ဆရာဝန်နှင့်ပြပါ။