မာလာလိုင်း ကာကာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မာလာလိုင်း ကာကာ (၂၀၀၄ ခုနှစ်)

အာဖဂန်နစ္စတန်တောင်ပိုင်းမြို့တော် ကန်ဒါဟာတွင်ဖြစ်သည်။ လမ်းများပေါ်တွင် တာလီဘန်တို့နှင့် ပြည့်နေသည်။ အဖြူရောင်၊ အနက်ရောင် ဗောင်းထုပ်များဆောင်းထားကြသည့် မုတ်ဆိတ်ရှည်များ၊ အမည်းရောင်ကာချယ်လိုင်နာများ မျက်လုံးတွင်ခြယ်ထားသည့် အမျိုးသမီးများ၊ လူတွေကြားထဲ ဟွန်းသံတစ်တီတီနှင့် မောင်းနေသော တိုယိုတာပစ်ကပ်ကား များ၊ လမ်းပျောက်လောက်အောင် ပိတ်ဆို့နေသော ဈေးလှည်းများ၊ လမ်းများကို ကိုယ်ပိုင်အိမ်ယာသဖွယ် လုပ်ချင်သလိုလုပ်၊ နေချင်သလိုနေသူများဖြင့် စည်ကားလှသည်။

တာလီဘန်တို့လက်ထဲမှ အမေရိကန်တို့က အာဏာကိုသိမ်းယူပြီး ငါးနှစ်အကြာတွင် လမ်းတွေပေါ်၌ ပြန်လည်စည်ကားလာ သည်။ လက်နက်ကိုင်စွဲ တိုက်ပွဲဝင်လိုသူတွေကလည်းမလျှော့။ အခြေအနေမကောင်းသေးသဖြင့် အိမ်တွေကိုပြန်ခို၊ တောင်တန်းတွေဆီထွက်သွားကာ ပုန်းအောင်းနေကြသည်။ အာဖဂန်နစ္စတန်ဆိုသည်ကို ကမ္ဘာကမေ့လောက်သည့်အချိန်ကို သူတို့စောင့်နေကြသည်။ လမ်းတစ်လမ်း၌ အသက် ၄၀ အရွယ်ခန့်ရှိ မာလာလိုင်း ကာကာဆိုသူ အမျိုးသမီးသည် ကလေး ခြောက်ယောက်ကို ကျောင်းပို့ရန် ပြင်ဆင်နေသည်။ ကလေးတွေက စားပွဲဝိုင်းတွင်ထိုင်ရင်း သူတို့စားမည့်မုန့်ထဲကို ကြက်သွန်နီအစာသွပ်နေကြ သည်။ အကြီးတွေက အငယ်တွေ၏ ဆံပင်ကိုဖြီးပေးနေသည်။ မိန်းကလေးတွေက တစ်ဦးနှင့်တစ်ဦး ဆံပင်တွေကို ကျစ်ဆံမြီး ကျစ်ပေးနေကြသည်။ အားလုံးပြင်ဆင်ပြီး အသင့်ဖြစ်ချိန်တွင် မာလာလိုင်းသည် အခန်းတံခါးကို ဖွင့်လိုက်သည်။ ကလေးတွေ ကျောင်းသွားသည်ကို သူမမျက်စိတစ်ဆုံးကြည့်နေလိုက်သည်။ ထို့နောက် တံခါးကိုပိတ်ကာ သော့ချလိုက်သည်။

အခန်းထဲတွင် တစ်ဦးတည်းဖြစ်နေချိန်မှ မာလာလိုင်းသည် အခန်းတစ်ခန်းအတွင်းသို့ဝင်ပြီး AK-47 သေနတ်ကိုကိုင်ကာ နံရံကို ကျောကပ်ထားလိုက်သည်။ နံရံစင်ပေါ်က သေတ္တာကိုဖွင့်လိုက်ပြီး ကျည်များကိုထုတ်ကာ သေနတ်ကျည်အိမ်ထဲကို ဖြည့်လိုက်သည်။ သေနတ်လုံခြုံရေးမောင်းကို သေချာစွာစစ်ဆေးလိုက်ပြီး နာရီကိုကြည့်လိုက်သည်။ ထိုအချိန်တွင် တံခါး ခေါက်သံပေါ်ထွက်လာသည်။ မာလာလိုင်း၏အစ်ကိုဖြစ်သည်။ သူက အလုပ်သို့ နေ့စဉ်ကားမောင်းပို့ပေးနေသည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သည်။ သူတစ်ယောက်သာ ညီမကို အကာအကွယ်ပေးနေသူလည်းဖြစ်သည်။ လမ်းကြောင်းကို တစ်နေ့တစ်မျိုး အမျိုးမျိုးပြောင်းကာ အလုပ်သို့ ကားမောင်းပို့နေရသည်။ မျက်နှာကို အပေါ်ဖုံးခြုံလွှာနှင့်အုပ်လိုက်ပြီး သေနတ်ကိုကိုင်ကာ သူမ အိမ်ထဲကထွက်လိုက်သည်။

ထိုသို့ခိုးကြောင်ခိုးဝှက်လုပ်နေခြင်းကြောင့် မာလာလိုင်းကို လူဆိုးဂိုဏ်းကလားဟုမေးနိုင်ပါသည်။ အာဖဂန်နစ္စတန်တွင် သူမ သည် အန္တရာယ်အရှိဆုံး မိန်းမသားဖြစ်သည်။ အမျိုးသမီးဖြစ်သော်လည်း ကန်ဒါဟာရဲသင်တန်းကျောင်းကို ပထမဦးဆုံး တက်ရောက်ခွင့်ရကာ၊ ကန်ဒါဟာရဲဌာနတွင် ပထမဦးဆုံး အမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်လာခဲ့သည်။

အာဖဂန်နစ္စတန်တွင် ထိုသို့အမျိုးသမီးများ တာဝန်ယူခြင်းက ရှားပါးသော သမိုင်းမှတ်တမ်းဝင်မည့် အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ထို့ကြောင့်လည်း သူမကို လုပ်ကြံသတ်ဖြတ်လိုသူတွေ ပတ်လည်ဝိုင်းနေသည့်ကြားတွင် သူမရုန်းကန်ပြေးလွှား နေရခြင်းဖြစ်သည်။ မနက်ခင်း ကလေးတွေ အိပ်ယာမနိုးမီထပြီး တံခါးဝတွင် ညကဘာစာတွေ ချသွားသနည်းဆိုသည်ကို ခြောင်းကြည့်ရသည်။ သတ်ပစ်မည်ဆိုသည့် ခြိမ်းခြောက်စာများကို ကလေးတွေမမြင်စေ့ချင်သောကြောင့်ဖြစ်သည်။ စာများ တွင် “ရဲတပ်ဖွဲ့က ချက်ချင်းထွက်၊ မထွက်ရင်တော့” ဆိုသည့်စာသားတွေနှင့် အစပြုထားတတ်သည်။ သို့သော်သူမသည် ခြောက်တိုင်း ကြောက်တတ်သူတော့မဟုတ်။

ကန်ဒါဟာရဲစခန်းသည် လေးထောင်စပ်စပ်၊ ကွန်ကရစ်အဆောက်အအုံဖြစ်ပြီး ပြတင်းတံခါးတွေကလည်း သေးသေးလေးတွေ ဖောက်ထားသည်။ မာလာလိုင်းသည် သူမအခန်းထဲသို့ဝင်လိုက်ပြီး မျက်နှာတွင်အုပ်ထားသည့်အဝတ်ကို ချွတ်လိုက်ကာ ယူနီဖောင်းကို ပြင်ဆင်လိုက်သည်။ ရေတပ်အပြာရောင် ယူနီဖောင်းမာတောင့်တောင့်နှင့်၊ ဘောင်းဘီကို စမတ်ကျကျဝတ်ဆင် ထားသည့် မာလာလိုင်းက ခါးပတ်ကို ပြန်ပြီးတင်းအောင်လုပ်လိုက်သည်။ ခါး ၂၄ လောက်သာရှိသည့် သူမအတွက် ရဲတပ်ဖွဲ့က ထုတ်ပေးထားသည့် ယူနီဖောင်းသည် သိပ်တော့အဆင်မပြေ။ လူကပိန်ပိန်၊ အရပ်က ငါးပေခန့်သာရှိပြီး 9mm ပစ္စတိုကို ခါးတွင်ချိတ်ထားသည့် သူမပုံသဏ္ဍန်မှာ ရယ်စရာတော့ကောင်းနေသည်။

ကန်ဒါဟာသည် ထိုစဉ်က (၂၀၀၇ ခုနှစ်) ကမ္ဘာ့ကြောက်ရွံ့စရာ အကောင်းဆုံးမြို့တစ်မြို့ဖြစ်သည်။ အမေရိကန်နှင့် နေတိုးတပ်များ လမ်းပေါ်တွင် ကင်းလှည့်နေကြသော်လည်း တာလီဘန်တွေက နေရာအနှံတွင် ရှိနေနိုင်သည်။

“သူတို့က ညဘက်တွေမှ အပြင်ထွက်ကြတယ်။ ကားမောင်းရင်း သေနတ်တွေပစ်ချင် ပစ်သွားတတ်ကြတယ်။ ရဲကင်းတွေကို လည်း ဗုံးနဲ့ပစ်ရင် ပစ်သွားကြတာပဲ” ဟု မာလာလိုင်းကပြောသည်။ မြို့စွန်တွင် လူနေအိမ်များစွာရှိသည်။ နိုင်ငံခြားသားတွေ ကလည်း နံရံမြင့်ကြီးများကာထားသည့်နောက်တွင် လက်နက်ကိုင်အစောင့်များချကာ နေထိုင်ကြရသည်။ ကားဖြတ်သန်းဂိတ် များတွင် ရဲများက စစ်ဆေးနေမှုများ၊ ဟိုတယ်ရှေ့တွင် သေနတ်တကားကားဖြင့် လျှောက်သွားနေသောသူများသည် နေ့စဉ် မရိုးနိုင်သည့် မြင်ကွင်းများဖြစ်သည်။ လမ်းပေါ်ထွက်နေသည့် လူတိုင်းလက်ထဲတွင် လက်နက်တစ်ခုခုတော့ ကိုင်ထားကြသည် သာဖြစ်သည်။

တာလီဘန်များ အာဏာရလာချိန်တွင် မာလာလိုင်းရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၇ နှစ်ခန့်ရှိသွားပြီဖြစ်သည်။ ရှရီရာအစ္စလာမ်ဥပဒေဖြင့် စီရင်ဆောင်ရွက်လိုကြသည့် ဒေသဆိုင်ရာ “ကိုယ်ကျင့်တရားရဲ” ဆိုသူတွေက မာလာလိုင်း၏ အလုပ်နှင့်ပတ်သက်ပြီး သိပ်ဘဝင်မကျ။ သို့ဖြစ်ရာ ခြိမ်းခြောက်မှုများကြောင့် ပါကစ္စတန်သို့ထွက်ပြေးပြီး ဆယ်နှစ်ခန့် ကိုယ်ယောင်ဖျောက်နေခဲ့ရသည်။ ပါကစ္စတန်တွင် ခိုလှုံနေစဉ် ကုလသမဂ္ဂတွင် အလုပ်လုပ်နေသည့်ဝန်ထမ်းတစ်ဦးနှင့် တွေ့ပြီး အိမ်ထောင်ပြုကာ မိသားစုဘဝထူထောင်လိုက်သည်။

တာလီဘန်တွေ ဆုတ်ခွာထွက်ပြေးသွားရချိန်တွင် မာလာလိုင်းသည် ကန်ဒါဟာသို့ပြန်ပြီး သူမမြတ်နိုးသည့် ရဲအလုပ်ကို ဆက်လုပ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးကို ရှေ့ဆုံးကကာကွယ်စောင့်ရှောက်ပေးနေသည့် သူမ၏တပ်ဖွဲ့သည် တာလီဘန်အသေခံ ဗုံးဖောက်ခွဲရေးသမားများ၏ ပစ်မှတ်များ ဖြစ်ခဲ့ရသည်။ သူတို့သည် အပြင်ထွက်လျှင်လည်း သေနတ်တွေ အစောင့်အရှောက်တွေနှင့်ဖြစ်ပြီး၊ သူတို့မိသားစုအရေးအတွက်လည်း နောက်ကြောင်းမအေးရသူများ ဖြစ်သည်။

“ကျွန်မခုဆိုရင် စစ်တပ်ဝင်းထဲမှာပဲ လုံခြုံရေးအတွက် နေရတယ်။ ဒီအလုပ်က အမျိုးသမီးတစ်ယောက်အနေနဲ့ သိပ်လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အမျိုးသမီးတွေအတွက် အလွန်အရေးပါတဲ့ အလုပ်လို့ ကျွန်မခံယူထားတယ်။ အာဖဂန်နစ္စတန် နိုင်ငံသစ်ကို ထူထောင်ရာမှာ ကျွန်မတို့လည်း တစ်ဖက်တစ်လမ်းက ပါဝင်ချင်တယ်” ဟု မာလာလိုင်းကဆို သည်။

တရားပဒေစိုးမိုးရေးအတွက် မာလာလိုင်းလို အမျိုးသမီးတွေ တာဝန်ထမ်းဆောင်ရသည်မှာ အာဖဂန်နစ္စတန်တွင် အလွန် စွန့်စားရသည့် အလုပ်ဖြစ်သည်။ ရဲတပ်ဖွဲ့သို့ အမျိုးသမီးများဝင်ရန် ဖိတ်ခေါ်သော်လည်း မဝင်ရဲကြပေ။ မွတ်စလင်အသိုင်း အဝိုင်းတွင် အမျိုးသားများနှင့် အမျိုးသမီးများကို တန်းတူဆက်ဆံအခွင့်အရေးပေးခြင်းအား မနှစ်မြို့ကြသောကြောင့်ဖြစ် သည်။ တစ်ခါတစ်ရံ မာလာလိုင်းသည် တပ်ဖွဲ့ဝင်ရဲမေတစ်ဦးအားခေါ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားသည့်နေရာသို့ သွားရောက်ရ သည်။ အနှိပ်စက်ခံရသည့် မိန်းကလေးအိမ်သို့ အတင်းဝင်ရောက်၊ မိန်းကလေးကို ကယ်တင်နေချိန်တွင် အခြားရဲတပ်ဖွဲ့ဝင် ယောက်ျားတစ်ဦးက ကျူးလွန်သူကို လိုက်ရှာပြီးဖမ်းရသည်။ ဒဏ်ရာရနေသည့် မိန်းကလေးကို ပြုစုပြီး ဆေးရုံပို့ရသည်။ ဒါတွေက သူတို့အလုပ်ထဲတွင် ပါဝင်နေသည့် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယခုအခါ လူဦးရေ သန်း ၃၀ ခန့်ရှိသည့် အာဖဂန် တွင် အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၅၀၀ ဦးခန့်ရှိနေပြီဖြစ်သည်။ နေ့စဉ် လူသတ်မှု၊ မူးယစ်ဆေးဝါးအမှုနှင့် အကြမ်းဖက်မှုများကို သူတို့ရင်ဆိုင်ဖြေရှင်းပေးနေရသည်။

တာလီဘန်တို့ စိုးမိုးမှု ဆယ်နှစ်တာကာလမှ လွတ်မြောက်ချိန်တွင် အာဖဂန်နစ္စတန်သည် အမျိုးသမီးများအကြမ်းဖက်မှုအခံရ ဆုံးတိုင်းပြည်အဖြစ် နာမည်ကျော်ခဲ့ရသည်။ အမျိုးသမီး ၈၀ ရာခိုင်နှုန်းခန့် စာမတတ်ကြပေ။ ထို့ပြင် လူ့ဘောင်အသိုင်းအဝိုင်း အတွင်း လူရာအသွင်းမခံရသည်ကပိုဆိုးသည်။ မိန်းကလေးများကို အသက် ၆ နှစ်ပြည့်လျှင် လက်ထပ်ခိုင်းခြင်း၊ ဇနီးမယား အရာရောက်လျှင် ရိုက်နှက်နှိပ်စက်ခံရခြင်း၊ တစ်ခါတစ်ရံ စိတ်မထင်လျှင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရခြင်း၊ မိန်းကလေး များကို ကိုယ်ကျင့်တရားဖောက်ပြန်သည်ဆိုသော စွပ်စွဲချက်များဖြင့် အပြစ်ပေးခြင်းများသည် ပြည်တွင်းစစ်မီးတောက်ချိန် တစ်လျှောက်လုံး အမျိုးသမီးများ ခံစားခဲ့ရသည့် ဒုက္ခများဖြစ်သည်။ သို့ဖြစ်ရာ မာလာလိုင်းလို အမျိုးသမီးတစ်ယောက် ရဲတပ်ဖွဲ့တွင် ရှိနေခြင်းက အမျိုးသမီးများဘဝအတွက် အားဆေးတစ်ခွက်ပမာ ဖြစ်ခဲ့ရသည်။ သူမသည် အမျိုးသမီးများကို အားပေးအားမြှောက်ပြုသည်။ သူတို့အသံကို ကမ္ဘာကကြားရအောင် စွမ်းဆောင်ပေးသည်။ မာလာလိုင်းသည် အမျိုးသမီးများ ဘဝ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားမျှတရေးအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံထားသူလည်းဖြစ်သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင်ဖြစ်သည်။ မာလာလိုင်းနှင့် အသက် ၁၈ နှစ်အရွယ် သားဖြစ်သူတို့ ကားမောင်းလာစဉ် မော်တော်ဆိုင်ကယ် စီးလာသည့် သေနတ်သမားနှစ်ယောက်က ကားကို သေနတ်ဖြင့်ဝိုင်းပစ်ပြီး မောင်းပြေးကြသည်။ မာလာလိုင်း သေနတ်ဒဏ်ရာ ပြင်းထန်စွာဖြင့် သေဆုံးသွားပြီး သားဖြစ်သူလည်း ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ နှစ်ပေါင်းများစွာ တာလီဘန်တို့စိုးမိုးမှုအောက်တွင် အမျိုးသမီးလွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သူတစ်ယောက်၊ ပြည်သူ့ရဲမေတစ်ယောက်၏ ပေးဆပ်ခဲ့ရသောဘဝအတွက် ရလဒ်သည် မျှော်လင့်ထားသလို ဖြစ်လာရသည်ဆိုသော်လည်း ဝမ်းနည်းကြေကွဲစရာကောင်းလှသည်။

အာဖဂန်နစ္စတန်မှ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန် အက်ဒ်ဝပ်ကလည်း “တာလီဘန်တွေက ဒီသတ်ဖြတ်မှုကို သူတို့လုပ်တာလို့ ပြောပေမဲ့ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ်လို့ ကျွန်တော်တို့ကပြောချင်ပါတယ်” ဟုမှတ်ချက်ပြု သည်။ ထို့ပြင်သူက “မာလာလိုင်းဟာ အလွန်ထင်ရှားပြီး လေးစားစရာကောင်းတဲ့ သတ္တိခဲတစ်ဦးပါ။ သူ့ကို ဒီလိုလုပ်ကြံ သတ်ဖြတ်လိုက်ခြင်းဟာ အာဖဂန်နစ္စတန်နိုင်ငံကိုသာမက၊ အာဖဂန်က အမျိုးသမီးထုကိုပါ စော်ကားလိုက်တာပဲ” ဟုဆို သည်။

ဒေသဆိုင်ရာအာဏာပိုင် ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇယ်လ်မိုင်း အေယိုဘီကလည်း ဦးခေါင်းသို့ဝင်သွားသည့် ကျည်တစ်တောင့်ကြောင့် ထိုနေရာတွင်ပင် ပွဲချင်းပြီးသေသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မာလာလိုင်း ၏သားဖြစ်သူလည်း တစ်သက်လုံး မေ့မြောသည့် (Coma) ဝေဒနာခံစားသွားရမည့် အနေအထားတွင်ရှိနေသည်ဟု အေယိုဘီ ကဆိုသည်။

သောင်းကျန်းသူအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယူဆဖ် အာမာဒီဆိုသူကလည်း AFP သတင်းဌာနသို့ ကြေးနန်းဖြင့် “မာလာလိုင်းကို ကျုပ်တို့သတ်လိုက်တာ” ဟု ထုတ်ဖော်ပြောကြားသည်။ “အဲဒီမိန်းမဟာ ကျုပ်တို့ရဲ့ ပစ်မှတ်ပဲ။ ကျုပ်တို့ ပစ်မှတ်ကို ရှင်းပစ်နိုင်ခဲ့တာ ကျုပ်တို့ရဲ့ အောင်မြင်မှုပဲ” ဟုဆိုသည်။

မာလာလိုင်းကို သတ်သည့်နေ့တွင်ပင် မြို့အတွင်း၌ အခြားတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သေးသည်။ အသေခံဗုံးခွဲ သူတစ်ယောက်သည် မော်တော်ဆိုင်ကယ်စီးလာပြီး လူအုပ်အတွင်းဝင်ကာ ဗုံးခွဲလိုက်ခြင်းကြောင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။ ဗုံးခွဲသူ ဆိုင်ကယ်သမားလည်း သေဆုံးသွားခဲ့သည်။ ကန်ဒါဟာ အရှေ့တောင်ပိုင်း မိုင် ၈၀ အကွာရှိ နယ်စပ်တစ်နေရာရှိ စပင်ဘာလ်ဒက်တွင် ထိုသူသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကားနှစ်စီးကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုလို အသေခံတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

အဖိနှိပ်ခံအမျိုးသမီးများဘက်က မားမားမတ်မတ်ရပ်တည်ပေးပြီး အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်ပေးသူ ရဲမေ မာလာလိုင်းတစ်ယောက် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သူမကို အာဖဂန်အမျိုးသမီးသူရဲကောင်း Maiwand နှင့်တင်စားပြီး သူရဲကောင်းအာဇာနည်အဖြစ် သတ်မှတ်ကြသည်။ Maiwand သည် အယွတ်ခန်လက်ထက်တွင် ဗြိတိသျှနယ်ချဲ့တို့ကို ပတ်ရှ်တွန်စစ်တပ်နှင့်အတူတိုက်ပွဲဝင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဒုတိယ အင်္ဂလိပ်-အာဖဂန်စစ်ပွဲတွင် Maiwand တပ်ဖွဲ့က ဗြိတိသျှတို့ကို အောင်ပွဲဆင်နိုင်ခဲ့သည်။

ယခုလည်း မာလာလိုင်းသည် အဖိနှိပ်ခံ အမျိုးသမီးများဘက်ကဦးဆောင်ပြီးတိုက်ပွဲဝင်ခဲ့သဖြင့် အာဖဂန်အစိုးရနှင့်တကွ အာဖဂန်ပြည်သူတို့က "Malalai of Maiwand" ဟု ပြည်သူပေးသည့်ဘွဲ့ကိုရရှိခဲ့သော ပြည်သူ့အာဇာနည်တစ်ယောက်ဟု ဆိုရမည်ဖြစ်သည်။