မိသားစုစီမံကိန်း

ဝီကီပီးဒီးယား မှ

မိသားစုစီမံကိန်းဆိုသည်မှာ မည်သည့်အချိန်တွင် ကလေးယူမည်၊ အရေအတွက် မည်မျှယူမည် ကိုစီမံကိန်းချ ဆောင်ရွက်ခြင်းဖြစ်သည်။ ဤစီမံကိန်းထဲတွင် ကလေးဦးရေထိန်းချုပ်ရုံသာမကဘဲ လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်း၊ လိင်မှတဆင့်ကူးစက်ရောဂါများတားဆီးခြင်းနှင့် ကုသခြင်းတို့ပါ ပါဝင်သည်။ နှစ်သိမ့်ဆွေးနွေးခြင်းအားဖြင့် ၎င်းအစီအစဉ်များကို ဖော်ဆောင်ရန်ကူညီပေးနိုင်သည်။ မိသားစု စီမံကိန်းသည် မျိုးဆက်ပွားအရွယ် အမျိုးသား အမျိုးသမီးတို့အား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးသည်။

မိသားစုစီမံကိန်းဆိုသည်မျာ သန္ဓေတားနည်းများကို ဆောင်ရွက်ပေးရုံသာမကဘဲ အမျိုးသမီးနှင့် အိမ်ထောင်ရှင်များအား ဆွေးနွေးပေးခြင်းဖြင့် ဖော်ပြပါအကြောင်းအရာများကို ဖြစ်ပေါ်စေသည်။

  • မိသားစုအတွက် အကျိုးပြုမည့် မိသားစုစီမံကိန်း ပေါ်ထွက်လာစေသည်။
  • မိသားစုစိမံကိန်းအတွက် မည်သို့ဆောင်ရွက်သင့်သည်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ခိုင်မာယုံကြည်စွာရွေးချယ် ဆောင်ရွက်နိုင်သည်။

အရေးပါပါပုံ[ပြင်ဆင်ရန်]

မိသားစုစီမံကိန်းသည် ကျန်းမာသောကလေးများ မွေးဖွားနိုင်ရန်နှင့် ကလေးများကျန်းမာစွာနေနိုင်ရန် ကူညီပေးသည်။ ကလေးအရေအတွက်ကို ထိန်းချုပ်ခြင်းသက်သက်မဟုတ်ဘဲ ကျန်းမာသော ကလေးအရေအတွက် ကို တိုးပွားစေပြီး မိသားစုတစ်ခုလုံး၏ ကျန်းမာခြင်းကို ဖြစ်ပေါ်စေသည်။

မွေးကင်းစကလေးနှင့် ကလေးသေနှုန်းမြင့်မားသောနေရာဒေသများတွင် ရှိသော မိသားစုများကို ကြည့်ပါက ကလေးဦးရေများပြားကြောင်းတွေ့ရသည်။ ၎င်းတို့အနေဖြင့် ကလေး အချို့မှာသေသွားမည်ဟု ထင်ထား၍ ကလေးများများမွေးထားခြင်းဖြစ်သည်။ အကယ်၍သာ ကလေးသေဆုံးရန်အခွင့်အရေးနည်းမည်ဆိုပါက ၎င်းတို့အနေဖြင့် မိမိတို့စိတ်ကြိုက်ကလေးဦးရေကိုရွေးချယ်ယူနိုင်ပြီး ကလေးများအပေါ် အချိန်ပေးကြည့်ရှုနိုင်မည်၊ လုံလောက်အောင် ကျွေးမွေးနိုင်မည်၊ ၎င့်တို့၏ငွေကြေးကို ကလေးများအပေါ် ထိရောက်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။

မိသားစုစီမံကိန်းမှ မည်သူများ အကျိုးရှိပါသနည်း[ပြင်ဆင်ရန်]

ကိုယ်ဝန်ဆောင်[ပြင်ဆင်ရန်]

မိသားစုစီမံကိန်းအကြံပေးသူက အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကိုယ်ဝန်မဆောင်မီ အချိန်တွင် ကျန်းမာရေး ကောင်းမွန်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ထိုဇနီးမောင်နှံအား တိုက်တွန်းအားပေးရမည်။ ကိုယ်ဝန်မဆောင်မီ ကျန်းမာသော အမျိုးသမီးသည် ကိုယ်ဝန်ဆောင်ကာလတွင်လည်း ကျန်းမာမည်ဖြစ်ပြီး ကျန်းမာသန်စွမ်းသောကလေးကို မွေးဖွားနိုင်ပါလိမ့်မည်။ မိသားစုစီမံကိန်းကြောင့် မလိုအပ်ဘဲကိုယ်ဝန်ရခြင်းကို တားဆီးနိုင်ပြီး အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်ခြင်းကိုလည်း ဟန့်တားနိုင်မည်ဖြစ်သည်။ တရားမဝင ်ကိုယ်ဝန်ဖျက်ချခြင်းကိုလည်း လျော့နည်းစေနိုင်မည်ဖြစ်သည်။

မိသားစု[ပြင်ဆင်ရန်]

မိသားစု၌ လည်း အကျိုးရှိသည်။ မိသားစုစီမံကိန်းမှတဆင့် ဇနီးမောင်နှံသည် မိမိတို့တွင် ကလေးထိန်းမည့်လူရှိမရှိ၊ အခြေခံလိုအပ်ချက်များ ဖြစ်သည့် အစားအစာ၊ ပညာရေး၊ ကျန်းမာရေးတို့ ကိုဖြည့်ဆည်းရန် ငွေကြေးလုံလောက်မှုရှိ၊ မရှိစသည်တို့ကို မူတည်၍ ကလေးယူမယူဆုံးဖြတ်ရန် စဉ်းစားတတ်လာမည်ဖြစ်သည်။

လူထု[ပြင်ဆင်ရန်]

လူထုတရပ်လုံးတွင်လည်း အကျိုးရှိသည်။ မိသားစုစိမံကိန်းသည် ကူးစက်ရောဂါများနှင့် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ပြန့်ပွားမှုကို လျော့နည်းစေသည်။ ထို့အတူပြည်သူများ ပိုမိုကျန်းမာလာပါက လူထုလှုပ်ရှားမှုများတွင် ပိုမိုအချိန်ပေးပါဝင်နိုင်မည်ဖြစ်သည်။

မိသားစုစီမံကိန်းသည် မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ မိသားစု၏ ကျန်းမာရေးကို မြှင့်တင်ပေးခြင်းအားဖြင့် လူထုတစ်ရပ်လုံး၏ ကျန်းမာရေးအခြေအနေကိုလည်း မြင့်မားလာစေ နိုင်သည်။