မီယာရှမ် ပင်လယ်ရေမြှုပ်

ဝီကီပီးဒီးယား မှ

မီယာရှမ် ဆိုသည်မှာ ဂျာမန် စကားမှ ဆင်းသက်လာ၍ ပင်လယ်ရေမြှုပ်ဟု အဓိပ္ပာယ်ရသောကြောင့် မီယာရှမ်ပင်လယ်ရေမြှုပ်ဟု ခေါ်စေကာမူ စင်စစ်ယင်းမှာ နူးညံ့၍ဖြူသော မြေစေးကဲ့သို့ သော တွင်းထွက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ခြောက်သွေ့သောအခါ ရေပေါ်တွင် ပေါ်နိုင်သည်။ မြေစေးနှင့်တူ၍ ဆေးတံများ ပြုလုပ် ရာတွင် အသုံးပြုလေ့ရှိသည်။ ထိုပစ္စည်းကို အာရှမိုင်းနားပြည်တွင် အများအပြားရနိုင်သည်။ မြေလွှာအောက်၌ အခဲလိုက် တည်ရှိတတ် သည်။ ယင်းတွင် မက်ဂနီဇီယမ်၊ ဆီလီကွန်၊ အောက်ဆီဂျင်နှင့် ရေ ပါဝင်၍ ဓာတုဗေဒအခေါ်အရ ထိုပစ္စည်းသည် ရေပါဝင်သော မက်ဂနိဇီယမ် ဆီလီကိတ်ပင် ဖြစ်သည်။

ထိုပင်လယ်ရေမြှုပ်ဖြင့် ပြုလုပ်ထားသော ဆေးတံတွင် စိမ့် နိုင်သော အပေါက်ကလေးများ ပါရှိသဖြင့် အရောင်ကို စုတ်ယူပြီး လျှင် တဖြည်းဖြည်းအညိုရောင်ထ၍ တောက်ပလာသည်။ သို့သော် ဆေးအိုးသည် ပူလွယ်ပြီးလျှင် ကျိုးလွယ်တတ်၏။ အဆိုပါဆေးတံ မျိုးကို ဗီယင်းနားနှင့် ပါရစ်မြို့များ၌ အကြီးအကျယ်ပြုလုပ်ကြ သည်။ စီးကရက်စွပ်တံများ ပြုလုပ်ရာတွင်လည်း ထိုပင်လယ် ရေမြှုပ်မျိုးကို အသုံးပြုတတ်ကြသည်။ တူးခါးစတွင် ထိုပင်လယ်ရေမြှုပ်သည် ဆပ်ပြာကဲ့သို့ ပျော့ပျောင်း၍ ရေနှင့်ထိလျှင်လည်း ရေမြှုပ်ထကာ ချေးနှင့်ဆီကိုချွတ်နိုင်သည်။ အဆိုပါ ပင်လယ်ရေမြှုပ်ကို အာရှမိုင်းနားအပြင် ချက်ကိုဆလိုဗားကီးယားနိုင်ငံ မိုရေးဗီးယားပြည်နယ်၊ စပိန်နိုင်ငံ၊ ရုရှနိုင်ငံ ကရိုင်းမီယားနယ်နှင့် အမေရိကန်ပြည်ထောင်စု တောင်ကရိုလီးနားပြည်နယ်များမှလည်းရနိုင်သည်။ စပိန်နိုင်ငံတွင် ထိုပင်လယ်ရေမြှုပ်ကို အိမ်ဆောက်အုတ်အဖြစ် အသုံးပြုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)