မီးခြစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
An ignited lighter

သစ်သားမီးခြစ်၊ ဓာတ်မီးခြစ်၊ ဂက်(စ်)မီးခြစ် စသော မီးခြစ်များပေါ်ပေါက် လျက်ရှိသည့် ယခုခေတ်တွင် မီးကိုအလွယ်တကူဖြင့် ရနိုင်ဖြစ်ပေါ် စေနိုင်ပြီဖြစ်သော်လည်း ရှေးခေတ်များကမူ မီးဖြစ်ပေါ်စေရန်အတွက် အလွန်ပင် ခက်ခက်ခဲခဲဖြင့် ပြလုပ်ခဲ့ရပေသည်။ အပူဓာတ် ပြင်း အားကြီးလျှင် မီးတောက်လောင်တတ်၍ အရာဝတ္ထုနှစ်ခုကို ပွတ်တိုက်ပေးလျှင်ပူလာတတ်သည်။ ဤသဘောကို လူတို့သည် ရှေး ခေတ်များကပင် သိရှိခဲ့ကြ၏။ ထိုသို့ သိရှိခဲ့ကြသည့်အတိုင်း ရှေး ကကျောက်ကို ကျောက်နှင့်ဖြစ်စေ၊ သံကို ကျောက်နှင့် ဖြစ်စေ ခတ်ပေးခြင်ဖြင့်လည်းကောင်း၊ ဝါးဝါးချင်း၊ သစ်သစ်ချင်း နာနာပွတ်တိုက်ပေးခြင်းဖြင့် လည်းကောင်း မီးမွှေးခဲ့ကြသည်။

ကျောက်နှင့်ကျောက်၊ သို့မဟုတ် သံနှင့်ကျောက်ကို မီးခတ်ပေး ရာတွင် မီးပွင့်ထွက်လာမည့်အနား၌ ဝါဂွမ်းကဲ့သို့သော မီးစွဲလွယ် မည့်ပစ္စည်း တစ်ခုခုကိုထားရ၏။ မီးခတ်၍ ဂွမ်းစကို မီးစွဲလောင် သောအခါ သစ်စ၊ ဝါးစ၊ သစ်ရွက်ခြောက် စသော လောင်စာများ ဖြင့် စုပုံဝိုင်းရံပြီးလျှင် ဂွမ်းစကိုမှုတ်ပေးခြင်းဖြင့် အလိုရှိသော မီး တောက်မီးပုံတို့ကို ဖန်တီးရလေသည်။ ယခုခေတ်တိုင်အောင်ပင် လူရိုင်းများနေထိုင်ရာ ခေတ်မမှီသေးသော ဒေသများ၌ ဤရှေးနည်း များကို သုံးစွဲလျက်ရှိပေသေးသည်။

နောင်သော် ဖော့စဖောရပ် (မီးစုန်း)၊ ကန့်စသော အပူချိန် အနည်းငယ်တက်ရုံမျှနှင့် မီးတောက်လွယ်သော ပစ္စည်းများကိုတွေ့ ရှိလာရာမှ ယခုခေတ်သုံး သစ်သားမီးခြစ်များ ဖြစ်ထွန်းပေါ်ပေါက် လာလေသည်။ သို့သော် အဆိုပါ မီးခြစ်များကို ၁၈၂၇ ခုနှစ်တွင် စတင်တီထွင်နိုင်ခဲ့၍ ၁၈၃၃ ခုနှစ်တွင်မှ စတင်ရောင်းချခဲ့သည်ကို ထောက်လျှင် ဤခေတ်မှီ မီးခြစ်များ ပေါ်ပေါက်လာသည်မှာ အနှစ် တစ်ရာကျော်မျှသာရှိသေးသည်ဟု သိအပ်ပေသည်။

မီးခြစ်များကို စတင်တီထွင်စဉ်က မီးခြစ်ဆံယမ်းခေါင်း ပြုလုပ်ရန်အတွက် ဖော့စဖောရပ်အဖြူနှင့် ကန့်ရောထားသော ဒြဗ် ပေါင်းကို အသုံးပြုခဲ့ကြသည်။ သို့ရာတွင် အဆိုပါယမ်းခေါင်းသည် မီးအလွန်လောင်လွယ်၍ မီးလောင်သောအခါ ဆိုးရွားသော အနံ့ ရှိသည့် အခိုးများထွက်ခြင်းကြောင့် တစ်ကြောင်း၊ ဖော့စဖောရပ် အဖြူမှထွက်သော အဆိပ်ငွေ့များကြောင့် မီးခြစ်ရုံရှိ အလုပ်သမား များ မကြာခဏ မေးခိုင်ရောဂါရတတ်ခြင်းကြောင့်တစ်ကြောင်း ဥရောပနိုင်ငံကြီးများတွင် ဖော့စဖောရပ်အဖြူကိုမသုံးရန် ပိတ်ပင်လာ ရသည်။ ထိုကြောင့် ဖော့စဖောရပ်အဖြူအစား ဖော့စဖောရပ် အနီကို ဖြစ်စေ၊ သို့မဟုတ် ဖော့စဖောရပ်နှင့် အခြားမီးတောက်လွယ်သော ဓာတ်ပစ္စည်းများကို ရော၍ဖြစ်စေ အသုံးပြုခဲ့ကြရာမှ ယခုခေတ်သုံး ဘေးကင်းမီးခြစ်ခေါ် မီးခြစ်မျိုး ပေါ်ပေါက်လာခဲ့လေသည်။

ဘေးကင်း မီးခြစ်ဆိုသည်မှာ သူ့အလိုလို ထတောက်ခြင်း မရှိဘဲ မီးခြစ်ဆံယမ်းခေါင်းကို မီးခြစ်ဗူးဘေးရှိ ဓာတ်ပစ္စည်းများနှင့် စီမံထားသော ယမ်းခွံတွင် ခြစ်ပေးမှ မီးလောင်သည့် မီးခြစ်မျိုး ဖြစ်သည်။ ဤမီးခြစ်မျိုးကို ဥတုမရွေး အသုံးပြုနိုင်င အလိုအ လျောက်မီးထတောက်ခြင်းမရှိသည့်အတွက် စိတ်ချစွာ ကိုင်တွယ် အသုံးပြုနိုင်ပေသည်။ မီးခြစ်တွင် မီးခြစ်ဆံယမ်းခေါင်းကို ပိုတက် ဆီယမ်ကလိုရိတ်ကဲ့သို့သော မီးလောင် လွယ်သည့် ဓာတ်ပစ္စည်း များဖြင့်ပြုလုပ်ထား၍ ယမ်းခွံလုပ်မည့်နေရာတွင် ဖော့စဖောရပ်ပါဝင် သော ဒြဗ်ရောဖြင့် သုတ်လိမ်းပေးထားသည်။ အချို့ဥရောပနိုင်ငံ များတွင်မူ သစ်သား မီးခြစ်ဆံအစား ဖယောင်းစိမ် မီးစာတစ်မျိုးကို အသုံးများ ကြသည်။

မီးခြစ်များ စတင်ပေါ်ပေါက်ချိန်မှစ၍ ၁၈၆ဝ ပြည့်နှစ် တိုင်အောင် လက်ဖြင့်ပင် ကြာရှည်လေးမြင့်စွာ တစ်ပင်တစ်ပန်းပြု လုပ်ခဲ့ကြရ၏။ သို့သော် ယခုအခါ မီးခြစ်များကို အစမှ အဆုံးတိုင် စက်ဖြင့်ပြုလုပ်လျက်ရှိပေပြီ။ မီးခြစ်ဆံ လုပ်ရန်အတွက်သစ်သားအပွ စားကို အသုံးပြုလေ့ရှိရာ များသောအားဖြင့် ထင်ရှူးသား အဖြူ မျိုးကို အသုံးများ ကြသည်။ ရှေးဦးစွာ သစ်သားများကို အလော တော်အတုံးများဖြစ်အောင် ပြုလုပ်ပြီးနောက် အသားသေစေရန် တစ် နှစ်ကျော်မျှ ထားရသည်။ ထိုနောက် မီးခြစ်ဆံပြုလုပ်သောစက်ထဲသို့ ထည့်သွင်းလိုက်သောအခါ စက်ထဲရှိ ဓားသွားများက မီးခြစ်ဆံ အရွယ် သစ်သားချောင်း ကလေးများဖြစ်အောင် လျင်မြန်စွာ ခွဲစိတ် ပေးသည်။ခေတ်မှီသော စက်တစ်လုံးသည် တစ်နာရီတွင် မီးခြစ်ဆံ အချောင်းရေ တစ်သန်းကျော်မျှ ခွဲစိတ်ပေးနိုင်သည်။ ထိုသို့ ခွဲစိတ် ပြီးသောအခါ စက်ကပင် မီးခြစ်ဆံများကို ဆန်ခါပေါက်ဖောက် ထားသော သတ္တုပြားတွင် ထိုးစိုက်ပေးလိုက်၏။

သတ္တုပြားများမှာ အများအပြားရှိ၍ တစ်ခုနှင့်တစ်ခုကိုအစအဆုံးမရှိဘဲ ခါးပတ်ကွင်း ဖြစ်နေအောင် ပတ္တာများဖြင့်ဆက်ထားပြီးလျှင် ဒလိမ့်တုံးများဖြင့် အဆက်မပြတ် လည်နေစေသည်။ သတ္တုပြားများ သယ်ဆောင်ရာသို့ လိုက်ပါနေရသော မီးခြစ်ဆံ သစ်သားချောင်း ကလေးများသည် အဆင့်အားလုံးကို လွန်မြောက်သောအခါ မီးခြစ်ရန် အဆင်သင့် ဖြစ်သော ယမ်းခေါင်းတပ် မီးခြစ်ဆံများအဖြစ်ဖြင့် ထွက်လာလေ သည်။

မီးခြစ်ဆံပြုလုပ်သည့် ပထမဆင့်တွင် မီးခြစ်ခြစ်၍ အသုံး ပြုငြိမ်းသတ်ပြီးနောက် မီးခြစ်ဆံသစ်သားချောင်း၌ မီးရဲပြီး ကျန်မနေခဲ့စေရန်အတွက် မီးခြစ်ဆံများကို ဓာတ်ဆေးရည်တစ်မျိုးတွင် နှစ်ပေးရသည်။ ပြီးလျှင်အခြောက်ခံ၍ ဖယောင်းရည်တွင်နှစ်ပေးရ ၏။ ဖယောင်းရည်တွင် နှစ်ပေးခြင်းမှာ မီးခြစ်သောအခါ၌ လွယ် လင့်တကူ မီးလောင်စေရန် ဖြစ်သည်။ ထိုနောက် ယမ်းရည်နှစ်မျိုး တွင် နှစ်ကြိမ်နှစ်ပေးခြင်းဖြင့် ယမ်းခေါင်းဖြစ်အောင် ယမ်းနှစ်ကြိမ် တင်ပေးရသည်။ ပထမ အကြိမ်တွင် သာမန်ပွတ်တိုက်မှုဖြင့် မီး မလောင်နိုင်သော ယမ်းရည်ထဲ၌ မီးခြစ်ဆံ ခေါင်းဖျားကို နှစ်ပေး သည်။ ပြီးမှ မီးတောက်လွယ်သော အခြား ယမ်းရည်ထဲတွင် နှစ် ပေးရ ပြန်သည်။ ဤသို့ ယမ်းနှစ်ဆင့်တင်ပြီးသောအခါ မီးခြစ်ဆံ များကို လေပူဖြင့်သွေ့ခြောက်စေရသည်။ ထိုနောက် သတ္တုပြားများမှ မီးခြစ်ဆံများကို စက်က ထိုးထုတ်ပေး၍ စက်ဖြင့်ပင် မီးခြစ် ဗူးထဲသို့ တည့်ခြင်း၊ ထုပ်ခြင်း၊ တံဆိပ်တပ်ခြင်း စသည်တို့ကို ပြုလုပ်ယူလေသည်။ မီးခြစ်ဗူးတွင် မီးခြစ်ဆံ ၅ဝ မှ ၆ဝ အထိ (မြန်မာနိုင်ငံတွင် အများဆုံး ၄ဝ) ပါဝင်တတ်၍ မီးခြစ်ဗူးအရွယ်မှာ အကြမ်းအားဖြင့် ၂ ၁ /၄ x ၁ ၁ /၂ x ၁ /၂ လက်မခန့် ရှိတတ်လေသည်။

ဤမီးခြစ်မျိုးကို ယခုအခါ မြန်မာနိုင်ငံတွင်လည်း ပြုလုပ် လျက်ရှိပေပြီ။ ကမ္ဘာသုံးအတွက် မီးခြစ်များကို အကြီးအကျယ် ပြုလုပ်ရောင်းချသော နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုက ပထမစွဲ၍ ဆွီဒင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ဒုတိယလိုက်လေသည်။

ဗူးဖြင့် ထည့်ထားသော မီးခြစ်မျိုးအပြင် စာအုပ်ကလေး သဖွယ် ပြုလုပ်ထားသော မီးခြစ်ကပ်ကလေးတစ်မျိုးကိုလည်း တွေ့ မြင်ဘူးကြပေသည်။ ထိုမီးခြစ်တွင် သစ်သားအစား ကပ်ထူစက္ကူကို သုံးထား၍ စက်နှစ်လုံးဖြင့် ပြုလုပ်ရ၏။ ပထမစက်က ကပ်ထူစက္ကူကို လိုသလိုခွဲစိတ်ပေးခြင်း၊ ဖယောင်းရည်၊ ယမ်းရည်များတွင် နှစ် ပေးခြင်းစသည်တို့ကို ပြုလုပ်ပေး၍ ဒုတိယစက်က စာအုပ်သဖွယ် ဖြစ်အောင် အဖုံးကပ်ပေးသည်။ အသုံးပြုသောအခါ မီးခြစ်ဆံချောင်း ကို မီးခြစ်ကပ်မှဆွဲထုတ်၍ အဆင်သင့်ပါလာသော ယမ်းခွံတွင် ခြစ်ယူရလေသည်။

တစ်ဖန် မီးခြစ်လုပ်ငန်း စတင်ပေါ်ပေါက်ခဲ့သည့် အချိန်မှ စ၍ မီးခြစ်တီထွင်လုပ်ကိုင်သူတို့ ကြံစည်မြော်မှန်းလာခဲ့သော ရေခံ မီးခြစ်တစ်မျိုးကို ဒုတိယကမ္ဘာစစ်ကြောင့် အမေရိကန်ပြည်ထာင်စုမှ ပထမဦးစွာ တိုးတက်ကြံစည် နိုင်ခဲ့ပေသည်။ အဆိုပါ ရေခံမီးခြစ်ကို စမ်းသပ်ကြည့်ရာ ရေထဲ၌ ဂ နာရီကြာမျှ စိမ်ထားပြီးသည့်တိုင် အောင် မီးခြစ်၍ တောက်သည်ကို တွေ့ရ၏။ ထိုမီးခြစ်ကို ၁၉၄၃ ခုနှစ်တွင် စတင်ပြုလုပ်၍ အမေရိကန်လက်နက်ကိုင် တပ်များသို့ တစ်နေ့လျှင် မီးခြစ်ဗူးပေါင်း တစ်ကုဋေကျော်မျှ ဖြန့်ချိ ပေးဝေနိုင်ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)