မိချမ်းဝေ

ဝီကီပီးဒီးယား မှ

မိချမ်းဝေ[ပြင်ဆင်ရန်]

၁၉၅၃ - ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၌ အဖ-ဦးထွန်းခင်၊ အမိ-ဒေါ်သန်းစိန်တို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဒေါ်ရီရီထွန်းဖြစ်သည်။ ငယ်စဉ်က-မွန်ပြည်နယ်၊ သထုံမြို့တွင် စတင်ပညာသင်ခဲ့သည်။

၁၉၇၂ - မတ်လထုတ်-အိုးဝေဂျာနယ်၊ အမှတ်(၈၇)တွင်သခွတ်ပန်း(သထုံ) ကလောင်အမည်ဖြင့် ကျော်ဟိန်း အလိုရှိသည် ဆောင်းပါးကိုရေးသား၍ စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ (ထိုဆောင်းပါးသည် မိချမ်းဝေ-အဌမတန်းကျောင်းသူဘဝတွင် ပထမဆုံးရေးသားခဲ့ပြီး စာစောင်တွင် ဖော်ပြခံရသည့် ပထမဆုံး စာမူပင်ဖြစ်သည်။) ထို့နောက်တိုင်းရင်းမေ ဂျာနယ်တွင် ကဗျာများဆက်ရေးခဲ့သည်။

၁၉၇၅ - သထုံမြို့၊ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့။ ထိုနှစ်တွင်ပင် မွန်ပြည်နယ်ကိုယ်စားပြု၊ မွန်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးအဖြစ် (၂၉)ကြိမ်မြောက်၊ ပြည်ထောင်စုပွဲတော်-ကျိုက္ကစံ တွင် ပါဝင်ကပြခဲ့သည်။

၁၉၇၆ - တနင်္သာရီတိုင်း မြိတ် အရှေ့မြို့နယ်၊ ကလင်ဘန်းကျေးရွာတွင် မူလတန်းပြဆရာမတာဝန်ကို စတင် ထမ်းဆောင်။

၁၉၈၄ - မြိတ် မဂ္ဂဇင်းတွင် ကျွန်တော်ဖောင်သမား ဝတ္ထုတိုကို မိချမ်းဝေ ကလောင်အမည်ဖြင့် စတင်ရေး သားခဲ့။ ထို့နောက် ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ မဟေသီ၊ မြန်မာ့ဓန၊ မြားနတ်မောင် စသည့်မဂ္ဂဇင်းဂျာနယ်များ တွင် စာပေများ ဆက်လက်ရေးသား။

၁၉၈၇ - ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း ဆရာအတတ်သင်ကျောင်းသို့ တက်ရောက်ခဲ့။ ထို့နောက် သထုံမြို့၊ ပေါ်တော်မူကျေးရွာ အ့မ့ကနှင့် မြိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မူလတန်းပြတာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

၁၉၉၁ - ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အ့မ့က(၂၄)နှင့် အ့မ့က(၄)တို့တွင် ဆရာမအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့။ ယခုအခါ ကျန်းမာရေးအရ အမှုထမ်းဘဝမှအနားယူကာ စာပေရေးသားခြင်းဖြင့်သာ ဆက်လက်ရပ်တည်လျက်ရှိ။

၂၀၀၀ - ပန်းအလင်္ကာ မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်။ ကမာရင်ကွဲနှင့် အခြားပင်လယ် ဝတ္ထုတိုများ စာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် ၂၀၀၀-ပြည့်နှစ်အတွက် အမျိုးသားစာပေ(ဝတ္ထုတိုပေါင်းချုပ်)ဆုရရှိ။)။

၂၀၀၁ - ဆူးပန်းအိမ် (သန်းမြင့်အောင်နှင့်တွဲ)ဝတ္ထုထွက်။ အလွမ်းပင်ဆင့် ကျွမ်းရင်နင့် ပင်လယ်ဝတ္ထုရှည် ထွက်။

၂၀၀၃ - လှိုင်းနှစ်ထပ်ပင်လယ်။ အနီးဆုံးဝတ်ရုံနဲ့ အလင်းညှို့ချက် ဝတ္ထုများထွက်။

၂၀၀၄ - တိမ်စွန်လေနှင်(ဆုပြည့်နိုးနှင့်တွဲရေး)။ ငွေဇင်ယော်တွေလက်ယပ်ခေါ်နေတဲ့မြို့။ ပလီဇာချဲ့ လှိုင်းရဲ့သံစဉ် စသော စာအုပ်များထွက်။

၂၀၀၅ - အရောင်လေးတွေက လှုပ်လီလှုပ်လဲ့(သန်းမြင့်အောင်နှင့်တွဲရေး) လိပ်ပြာကလေးရဲ့အကျႌ စသောဝတ္ထု များထွက်။ စာရေးဆရာများစုပေါင်းရေးသားသော လူထုအမေနှစ်(၉၀) စာအုပ်ကို စီစဉ်ထုတ်ဝေ။

၂၀၀၆ - လှဆိုးဗျင်းရယ် ဆလုံနှင်းဆီ (အောင်ဝေးနှင့်တွဲရေး) ခရီးသွားစာအုပ်ထွက်။

၂၀၀၇ - ကမ်းလှည့်ဆွတ်မီ လုံးချင်းဝတ္ထုရှည်ထွက်။

ယခုအခါ ဆရာမ-မိချမ်းဝေသည် အမှတ်(၁၀) အောင်ဘာလေလမ်း ကျောက်မြောင်း၊ တာမွေမြို့နယ်တွင် နေထိုင်၍ စာပေများ ရေးသားပြုစုလျက်ရှိ။

ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

၁။ ကမာရင်ကွဲနှင့်ဝတ္ထုတိုများ

၂။ လှိုင်းနှစ်ထပ်ပင်လယ်

၃။ အလွမ်းပင်ဆင့် ကျွမ်းရင်နင့်

၄။ အနီးဆုံးဝတ်ရုံနဲ့ အလင်းညှို့ချက်ဝတ္ထုတိုများ

၅။ ကမ်းလှည့်ဆွတ်မီ

ကိုးကား[ပြင်ဆင်ရန်]