မိတ်ဆွေစစ် လေးမျိုး

ဝီကီပီးဒီးယား မှ

အကြင်သူသည် အကြောင်းကိစ္စ ပေါ်ခဲ့သော် အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေစစ် ဖြစ်၏။[၁]


မိတ်ဆွေစစ် လေးမျိုး[ပြင်ဆင်ရန်]

၁။ ဥပကာရ ကျေးဇူးပြုတတ်သော၊ ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။

၂။ သမာနသုခဒုက္ခ ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။

၃။ အတ္တက္ခာယိ အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။

၄။ အနုကမ္ပက အကျိုးစီးပွားကို အစဉ်စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်းရှိသည့် မိတ်ဆွေစစ်။[၁]

ဥပကာရ[ပြင်ဆင်ရန်]

၁။ မူးယစ်ခြင်းဖြင့် မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။

၂။ မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။

၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။

၄။ ပြုဖွယ်ကိစ္စဖြစ်ပေါ်လာပါက အကူအညီတောင်းခံသည်ထက် နှစ်ဆသောစည်းစိမ်အထောက်အပံ့ကို ပေးတတ်၏။[၁]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

မေ့လျော့စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက နှစ်ဆဥစ္စာ၊ ချေးပေးလှာသည်၊ လေးဖြာ ဥပကာရတည်း။ (ဆရာတော် ဦးဗုဓ်)[၂]

သမာနသုခဒုက္ခ[ပြင်ဆင်ရန်]

၁။ လျှို့ဝှက်တတ်သော စကားကို ပြောကြားခြင်း။

၂။ မိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လုံခြုံအောင် လျှို့ဝှက်ခြင်း။

၃။ ဘေးရန်ရှိသောအခါ စွန့်လွှတ်၍ မသွားခြင်း။

၄။ အရေးကိစ္စကြုံလျှင် မိတ်ဆွေအတွက် အသက်ကိုသော်လည်း စွန့်လွှတ်နိုင်ခြင်း။[၁]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

လျှို့ဝှက်စကား၊ ကြားစတုံလျက်၊ တူလျှို့ဝှက်၍၊ ဘေးတွေ့ မတွန့်၊ မတွန့်တိုပါ၊ သူသို့ညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသား ဆင်းရဲတည်း။ (ဆရာတော် ဦးဗုဓ်)[၂]

အတ္တက္ခာယိ[ပြင်ဆင်ရန်]

၁။ မကောင်းမှုမှ တားမြစ်တတ်၏။

၂။ ကောင်းမှု၌ တိုက်တွန်းနှိုးဆော်တတ်၏။

၃။ မကြားဖူးသော အကြားအမြင် ဗဟုသုတများကို ပြောကြားတတ်၏။

၄။ နတ်ရွာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောတရားတို့ကို ပြောကြားတတ်၏။[၁]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

မကောင်းမြစ်ထာ၊ ကောင်းရာသွင်းထား၊ မကြားစတောင်း၊ အကြောင်းကြားလှာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရအတ္ထက္ခာယီတည်း။ (ဆရာတော် ဦးဗုဓ်)[၂]

အနုကမ္ပက[ပြင်ဆင်ရန်]

၁။ မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။

၂။ မိတ်ဆွေ၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးပွားခြင်းကို နှစ်သက်၏။

၃။ မိတ်ဆွေအား ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။

၄။ မိတ်ဆွေအား ချီးမွမ်းစကား ပြောကြားသူကို ထောက်ခံတတ်၏။[၁]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို ဆိုသော်တားမြစ်၊ ကျေးဇူးဖြစ်ကို၊ ဆိုသော်ချီးမွမ်း၊ သူတို့တမ်းကား၊ မိတ်ကျွမ်းအနုကမ္ပကတည်း။ (ဆရာတော် ဦးဗုဓ်)[၂]

မိတ်ဆွေအမူအရာ (၁၆) မျိုး[ပြင်ဆင်ရန်]

၁။ ရပ်ဝေးရောက်၍ ကွဲနေသောအခါ သင့်ကိုသတိရ အောက်မေ့၏။

၂။ ရပ်ဝေးမှ ပြန်လာရန် လိုလား၏။

၃။ သင်ရပ်ဝေးမှ ပြန်လာသောအခါ ဝမ်းသာအယ်လဲ ကြိုဆို၏။

၄။ သင်ပြောစကားများကို နှစ်သက်လက်ခံ၏။

၅။ သင်၏ မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်း၏။

၆။ သင်၏ ရန်သူများကို ရှောင်ကြဉ်၏။ (သင်၏ ချစ်ရာကိုချစ်၍ သင်၏မုန်းရာကို မုန်း၏)

၇။ သင့်ကို ကန့်ကွက်ရှုတ်ချ ဆဲရေးလျှင် ကန့်ကွက်ချေပ၏။ တားမြစ်၏။

၈။ သင့်အကြောင်းချီးကျူးစကား ပြောသူကို ထောက်ခံချီးမွမ်း၏။

၉။ သူ၏ လျှို့ဝှက်ချက်ကို သင့်အားယုံမှတ်၍ ပြောကြားတတ်၏။

၁၀။ သင်၏ လျှို့ဝှက်ချက်များကို နှုတ်လုံစွာ စောင့်ထိန်းတတ်၏။

၁၁။ သင့်လုပ်ဆောင်ချက်များကို ချီးမွမ်းတတ်၏။

၁၂။ သင်၏ အတတ်ပညာ၊ အသိပညာကို ချီးမွမ်း၏။

၁၃။ သင်၏ ကြီးပွားတိုးတက်မှုကို နှစ်သက်လိုလား၏။

၁၄။ သင်၏ ဆုတ်ယုတ်ပျက်စီးမှုကို မလိုလားပေ။

၁၅။ စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ၌ သင့်ကို သတိရတမ်းတ၏။

၁၆။ စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ၌ ငါ့မိတ်ဆွေလည်း အလားတူ စားရပါစေဟု တောင့်တတတ်၏။[၁]

မိတ်ဆွေဝတ္တရား ငါးပါး[ပြင်ဆင်ရန်]

၁။ ပေးကမ်းချီးမြှင့်ခြင်း။

၂။ တန်းတူရည်တူ ဆက်ဆံခြင်း။

၃။ အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။

၄။ ယဉ်ကျေးချိုသာဖွယ်သော စကားကို ဆိုခြင်း။

၅။ မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။[၁]

တုံလှည့်မိတ်ဆွေဝတ္တရား ငါးပါး[ပြင်ဆင်ရန်]

၁။ မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။

၂။ မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ခြင်း။

၃။ ကြောက်လန့်ဖွယ်ရှိသောအခါ အားထားမှီခိုရာ ဖြစ်ခြင်း။

၄။ ဘေးအန္တရာယ်နှင့် တွေ့ကြုံသောအခါ စွန့်ပစ်မသွားဘဲ အေးအတူပုအမျှ အတူတကွ ရပ်တည်ခြင်း။

၅။ မိတ်ဆွေ၏ သားမြေးမြစ် အစဉ်မပြတ် မိတ်ဆွေမပြတ်စေခြင်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာလ ၁၉၉၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ရတနာတံခွန် မဂ္ဂဇင်း။ မေလ ၂၀၁၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)