မာတိကာသို့ ခုန်သွားရန်

မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း

ဝီကီပီးဒီးယား မှ

မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း

ရေးသူ- ဒဂုန်တာရာ


တရံရောခါ

ရာဇာသေနင်း၊ ရွှေစိတ်တော်နှင့်

ခန့်မသင့်၍၊ ဘုရင့်အာဏာစက်

လက်ဝဲသုန္ဒရ၊ မင်းခ ကဗျာဆရာ

မဲဇာသို့ ပို့လိုက်သတည်း။


ငါ တစ်မူကား

မည်သူကမျှ၊ အမိန့်မချ

မိမိဆန္ဒဖြင့်၊ မြို့ပြမှ ခွာ

မဲဇာသို့ သွားနေလိုက်သည်။


ခေတ်သစ်မဲဇာ

ထိုနေရာကား၊ ကတ္တရာလမ်းမှ

ဝေးကွားလှလျက်၊ လယ်ကွင်းတစ်ဘက်

တစ်ဘက်မှာတော၊ တောင်တစ်ကြောနှင့်

အပြောကျယ်စွာ၊ ကောင်းကင်ပြာနှင့်

ဘယ်မှာကြည့်လေ၊ စိမ်းမြကြွေနှင့်

ရေကန်အတွင်း၊ နေနှစ်စင်းတည်း

ထွက်စပုလဲ၊ ဝင်ကရွှေဝါ

နေစကြာ၊ လစကြာ၊ ရေကန်သာတွင်

ဖန်လွှာ မှန်လွှာ၊ ရေကန်သာတွင်

စကြာမှန်ပြောင်း လှည့်လည်လျက်။


ကြယ်၊ လ၊ နေနှင့်

ရေမြေကောင်းကင်၊ သစ်ပင်တောတောင်

အမှောင် အလင်း၊ နဂိုရင်းဖြင့်

ဖုံးခြင်းမရှိ၊ ကွယ်ခြင်းမရှိ

ပကတိအဖြစ်၊ ရိုးဖြောင့်လှစ်ပြ

အစစ်အမှန်၊ အရိုးခံလျှင်

သဘာဝ၏ ဟန်အတိုင်း။


တစ်နေရာတွင်

ရှေ့မှာလယ်ကွင်း၊ ရေဆင်းချောင်းစပ်

ကွေ့ပတ်ခွေရစ်၊ လှိုင်မြစ်သို့ထွက်

လယ်ကွက် ကန်သင်းကြား၊ ဖြတ်သန်းသွားရာ

ငါးများခုန်ထွက်၊ ဂဏန်းတက်ကြ

ရေစအိုင်နား၊ ချဉ်ပေါင်ခါးပြင်

လယ်ကန်စွန်းပင်၊ စားချင် ခူးသွား

ဖထီးစကား၊ ကြားရလေပြန်

သူ့ ဆီးခြံအပေါက်ဝ၊ တစ်ခေါ်လောက်ဝေး

ရွှံ့စေးလမ်းမှ၊ လျှောက်ခဲ့ရသည်

အေးချမ်းပေစွ။


မိုးသက်လေဆင်

ရေပြင်လယ်ကွင်း၊ ရွှေရောင် ငွေရောင်

မြရောင် စိန်ရောင်၊ တိမ်တောင် ရိပ်ထင်

စိမ်းမျှင်စန၊ မြတုံးမျှောတင်

နေ့တွင် ဖိတ်လက်၊ ညတွင် မှိုင်းမြ

လမှုန်၊ ကြယ်မှုန်၊ စံပယ်စုံ ကန်စွန်းငုံ

ဖြူငုံလူးလွန့်

ရေတွင်ကူးခပ်၊ တဖျတ်ဖျတ်တည့်

ရေစပ်လယ်ခင်း၊ ဖြူဖွေးကြွ။


ကောက်စိုက်ချိန်တွင်

ရေပြင်ဖွေးဖွေး၊ မိုးရိပ်ပြေးလွှား

နေ့စားလုပ်သား၊ ကောက်စိုက်သမများ

လှုပ်လှုပ်ရွရွ၊ ထဘီတိုမ

ဂဒူးဆောင်းကြ၊ ခမောက်ဆောင်းကြ

ကားချပ်ခြယ်သ၊ ဘဝရသ

လှပပေစွ။


နေ့အခါတွင်၊ ဟင်းလင်းပြင်မို့

လေထန်းပြင်းပြင်း၊ ရိုက်ခတ်ထုတ်ချင်း

နှုတ်သီးကောက်စွ၊ မြေမွခြစ်ကာ

အစာရှာကြ၊ အော်မြည်ကြနှင့်

ဘဲတစ်မလည်း၊ ရေစချောင်းတိမ်

မြည်ကျူးသံယှက်၊ ကြက်သံ ဘဲသံ

ညယံတွင်ကား၊ ဖားအော်သံကား

ပိုးမွှားပုစဉ်းသံ၊ ပရစ်သံတို့

တစ်ယံမဆိတ်၊ တောသံခိပ်မှာ

သာယာပေစွ။


ဤမဲဇာကျွန်း

စခန်းသာမော၊ ကျေးလက်တောတွင်

ငါလျှင် မွေ့ပျော်၊ တစ်ကိုယ်တော်တည့်

ရေးဖော် မရှိ၊ ဖတ်ဖော် မရှိ

ဝေဖန်သူ မရှိ၊ တိုက်ခိုက်သူ မရှိ

အမိန့် မရှိ၊ လျှောက်လွှာ မရှိ

ငါ့ကို မသိ၊ ငါ့စာ မသိ

အမုန်း မရှိ၊ စစ်ပွဲ မရှိ

ပကတိထင်ဟပ်၊ စိမ်းရိုင်းလတ်ဆတ်

လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။ ။


၃ - ရ- ၈၆

(မိုးဝေ၊ ဩဂုတ်၊ ၁၉၈၆)