မီးဘေးကာကွယ်ရေး

ဝီကီပီးဒီးယား မှ

ရန်သူမျိုးငါးပါး အဝင်အပါ မီးကိုမလောင်ခင်က ကြို တင် ကာကွယ်ရာ၏။ ထိုသို့ ကာကွယ်ရာ၌ သတိပြုအပ်သော အချက်အလက်များမှာလည်း လူတို့ အမှတ်င်နေလေ့ရှိသော အသေးအဖွဲကလေးများသာ ဖြစ်သော်လည်း ယင်းတို့ကြောင့် လူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ပင် ဆုံးရှုံးရလေသည်။


လူတို့ သတိပြုလေ့မရှိသော အသေးအဖွဲ့ကလေးမှစ၍ အ ကြီးအကျယ်ပျက်စီးရတတ်သည်ကို အမှိုက်ကစ ပြာသာဒ်မီးလောင် သည်ဟု ဆိုစမှတ်ပြုကြသည်။ ထိုစကားမှာ မီးဘေးကာကွယ်ရေး တွင် အလွန်အဖိုးတန်သော စကားတစ်ရပ် ဖြစ်၏။ အဖိုးထိုက်တန်သော လူတို့၏ အသက်၊ စည်းစိမ်ဥစ္စာ တို့သည် မီးလောင်ခံရသော် ကြီးစွာသော အပျက်အစီး အဆုံးအရှုံးနှင့် တွေ့ရသည်က များသည်။

ယင်းသို့ ပျက်စီးဆုံးပါးခြင်း၏ အကြောင်းရင်းကိုရှာမူ များသော အားဖြင့် လူတို့၏ ပေါ့လျော့မှုကို တွေ့ရတတ်လေသည်။ ထိုအခါမှမိမိတို့၏ ပေါ့လျော့မှုအတွက် ကြီးစွာသော နောင်တ ဖြစ်တတ်ကြ သည်။ ထိုကြောင့် အကျိုးပျက်စီးပြီးမှ နောင်တရမည့်အစား မီးမလောင်မီက အထူးသတိထား၍ ကာကွယ်သင့်လှပေသည်။

ရန်သူမျိုး ငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မီးကို မလောင်မီက ကြိုတင်ကာကွယ်ရာ၌ သတိပြုအပ်သော အချက် အလက်များမှာ များသောအားဖြင့် လူတို့ အမှတ်မထင် နေလေ့ရှိ သော အသေးအဖွဲကလေးများပင် ဖြစ်သည်။ လူတို့၏ နေ့စဉ်သုံးပစ္စည်းများတွင် အလွယ်တကူ မီးစွဲလောင်နိုင်သော ပစ္စည်းများစွာ ရှိသည်ကို ရှေးဦးစွာ သတိထားသင့်သည်။ အမှတ်မဲ့ ပစ်လိုက် သော မီးခြစ်ဆန်၊ ဆေးလိပ်တိုကလေးများမှ မီးသည် မီးတောက် ကြီးအထိ ပွားကာ ဆုံးရှုံးပျက်စီး လောက်အောင် ဖြစ်စေနိုင်သည်။

မီးမလောင်ရန် သတိပြုကာကွယ်ရာ၌ မီးကိုသာ သတိနှင့် ကိုင်တွယ်ရမည်မဟုတ်၊ အိမ်တွင်းအိမ်ပ၌ မီးစွဲလောင်စေတတ်သော အရာဝတ္ထုအားလုံးကိုလည်း မီးနှင့်ဝေးရန်၊ သို့မဟုတ် မီးမစွဲနိုင်စေ ရန် စီမံထားဖို့လိုပေသည်။ ရေနံဆီ၊ ဓာတ်ဆီ စသည်တို့မှတစ်ပါး မီးအစွဲလွယ်ဆုံး အိမ်တွင်းပစ္စည်းများမှာ စက္ကူနှင့် အဝတ်စများဖြစ် ၏။ အိမ်ဆောက်ထားသည့် ပစ္စည်းများမှာ သစ်၊ ဝါး၊ ဓနိ၊ သက် ငယ် စသော လောင်စာများဖြစ်လျှင် မီးကို အထူးသတိပြုရပေမည်။ မီးခံပစ္စည်းများဟု ဆိုရမည်ဖြစ်သော သံ၊ သွပ်၊ ကျောက်၊ အုတ် စသည်တို့ဖြင့် ဆောက်လုပ်သော အဆောက်အအုံကြီးမှာပင် မီးဘေး ကြီးများ ဆိုက်ရောက်လာလျှင် အပျက်အစီးမှ လွတ်ခဲလှ၏။ သို့ရာ တွင် ထိုပစ္စည်းများမှာ သစ်၊ ဝါး၊ ဓနိ၊ သက်ငယ်တို့ကဲ့သို့ မီးစွဲ လွယ်သောပစ္စည်းများ မဟုတ်သဖြင့် အိမ်တွင်း၌ မတော်တဆ လောင်သော မီးတောက်များ တစ်အိမ်လုံးသို့ မကူးမီ ငြိမ်းသတ်ချိန် ရနိုင်ပေသည်။ နေအိမ်အဆောက်အအုံများကို တတ်နိုင်လျှင် ရုတ် တရက် မီးမစွဲနိုင်သော ပစ္စည်းမျာဖြင့် ဆောက်သင့်သည်။ ကြောက် စရာအကောင်းဆုံးမှာ မီးတောက်ဖြစ်၏။

မီးတောက်သည် လောင် ကျွမ်းကူးစက်ရာတွင် အလျင်အမြန်ဆုံး ဖြစ်သည်။ သိပ္ပံပညာထွန်းကားသော ယခုခေတ်တွင် မီးစွဲတတ်သော ပစ္စည်းအများအပြားကို မီးမစွဲနိုင်စေရန် ဆေးရည်ဖြင့် စီမံထားနိုင် ကြလေသည်။ ဆာဝီလျံ ပါကင်သည် သစ်သားများကိုလည်း ကောင်း၊ အဝတ်အထည်များကိုလည်းကောင်း မီးခံနိုင်စေရန် စိမ်သည့်ဆေးရည်မျာကို အောင်မြင်စွာ စမ်းသပ်ဖော်စပ်ခဲ့၏။ ထို ပြင် မီးသတ်ဘူးမျာကိုလည်း စီမံခဲ့ကြသည်။ မီးသတ်ဘူးတွင် ဆိုဒီယမ်ဗိုင် ကာဗွန်နိတ်နှင့် ဆာလဖျူရစ်အက်ဆစ်များကို တစ်ခြား စီ ထည့်ထားသည်၊ အရေးကြုံ၍ သုံးလိုသောအခါ ထိုမီးသတ်ဗူးကို ဇောက်ထိုးလုပ်လိုက်ခြင်းဖြင့် ဓာတ်ရည်နှစ်ခု ရောနှောမိကာ ကာ ဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထွက်ပေါ်လာပြီးလျှင် မီးတောက်ဖြစ်စေ သည့် အောက်ဆီဂျင်ဓာတ်ကို ငြိမ်းသတ်နိုင်လေသည်။ ဤကိရိယာ မှာ ငွေကုန်ကြေးကျ မများလှဘဲ ဝယ်ယူအသုံးပြုနိုင်ကြ၍ မီးဘေး ကာကွယ်ရေးတွင် များစွာ ခရီးရောက်ပေသည်။

မီးလောင်သောအခါ အမြန်ဆုံး ငြိမ်းသတ်နိုင်ရန် ကိရိယာ များကို အဆင်သင့် ထားသင့်သည်။ မီးသတ်အဖွဲ့များ မရှိသေးသည့် ကျေးလက်တောရွာများတွင် မီးချိတ်မီးကပ်များ အဆင်သင့်ထား ရန် အစိုးရ၏ ဆင့်ဆိုချက်များကို အထူးသတိပြု လိုက်နာသင့်ပေ သည်။

တောမီးများမှာလည်း အလွန်ကြောက်မက်ဖွယ် ကောင်း၏။ ကျေးရွာများနှင့် အဖိုးတန် သစ်တောများမှာ တောမီးလောင်၍ ပျက်စီးဆုံးရှုံးရတတ်၏။ တောတွင်းရှိ သစ်ပင်သစ်ကိုင်းချင်း ကြိတ်မိ၍ တောမီးလောင်တတ်သည်။ အနောက်နိုင်ငံများ၌ တောမီးကို အထူး ဂရုပြုကြသည်။ တောမီးကာကွယ်ရန် တောင်ပူစာ ထိပ်များ၌ မီး ကြည့်မျှော်စင်များ ဆောက်ထားပြီးလျှင် တောမီးလောင်သည်နှင့် တစ်ပြိုင်နက် အချက်ပေး၍ မီးငြိမ်းသတ် ကြရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)