မိုလိုတော့ကော့တေး

ဝီကီပီးဒီးယား မှ

မိုလိုတော့ကော့တေးသည် ဓာတ်ဆီဗုံး၊ ပုလင်းဗုံး၊ လူမွဲသုံးလက်ပစ်ဗုံး၊ မီးလောင်ဗုံး (အရပ်သားအခေါ်သာဖြစ်သည်။ စစ်ဘက်သုံး မီးလောင်ဗုံးလည်း ရှိသည်)၊ မီးပုလင်း၊ မိုလိုတော့တို့အပြင် အတိုကောက်အနေဖြင့် မော်လီဟုလည်း ခေါ်တတ်သောပစ္စည်းသည် ပုလင်းကိုအခြေခံသော ကောက်ခါငင်ခါသုံး ရန်ပြုလက်နက်တမျိုး ဖြစ်သည်။

ပြလုပ်ရန်လွယ်ကူသောကြောင့် ဒုစရိုက်သမားများ၊ အဓိကရုဏ်းဖန်တီးသူများ၊ မြို့ပြပြောက်ကျားတပ်များ၊ အကြမ်းဖက်သမားများ၊ ဖားတပိုင်းငါးတပိုင်းစစ်သားများအပြင် စစ်ဘက်သုံးလက်နက်များ ကုန်နေလျှင် စစ်သားများပင် သုံးတတ်သေးသည်။

အမည်တွင်လာပုံ[ပြင်ဆင်ရန်]

မိုလိုတော့ကော့တေးဟူသော ဝေါဟာရကို ဖင်လန်သားတို့က ဆောင်းရာသီစစ်ပွဲဟုခေါ်သော ပထမ ဖင်လန်_ဆိုဗီယက်စစ်ပွဲတွင် စခေါ်သည်။ ထိုစဉ်က ဆိုဗီယက်နိုင်ငံခြားရေးဝန်ကြီးလုပ်နေသော ဗီယာချက်စလော့မိုလိုတော့အား ရွဲ့၍ သုံးခြင်းဖြစ်သည်။ မိုလိုတော့သည် ၁၉၃၉ ခု၊ ဩဂုတ်လနှောင်းပိုင်းတွင် အချင်းချင်းရန်မပြုရေးအတွက် နာဇီတို့နှင့် မိုလိုတော့-ရဘ္ဘန်ထြုစာချုပ်ကို ချုပ်ခဲ့သူဖြစ်သည်။

ဆောင်းရာသီစစ်ပွဲအတွင်း ဆိုဗီယက်အစိုးရပိုင်ရေဒီယိုမှတဆင့် မိုလိုတော့က ဝါဒဖြန့်ကြေညာချက်ထုတ်သည်။ ဖင်လန်အား ဆိုဗီယက်တို့က ဗုံးကြဲရခြင်းမှာ ငတ်မွတ်နေသောအိမ်နီးချင်းနိုင်ငံအား လူသားချင်းစာနာသောအနေဖြင့် စားနပ်ရိက္ခာများ ချပေးခြင်းဟု ဆိုသည်။ သို့ဖြစ်ရာ ဖင်လန်သားတို့က ဆိုဗီယက်တို့ချသော အစထွက်ဗုံးများကို မိုလိုတော့ပေါင်မုန့်တောင်းဟု ရွဲ့ခေါ်သည်။ ဆိုဗီယက်တင့်ကားများအား လက်လုပ် မီးလောင်ဗုံးဖြင့် ပစ်သည့်အခါ၌လည်း မိုလိုတော့ပေးသောစားစရာများနှင့်တွဲသောက်ရန် မိုလိုတော့ကော့တေးဟု ခေါ်သည်။

ဖန်တီးပုံ[ပြင်ဆင်ရန်]

ကွဲနိုင်သော ဖန်ပုလင်းအတွင်း အရက်၊ ဓာတ်ဆီကဲ့သို့ မီးလောင်လွယ်သောပစ္စည်းကို ထည့်သည်။ မီးစွဲစေရန် ဒီဇယ်ရောတတ်သည်။ မီးစာအဖြစ် ပုလင်းဝတွင် အဝတ်ဆို့ကာ မီးတို့ရသည်။ ဆို့သောအဝတ်စကို ဓာတ်ဆီထက် အရက်၊ လေယာဉ်ဆီတို့ကို ပို၍သုံးလေ့ရှိသည်။

သုံးမည့်အခါ အဆို့ဝတ်ကို မီးတို့ကာ ပစ်မှတ်ထားသော ယာဉ် သို့မဟုတ် ကတုတ်သို့ ပစ်ရသည်။ ပစ်မှတ်ကို ခပ်ပြင်းပြင်းထိသောအခါ ပုလင်းထဲ၌ပျံ့နေသော ဓာတ်ဆီမှုန်များက အဆို့ဝတ်မှအပူကိုရကာ မီးလုံးဖြစ်လာသည်။ နောက် ဆီကျန်ရှိသလောက် မီးစွဲတော့သည်။

မီးလောင်လွယ်သောအရည်များဖြစ်သည့် ဒီဇယ် မက်သနော တာပင်တိုင် လေယာဉ်ဆီ အရက်ပြန်တို့ကိုလည်း ဓာတ်ဆီအစားဖြစ်စေ၊ ဓာတ်ဆီနှင့်ရော၍ဖြစ်စေ သုံးသည်။ ဖော့ (ရေခဲဘူးများ၌သုံးသော foam polystyrene ခေါ်သည့် ဖော့ရော၊ တခါသုံးဘူးအဖြစ် ဒန်ပေါက်ဘူး ခေါက်ဆွဲဘူးများအဖြစ်သုံးသော XPS foam ခေါ်သည့် ဖော့ပါ သုံးနိုင်သည်) မုန့်ဖုတ်ဆိုဒါ ကတ္တရာ တာယာဖြတ်စ ရေနံချေး ကျောက်ဂွမ်း ချေးချွတ်ဆေး ဆပ်ပြာဆီ ရော်ဘာကော် (rubber cement) တို့ကို မီးစွဲစေရန် မီးတောက်ကြီးစေရန် မီးခိုးပိုထွက်ရန် ထည့်နိုင်သည်။

ပေါက်ကွဲပြီးနောက် အသက်ရှူကြပ်စေရန် အဆိပ်မိစေရန် အဆိပ်ဖြစ်နိုင်သောပစ္စည်းများထည့်ကာ လက်ဖြစ်ဓာတုလက်နက်သဘော သုံးနိုင်သေးသည်။ အစွန်းချွတ်ဆေး ကလိုရင်း အက်ဆစ်ပြင်းများနှင့် ပိုးသတ်ဆေးတို့မှာ ထိုသို့ဖြစ်စေနိုင်သည်။

တရားဝင်မှု[ပြင်ဆင်ရန်]

ရန်ပြုလက်နက်ဖြစ်သောကြောင့် နေရာအတော်များများ၌ ထုတ်လုပ်ခြင်း လက်ဝယ်တွေ့ရှိခြင်းတို့သည် ဥပဒေနှင့်မညီပေ။

အမေရိကန်၌ အမျိုးသားလက်နက်ဥပဒေအောက်တွင် ဖျက်ဆီးရေးလက်နက်အဖြစ်ထည့်သွင်းထားသည်။၂၀၁၆ ခု၊ မေလတွင် ဝစ်ကွန်ဆင်ပြည်နယ်၊ အဲ့ခလိတ်မြို့၌ ဆန္ဒပြပွဲတခုတွင် ဆီရတ္တယ်ရဲအရာရှိများထံ ဝေကေဆီဖလွိုက်က မိုလိုတော့ကော့တေးဖြင့် ပစ်သည်။ ထို့ကြောင့် ၂၀၁၈ ခု၊ ဖေဖော်ဝါရီလတွင် ရန်ပြုလက်နက်သုံးကြောင်းထင်ရှားကာ ပြစ်ဒဏ်ချခံရသည်။

ကန်တက္ကီပြည်နယ်၊ ဆင်ပဆန်နယ်မြေ၌ အသက် ၂၀ အရွယ် ထရေးအလက်ဇန္ဒားဂွဿနီလောသည် ဖရန်ကလင်းဆင်ပဆန် နယ်မြေအလယ်တန်းကျောင်း၌ မိုလိုတော့ကော့တေး ၅ လုံးပစ်ကာ မီးရှို့ရန်အားထုတ်သည်။ တရားမဝင်လက်နက်များ ထုတ်လုပ်အသုံးပြုခြင်းအတွက် ပြစ်မှုထင်ရှားက ၂၀၁၈ ခု၌ ထောင် အနှစ် ၂၀ ချမှတ်ခံရသည်။