မီးပြင်းဖို

ဝီကီပီးဒီးယား မှ

ယခုအခါ၌ အလွန်ကြီးမားခိုင်ခံ့လှသည့် စစ်သင်္ဘောကြီး များ၊ သံချပ်ကာကားကြီးများ၊ အမြောက်ကြီးများစသည့် ထုထည် ကြီးမားလှသော အဆောက်အအုံများကို သံမဏိတို့နှင့် ဆောက်လုပ် ကြသည်။ သံ၊ သံမဏိများကို အလိုရှိသောပုံမျိုး သွန်းလုပ်ရန် အရည်ကျိုရာ၌ လည်းကောင်း၊ ပျော့ပျောင်းအောင် လုပ်ရာ၌ လည်း ကောင်း အလွန်ပူပြင်းသည့် မီးပြင်းဖိုများကို လိုအပ်ပေသည်။

မီးဖိုဆိုရာ၌ အိမ်တွင်းရှိ ထမင်းဟင်းချက်ပြုတ်ရန် မီးဖို၊ အေးသောတိုင်းပြည်များတွင် အိမ်တွင်း အပူငွေ့ရစေရန် အတွက် အပူငွေ့ပေးထားသော မီးဖိုများကိုသာ လူသိများကြသည်။ အမှန်မှာ စက်ရုံလုပ်ငန်းများ၌ သုံးသော မီးပြင်းဖိုများမှာ ဆိုခဲ့သော မီးဖိုတို့ ထက် အဆပေါင်းများစွာ အပူအားကြီး၍ စက်ရုံလုပ်ငန်းတွင် အလွန်အရေးပါ အရာရောက်ကြပေသည်။ ယခုအခါတွင် အသုံးအ များဆုံးလည်းဖြစ်၍ အရေးအကြီး ဆုံးလုပ်ငန်း၌ အထိရောက်ဆုံး လည်းဖြစ်သော မီးပြင်းဖိုများမှာ လျှပ်စစ်မီးဖိုများဖြစ်ကြသည်။ ထို မီးဖိုများသည် ဖာရင်ဟိုက် ဒီဂရီ ၇ယဝဝဝ မျှရှိသော အပူချိန်ကို ပေးစွမ်းနိုင်သဖြင့် အခြားသာမန် မီးပြင်းဖိုများထက် နှစ်ဆမျှပို၍ အပူအားကောင်းသည်။ အလွန် အရည်ပျော်ခဲလှသော သတ္တုများပင် ထိုမီးဖိုများထဲတွင် အရည်ပျော်နိုင်ကြပေသည်။

လျှပ်စစ်မီးဖိုတွင် လုံကြီးတစ်ခု ပါဝင်၏။ ထိုလုံကြီးကို ပြင်းထန်သော အပူဒဏ်ကို ခံနိုင်၍ လျှပ်စစ်ဓာတ် မကူးနိုင်သော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။ အချို့ လျှပ်စစ်မီးဖိုများတွင် ကာဗွန် ဓာတ်ခေါင်း နှစ်ခု အကြား၌သော် လည်းကောင်း၊ ကာဗွန်ဓာတ်ခေါင်းများမှ အပူတိုက်ပေးရမည့် အရာဝတ္တုသို့သော်လည်းကောင်း လျှပ်စစ်ဓာတ်စီး ဖြတ်ကူးစေသည်။ ထိုအခါတွင် လျှပ်စစ်ဓာတ်စီး သည် ပြင်းထန်သော လျှပ်စစ်မီးစွယ်ကြီးကို ဖြစ်စေသည်။ အချို့ မီးပြင်းဖိုတွင် လုံကို ကြေးနန်းကြိုးများဖြင့် ရစ်ပတ်၍ ကြေးနန်း ကြိုးထဲသို့ လျှပ်စစ်ဓာတ် ဖြတ်စီးစေပြီးလျှင် အပူတိုက်ပေးသည်။

ကြေးနန်းကြိုး ပြုလုပ်သော သတ္တုများတွင် နစ်ကယ် ကရိုမီယမ်ကိုအပူချိန်စင်တီဂရိတ် ဒီဂရီ ၁ဝဝဝ အထိရှိသော လျှပ်စစ်ဓာတ်စီး အတွက် အသုံးပြုနိုင်သည်။ ထိုအပူချိန်ထက်မြင့်သော အပူချိန်များအတွက် ပလက်တီနမ်၊ သို့မဟုတ် မိုလစ်ဒီနမ်ကို အသုံးပြုရသည်။ ထိုသတ္တုတို့ကို အောက်ဆီဂျင်ပါသည့် လေထဲ၌ အသုံးပြု လျက် အောက်ဆိုက်အဖြစ်သို့ ပြောင်းသွားတတ်ကြသဖြင့် ထိုသတ္တု တို့ကို အသုံးပြုနေစဉ်တွင် အနီးတစ်ဝိုက်၌ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့များ ကို လွှတ်ပေးထားရသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လျှပ်စစ်မီးဖိုများသည် အရည်ပျော်ခဲသော သတ္တုများကို သတ္တုရိုင်းများမှ ထုတ်ယူရာတွင် များစွာအသုံးဝင်လေသည်။ ကျောက်မီးသွေးအဖြစ်မှ ဂရက်ဖိုက် အဖြစ်သို့ ပြောင်းလဲရာ၌လည်းကောင်း၊ ကျောက်သကလင်းမျိုးမှ ဖန်ချိုင့်စသည်တို့ သွန်းလုပ်ရာ၌လည်းကောင်း၊ သံမဏိကျိုချက်ရာ၌ လည်းကောင်း လျှပ်စစ်မီးဖိုများကသာ ထိရောက်စွာဆောင်ရွက်ပေးနိုင်ကြပေသည်။

လျှပ်စစ်မီးဖိုအပြင် အခြားမီးပြင်းဖို အမျိုးမျိုးရှိကြသေးရာ ထိုမီးပြင်းဖိုတို့ကို ၃ မျိုး ခွဲခြားထားနိုင်သည်။

  • (၁) မီးတိုက်လို သော အရာဝတ္ထုနှင့် မီးတို့ကို ထိတွေ့စေသော မီးပြင်းဖိုများ၊ ထိုမီးဖိုမျိုးမှာ ပန်းဘဲဖိုမှမီးဖိုများနှင့် လေမှုတ်မီးပြင်းဖိုကြီး မျိုးဖြစ်သည်။
  • (၂) ထင်းမီးကို မီးဖိုအတွင်း အခန်းတစ်ဖက်၌ထား၍ မီးတိုက်လို သော အရာဝတ္ထုကို အခြားအခန်းတစ်ဖက်၌ ထားလျက် မီးတောက်ကို မီးဖိုအဖုံးအောက်တစ်လျှောက် အရာဝတ္ထုဆီသို့ ရိုက်ဟပ်စေ သော မီးဖိုများ၊ ထိုမီးဖိုမျိုးမှာ မီးလွှဲမီးဖိုမျိုးဖြစ်သည်။
  • (၃)မီးတိုက် လိုသော အရာဝတ္ထုကို အိုးထဲထည့်ကာ အလုံပိတ်ထားပြီးလျှင် အပြင်မှ မီးအမျိုးမျိုးဖြင့် အပူတိုက်ပေးရသည့် မီးဖိုများ၊ ထိုမီးဖိုမျိုး မှာ ဖန်ကိုကျိုသော အိုးမီးဖို၊ သံမဏိကို ကျိုသော လုံမီးဖိုမျိုးဖြစ်သည်။


ဤမီးပြင်းဖိုများသည် ပူပြင်းသော အပူကို ပေးစွမ်းနိုင်၍ ဓာတုဗေဒလုပ်ငန်းများတွင် လွန်စွာ အရေးပါအရာရောက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)