မိုက္ကရိုဖုန်း

ဝီကီပီးဒီးယား မှ

မိုက္ကရိုဖုန်း[ပြင်ဆင်ရန်]

ကြေးနန်းကြိုး တစ်လျှောက်၌ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်း မှာကဲ့သို့ လဟာပြင်အတွင်း၌ဖြစ်စေ သဲ့သဲ့မျှဖြစ်သော အသံ လှိုင်းများအား လျှပ်စစ်သံလိုက်ဓာတ်အားဖြင့် ကျယ်ကျယ်ကြား အောင် အသံချဲ့ကာ ပြောင်းလဲပေးလိုက်သည့် လျှပ်စစ်ကိရိယာ ကို မိုက္ကရိုဖုန်းဟုခေါ်သည်။ ပထမ၌ မိုက္ကရိုဖုန်းကို သေးငယ် သောအသံများဖမ်းရာ၌ အသုံးပြုခဲ့ကြ၏။ ယခုသော် တယ်လီ ဖုန်း စကားပြောကြေးနန်းတွင်လည်းကောင်း၊ အသံချဲ့စက်ဖြင့် အသံလွှင့်ရာတွင်လည်းကောင်း ရေဒီယိုအသံလွှင့်ရာတွင် လည်း ကောင်း အနှံ့အပြား အသုံးပြုလျက်ရှိကြသည်။ မိုက္ကရိုဖုန်း ပြုလုပ်ထားပုံမှာ တယ်လီဖုန်းရှိ စကားပြောခွက်နှင့်သဘောချင်း အတူတူပင်ဖြစ်သည်။ မိုက္ကရိုဖုန်းဆိုသည့်ဝေါဟာရမှာ ဂရိစကား မှ ဆင်းသက်လာ၍ သေးငယ်သောအသံဟု အဓိပ္ပာယ်ရသည်။ ကာဗွန်မိုက္ကရိုဖုန်း၊ ကွန်ဒင်းဆားမိုက္ကရိုဖုန်း၊ မုဗင်းကွိုင် မိုက္ကရိုဖုန်း၊ ရစ်ဗွန်မိုက္ကရိုဖုန်း၊ ခရစ္စတဲမိုက္ကရိုဖုန်း စသည်ဖြင့် မိုက္ကရိုဖုန်းအမျိုးမျိုးရှိသည့်အနက် လူသိအများဆုံးကား ကာဗွန် မိုက္ကရိုဖုန်းပင်ဖြစ်သည်။ ဤမိုက္ကရိုဖုန်းမျိုးတွင် ဆာကစ်ရှိကြိုး တစ်စကို ကာဗွန်တုံးနှင့် ဆက်ထား၍ ကျန်တစ်စကို ပါးလွှာ သည့် ကာဗွန်ဒိုင်အာဖရမ် အမြေ|းပါးနှင့် ဆက်သွယ်ထားသည်။ ဒိုင်အာဖရမ်နှင့် ကာဗွန်တုံးအကြားတွင် သေးငယ်သောကာဗွန်ခဲ ကလေးများကို ထည့်ထားသည်။ အသံလှိုင်းများကြောင့် ဒိုင်အာ ဖရမ် တုန်လှုပ်သောအခါ တုန်လှုပ်ပုံကိုလိုက်၍ ကာဗွန်ခဲ ကလေးများ လှုပ်ရှားကြ၏။ ထိုအခါ ကာဗွန်၏ ရီဇစ္စတန့်ခေါ် လျှပ်စစ်ခုခံအားလည်း လှုပ်ရှားပြောင်းလဲ၍ စီးဖြတ်သွားသော လျှပ်စစ်ဓာတ်ကို တိုးတစ်လှည့် လျှော့တစ်ခါဖြင့် လှုပ်ရှားစေ သည်။ ဤလျှပ်စစ်လှုပ်ရှားမှုများကို အသံဖမ်းကိရိယာဖြင့် ဖမ်း ယူ၍ အသံလှိုင်းများဖြစ်အောင် ပြန်ဖော်သောအခါ မူလအသံ များအတိုင်း ပြန်လည်ထွက်ပေါ်လာလေသည်။


ကွန်ဒင်းဆား မိုက္ကရိုဖုန်းတွင် ကွန်ဒင်းဆားသဘောကို အခြေပြုထားသည်။ ပြုလုပ်ထားပုံမှာ ပျော့ပျောင်းသော အလျူ မီနီယမ်ဒိုင်အာဖရမ်ကို ကွန်ဒင်းဆား၏ ပလိတ်တစ်ခုအနေဖြင့် ပြုလုပ်ထား၍ ကျန်ပလိတ်ကို ဓာတ်မလိုက်အောင် ပြုလုပ်ထား သည်။ ထိုပလိတ်နှစ်ခုကြားတွင် လေမှလွဲ၍ အခြားဘာမျှ မရှိ ချေ။ အသံလှိုင်းများကြောင့် ဒိုင်အာဖရမ် တုန်လှုပ်သောအခါ အဆိုပါ ကြားနေရာသည်လည်း ကျဉ်းလိုက် ကျယ်လိုက်ဖြင့် လှုပ်ရှားနေ၏။ ထိုအခါ ကွန်ဒင်းဆား၏ ကပက်စီတီခေါ် ဓာတ်ထိန်းစွမ်းရည်ကို လှုပ်ရှားပြောင်းလဲစေ၍ ယင်းက တစ်ဖန် စီးဖြတ်နေသော လျှပ်စစ်ဓာတ်အားကို လှုပ်ရှားစေပြန်သည်။ အဓိပ္ပာယ်မှာ ကာဗွန်မိုက္ကရိုဖုန်းနည်းတူ အသံလှိုင်းများမှ လျှပ် စစ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်သည်။ ကွန်ဒင်းဆား မိုက္ကရိုဖုန်းသည် ကာဗွန်မိုက္ကရိုဖုန်းမျိုးထက် ပို၍ကောင်းမွန်သည် ဟု သိရသည်။


မုဗင်းကွိုင် မိုက္ကရိုဖုန်းတွင် ဒိုင်နမိုမှာကဲ့သို့ လျှပ်စစ် သံလိုက်ဓာတ်ည|ို့မှုသဘောကို အသုံးပြုထားသည်။ ဤမိုက္ကရို ဖုန်းတွင် ရှေ့နောက်လှုပ်ရှားနိုင်သော ဒိုင်အာဖရမ်၌ နန်းကြိုး ခွေဖြစ်သော ကွိုင်ကလေးတစ်ခုကို တပ်ဆင်ထား၍ အနီး ပတ်ဝန်းကျင်၌ အားကောင်းသော သံလိုက်ဓာတ်ကို ဖန်တီးပေး ထားသည်။ အသံလှိုင်းများကြောင့် ဒိုင်အာဖရမ်သည် ရှေ့တိုး နောက်ဆုတ် လှုပ်ရှားသောအခါ ကွိုင်ကလေးကလည်း ဒိုင်အာ ဖရမ်နှင့်အတူ လိုက်၍လှုပ်ရှား၏။ သို့သော် ကွိုင်တစ်ခုသည် သံလိုက်နယ်အတွင်း၌ လှုပ်ရှားသောအခါ သံလိုက်ဓာတ်က ကွိုင်တွင် လျှပ်စစ်ဓာတ်ဖြစ်ပေါ်အောင် ညိ|ပေးသည့်အတိုင်း အသံလှိုင်းများ၏ အပြင်းအပေါ့ကိုလိုက်၍ ဆိုခဲ့သောကွိုင်တွင် လျှပ်စစ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာလေသည်။


ရစ်ဗွန် မိုက္ကရိုဖုန်းမှာ သဘောအားဖြင့် မုဗင်းကွိုင် မိုက္ကရိုဖုန်းမျိုးနှင့် အတူတူပင်ဖြစ်၏။ သို့သော် ကွိုင်အစား အလွန်ပါးလွှာသော သတ္တုကြိုးပြားကလေးကို အသုံးပြုထား သည်။ ဒိုင်အာဖရမ် လုံးဝမရှိခြင်းမှာလည်း အခြားအခြားသော မိုက္ကရိုဖုန်းမျိုးတို့နှင့် ခြားနားချက်တစ်ရပ်ဖြစ်သည်။ ခရစ္စတဲဟုခေါ်သော တွင်းထွက်ဓာတ်သတ္တု သို့မဟုတ် ဓာတ်ဆားအပွင့်များအနက် အချို့တွင် ယင်းတို့ကို ဖိည|စ်ပေး သောအခါ အလွန်သေးငယ်သောဗို့အားရှိသည့် လျှပ်စစ်ဓာတ် ဖြစ်ပေါ်တတ်ခြင်း သို့တည်းမဟုတ် ပြန်လှန်စီးသည့် လျှပ်စစ် ဓာတ်အားကို အသုံးပြုသောအခါ တုန်ခါတတ်ခြင်းများရှိကြ၏။ ခရစ္စတဲမိုက္ကရိုဖုန်းတွင် ဤသို့ပြုမူတတ်သော ခရစ္စတဲမျိုးကို အသုံးပြုထား၍ ယင်းကို ဒိုင်အာဖရမ်နှင့် ထိစပ်ဆက်သွယ်ထား သည်။ အသံလှိုင်းများကြောင့် ဒိုင်အာဖရမ် တုန်လှုပ်သောအခါ ဒိုင်အာဖရမ်က ခရစ္စတဲကို ဖိည|ပ်သည်။ ထိုအခါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခရစ္စတဲမှ လျှပ်စစ်ဓာတ်ဖြစ်ပေါ်လာသည်။ သို့ရာတွင် မည်သည့်မိုက္ကရိုဖုန်းမျိုးကို သုံးသည်ဖြစ်စေ မလိုလားသည့် အသံများ မဝင်ဘဲ လိုလားသည့် အသံများသာ ကောင်းစွာဝင်အောင် မိုက္ကရိုဖုန်းကို စီစဉ်တပ်ဆင်ရန်အရေးကြီး ပေသည်။ နေရာကျယ်ကျယ်ယူထားသော တီးဝိုင်းများ ဇာတ်ခုံ များမှာ တီးမှုတ် သီဆိုသံများကို အသံလွှင့်ရာ၌ မိုက္ကရိုဖုန်း တစ်ခုတည်းနှင့် မလုံလောက်ချေ။ ထိုကြောင့် အချို့ဌာနတွင် အသံတစ်မျိုးကို မိုက္ကရိုဖုန်း တစ်ခုစီဖြင့် ပထမ ဖမ်းယူပြီးနာက် ထိုအသံအားလုံးကို တစ်ဖန် ကိရိယာတစ်ခုဖြင့် ပေါင်းစပ်ပြုပြင် ပြီးမှ တစ်ဆင့် အသံလွှင့်နည်းကို အသုံးပြုကြလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)