မာတိကာသို့ ခုန်သွားရန်

မိတ္ထီလာကန်

ဝီကီပီးဒီးယား မှ
Lake Meiktila
ကိုဩဒိနိတ်20°52′N 95°51′E / 20.867°N 95.850°E / 20.867; 95.850ကိုဩဒိနိတ်: 20°52′N 95°51′E / 20.867°N 95.850°E / 20.867; 95.850
အမျိုးအစားရေလှောင်ကန်
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများBurma
အကျယ်ဆုံး အလျား၇ mi (၁၁ km)
မျက်နှာပြင် ဧရိယာ၃.၅ sq mi (၉.၁ km2)
Sections/sub-basinsnorth lake, south lake

မိတ္ထီလာကန် သည် မိတ္ထီလာမြို့၏ အနောက်ဘက်စောင်း တွင် တည်ရှိသည်။ မိတ္ထီလာကန်သည် အလျား ၇ မိုင် နှင့် အနံ မိုင်ဝက်ရှိသောကြောင့် ဧရိယာ အကျယ်အဝန်း စတုရန်း ၃ မိုင်ခွဲ ရှိသည်။ မိတ္ထီလာကန်မှာ ကန် ၂ ခု ဖြင့် ဖွဲ့ထားသည်ဖြစ်၍ တောင်ကန်နှင့်မြောက်ကန်ဟူ၍ တွင်သည်။ ကန်ရေပြင်မှာ တစပ်တည်း တပြင်တည်းပင် ဖြစ်သည်။ သို့သော် ထူးခြားချက်ကား မိုးရာသီရေဝင်ချိန်တွင် မြောက်ကန်မှ ရေသည် ရေကြည်စင်မှ တောင်ကန်တွင်းသို့ စီးဝင်ပေသည်။ ရေနောက်နှင့် ရေကြည် ဘယ်အခါမှ ရောစပ်ခြင်းမရှိဟု ဆိုစမှတ်ပြုကြသည်။ သာစည်-မြင်းခြံ မီးရထားလမ်း တံတားသည် ၎င်းတောင်ကန်၊ မြောက်ကန် အစပ်ပေါ်တွင် ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်သည်။


ယခုအခါ မြောက်ကန်တွင် ရေလွှဲတံခါး၂ ခုရှိ၍ တောင် ကန်တွင် ရေလွှဲတံခါး ၁၁ ပေါက်နှင့် အလျား ပေ ၃ဝ ကျယ်သော တံခါးကြီး တစ်ပေါက်ရှိသည်။ မိတ္ထီလာမြို့သူ မြို့သားတို့သည် မိတ္ထီလာ ကန်တော်ရေကို သောက်သုံး ကြရ၏။ လယ်ယာစိုက်ပျိုးရာတွင်လည်း မိတ္ထီလာကန်မှ ရေများကို သွယ်ယူ ရရှိသည်။ မိတ္ထီလာကန်သည် အခြား သော ကန်များနှင့် မတူဘဲ အံ့ဖွယ်ကိုးပါး ရှိလေသည်။ မိတ္ထီလာကန်မှ ရေတွင် အနဝတတ်အိုင်မြတ်မှ ရေပါရှိ သည်။ အကြောင်းမဲ့ မနောက်ကျုပေ ။ အကြောင်းမဲ့ ညှီဟောက် နံစော်ခြင်း မရှိပေ ။ ဒိုက်အမှိုက်များ မတည်ပေ။ အကောင်ပုပ်များ ကြာရှည် မတည်းပေ။ ရတနာအမျိုးမျိုး တို့ဖြင့် ပြွမ်း၏။ ကြာစသော ရေမှော်ပင်တို့ မပေါက် ရောက်ပေ။ ကန်တွင်းရှိကြိုးကြာရုပ် မှတ်တိုင်မှ ကြိုးကြာ နှုတ်သီးသို့ ရေမရောက်ပေ။ သုံးနှစ်သုံးသီး လုပ်စားနိုင် လောက်အောင် ရေများရှိ၏။ ငါးရံ့၊ ငါးခူ၊ ငါးစီပူမရှိပေ။ အဓိဋ္ဌာန်ပြုသော ပေပင် မကြီးမထွားပေ။ (ထိုပေပင်မှာ အနော်ရထာမင်းစောက မထောင်းတာ နတ် မောင်နှမ ကျွတ်ချိန်တန်လျှင် ထရစ်မှ ပိုလွန်၍ ကြီး ထွားပေလတ္တံ့ ဟု ဆိုကာ စိုက်ပျိုးခဲ့သော အပင်ဖြစ် သည်။ ၁၉၄ဝ ပြည့်နှစ်ခန့်က ရှိရင်းစွဲ လူတစ်ရပ် ထက် ပို၍ ကြီးထွားလာသော ဟူ၏။) အဓိဋဌာန်သော မန်ကျည်းပင်တစ်ဆစ်သာ သီးသည်။ (အထက်ပါ နတ်မောင်နှမကိုပင် အကြောင်းပြု၍ ယင်းတို့ ကျွတ်ချိန် တန်လျှင် တစ်ဆစ်မှ ပိုလွန်၍ သီးပေးလတ္တံ့ ဟု ဆိုကာ စိုက်ခဲ့သည်။ အင်္ဂလိပ်တို့ ခုတ်ပစ်လိုက်သောကြောင့် ယခုအခါ မရှိတော့ပြီ။) ထို့ပြင် ကန်ပတ်လည်၌ သိမ် ၉ သိမ်၊ ဂူ ၉ လုံး၊ ကုန်း ၉ ကုန်း၊ အင်း ၉ အင်း၊ အိုင့် ၉အိုင့် ရှိသည်။ မိတ္ထီလာကန်တွင် အံ့ဖွယ်ကိုးပါး ရှိသည်ဟု ဆိုသော်လည်း ၉ ပါးထက်မနည်းကြောင်း တွေ့ရှိရသောဟူ၏။

မိတ္ထီလာကန်သည် အတိတ်နိမိတ်များ ပြတတ်သည်ဟုလည်းဆိုသည်။ နတ်ကြီးသည် ဟုလည်း ယုံကြည်ကြသည်။ မိတ္ထီလာကန်မှာ သဘာဝအားဖြင့် ဖြစ်ပေါ်သော ကန်မဟုတ်ဘဲ လူတို့ကပြုပြင်ထားသော ကန်ဖြစ်၏။ သမိုင်းတစ်စောင်တွင် မိတ္ထီလာကန်ကို ကမ္ဘာဦးကာလက အာကာရဋ္ဌမင်း လက်ဦးအမွန် ဖန်ဆင်း တည်ထောင်ပြီးသည့် နောက် နှစ်ပေါင်းများစွာ ကြာသောကာလ၌ ကုသမင်း ဆည်ဖို့ပြုပြင်ပြီးလျှင် ကာလရွေ့လျောလျှင် ဂေါတမ မြတ်စွာဘုရား၏ ဘိုးတော် အဉ္စနမင်းက တစ်ဖန် ဆည်ဖို့ပြုစုသည်ဟု ဆို၏။ အချို့မူများတွင်ကား ဂေါတမ မြတ်စွာဘုရား၏ ဘိုးတော် အဉ္စနမင်းက လက်ဦးအစ ဖန်ဆင်းပြုစုသည်ဟု ဆို၏။ ရှေးအခါက သျှိသျှားပင်များ ပေါက်ရောက်သောကြောင့် သျှိသျှားကန်ဟု တွင်ခဲ့၏။


ကောဇာ သက္ကရာဇ် ၄၁၄ ခုနှစ်တွင် အရည်းကြီး ရဟန်းရှင်ယောင် (၁,ဝဝဝ) တို့သည် သျှိသျှား ကန်တော် တစ်ဝိုက်တွင် သောင်းကျန်းလျက်ရှိကြောင်း တိုင်းသူပြည်သားတို့ လျှောက်ထား ချက်အရ ပုဂံပြည်အနော်ရထာမင်းစောသည် သျှိသျှားကန်ရှိရာသို့ သွားရောက်၍ အရည်းကြီးတို့အား နှိမ်နင်းအောင်မြင်လေ၏။ ထိုပြီးကာလ ၉လ လွန်မြောက်သောအခါတွင် အနော်ရထာမင်း စောသည် ရှင်အရဟံဟောပြောတော်မူချက်အရ ဗိုလ်ပါ အပေါင်း တို့ခြံရံပြီးသော် တောင်ဘက် လယ်တွင်းတပြင် နယ်ပယ်တို့သို့ ခရီးလှည့်လည်ကြွမြန်းတော်မူခဲ့ရာ၊ ကျွဲတလင်းချောင်း၊ မြွေ၊ ကတူးကန် အရပ်သို့ ရောက်တော်မူဖြင့် ခေတ္တအပန်းဖြေ ရေသဘင်နန်း စံမြန်း သာယာတော်မူသည်။ ထိုအခါ သျှိသျှား ကန်တော်စောင့် နတ်ကြီးလေးပါး ပေါ်လာ၏။ နတ်များ ပြောပြ ချက်အရ မဟာ သက္ကရာဇ် ၁၁၇ ခုနှစ်တွင် ဂေါတမမြတ်စွာဘုရားသည် ညီတော်အာနန္ဒာမထေရ်ကို နောက်ပါ ခေါ်ဆောင်တော်မူ၍ ခရီးဒေသစာရီ ကြွချီတော်မူလာကာ သျှိသျှား ကန်တော်တွင် ရေသပ္ပါယ်တော်မူပြီးသော အခါ ညီတော် အာနန္ဒာ အား ဒုကုဋ်သင်္ကန်းတော်ကို ခင်းစေတော်မူပြီးနောက် ထက်ဝယ်ဖွဲ့ ခွေစမ္ပါယ်နေတော်မူ၏။ ထိုအခါ ဘောဂဝတီမှ နတ်နဂါးတို့သည် သစ်သီး ကြီးငယ်များကို ယူဆောင်လာကြကုန်၍ လှူဒါန်း ဆက် ကပ်ပူဇော်ကြသည်။ ဘုရားသခင်၏ တရားတော်ကို နတ်နဂါးများ၊ နတ်သားများ ကြားနာပြီးသည့်အဆုံးတွင် နတ်နဂါးတို့သည် ကန် တော်၏ အကြောင်းဇာစ်မြစ်ကို မေးမြန်း လျှောက်ထားကြ၏။


ထိုအခါ မြတ်စွာဘုရားလည်း ဤကန်တော်သည် ကမ္ဘာဦးတည်စက ကန်ဖြစ်၍အာကာရဋ္ဌမင်း၊ ကုသမင်းတို့ ဆည်ဖို့ပြုစုကြသည်။ ထိုသည့်နောက် ငါဘုရား၏ ဘိုးတော်ဖြစ်သော မဟာအဉ္စနမင်း လက်ထက် ကလိယုဂ် ၈၆၄၅ ကို ဖြို၍ အတို ၂ ခုကြွင်း ပြုပြီး သောအခါ ဇမ္ဗူဒီပါကျွန်းအပြင်ဝယ် တံခွန်သဖွယ်ဖြစ်၍ ကျော်စော ထင်ရှား ကျေးဇူးများသော ဤ သျှိသျှားမည်သော ကန်တော်ကို ပွားတက်လာသော သက္ကရာဇ် ၁ဝ ခုနှစ်တွင် တောင်ရိုးတောင်စဉ် ရေလာရေဆည်း ကုန်းကြည်းချောင်းမြောင်း အရပ် ဟူသမျှတို့နှင့် နှိုင်းဆပြီးလျှင် နောင်လာလတ္တံ့သော နှစ်ပေါင်း ၈၄ဝဝဝ ပတ်လုံးတည်စေသတည်းဟု ဓိဋ္ဌာန်တော်မူပြီး ဆည်ဖို့တော်မူ၏။ ထိုအခါ သိကြားဗြဟ္မာ နတ်အပေါင်းတို့သည် အနဝတတ် အိုင်မြတ်မှ ရေကို ယူဆောင်လာကြပြီးသော် ဤကန်တွင်း၌ ထွေးအ ကြလေရာ နောင်လာလတ္တံ့သော နှစ်ပေါင်း ၈၄,ဝဝဝ တည် ပေလတ္တံ့ဟု သိကြားဗြဟ္မာ နတ်အပေါင်းကဆိုကုန်ကြသည် ဟု မိန့်ဆိုတော်မူကြောင်းကို သိရလေသည်။ ကန်စောင့် နတ်များ၏ တိုက်တွန်းချက်အရ အနော်ရထာ မင်းစောကန်တော်ကို ဖို့လေရာ၊ သက္ကရာဇ် ၄၁၆ တွင် အပြီးတိုင်သည်။ ၁၁ ကြိမ်မြောက် ဆည် ဖို့ခြင်းဖြစ်၏။ ကန်တော်ကို ဘုန်းတန်ခိုးကြီးသော ဘုရင်များသာ ဆည်ဖို့နိုင်သည်ဟု ဆိုရိုးရှိ၏။ အနော်ရထာမင်း၏ နောက် ပုဂံ အလောင်းစည်သူ၊ နရပတိစည်သူ၊ အင်းဝဘုရင်မင်းကြီးစွာ စော်ကဲ၊ ညောင်ရမ်းမင်းတရား၊ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား၊ မင်း တုန်းမင်းတို့ ဆည်ဖို့ပြုပြင်ခဲ့သည့်အပြင် ကောဇာသက္ကရာဇ် ၁၂၉၇ ခုနှစ်(ခရစ် ၁၉၃၅) ခုနှစ်တွင် အင်္ဂလိပ်အစိုးရ လက် ထက်က သိန်း ၂ဝ ကျော် စိုက်ထုတ် အကုန်ခံ၍ ကေရာတာ၊ ရေလွှတ်တံခါးကြီး တစ်ခုကို တည်ဆောက်ခဲ့၏။


မိတ္တီလာကန်သည် ရှေးအခါက သျှိသျှားကန်ဟု တွင်ခဲ့သည်။ ကန်တစ်ဝိုက်တွင် ပေါက်ရောက်သော သျှိသျှားပင်များကိုစွဲ၍ ခေါ်ခြင်းပင်ဖြစ်၏။ ကာဠာဝကကန်၊ မင်္ဂလာကန်၊ မေတ္တာကန် ဟူ၍လည်း တွင်ခဲ့သည်။ မိတ္ထီလာကန် ဟူ၍ ယခုအခါ တွင်လျက် ရှိသော အမည်မှာ အနော်ရထာမင်း မှည့်ခေါ်ခဲ့သော အမည်ဖြစ်၏။ သျှိသျှားကန်၏ ရေသည် ပုပ္ပါးတောင်နှင့် စပ်ခြင်း ထိခြင်း ရှိ မရှိကို မြင်းသည်တော် တစ်ဦးအား သွားရောက်ကြည့် ရှု့စေ၏။ သွားရောက်ကြည့်ရှုသူသည် အလျင်သွား၍ ကြည့်ကာ ပြန်လာသည်တွင်မထိလာပါဟု လျှောက်ထားဖြေကြားပြီးလျှင် အမောဆို့၍ သေဆုံးသွားလေ၏။ ယင်းကို စွဲ၍ မထိလာကန်ဟု ပြောင်းလဲခေါ်ဝေါ်သမုတ်ရာမှ ကာလရွေ့လျားသည့်အလျောက် မိတ္ထီလာကန်ဟု ဖြစ်လာသည်။ အမောဆို့ သေဆုံးသွားသော မြင်းသည်ကား မထောင်းတာနတ်ဖြစ်၍ ကန်တော်ကိုစောင့်သည်ဟု ဆိုသည်။ ကန်တော်တစ်ဝိုက်ရှိ မြို့ကိုလည်း ကန်၏ အမည်ကို အစွဲပြု၍ မိတ္ထီလာမြို့ဟု ခေါ်ကြပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)