မာလာယ တက္ကသိုလ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တည်ရှိတဲ့ မာလာယ တက္ကသိုလ် (University of Malaya - MU) ဟာ မလေးရှားမှာ သက်တမ်းအရင့်ဆုံးနဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မာလာယ တက္ကသိုလ်ရဲ့ အစကနဦးကို ကြည့်ရင် ၁၉၀၅ ခုနှစ် စင်ကာပူမှာ သတ္တမမြောက် ဘုရင် အက်ဒဝပ် ဆေးကောလိပ် အဖြစ်စခဲ့တာ ဖြစ်ပါတယ်။

စတင်စဉ်က စင်ကာပူနဲ့ ပီနန်မှာ ၁၈၉၀ ဝန်းကျင် နှစ်များအတွင်း ဆေးဘက်ဆိုင်ရာ ကုသပေးမယ့်သူ အလုံမလောက် မရှိတာကြောင့် ဆေးကျောင်းတစ်ခု တည်ထောင်ဖို့ကနေ စတင်ခဲ့တာပါ။ ၁၉၀၂ မှာ ပညာရေး ကော်မရှင်ကနေ ဒီလို ဆေးကုသမှုပိုင်းဆိုင်ရာ အခက်အခဲ ရှိနေကြောင်း အစီရင်ခံစာ တင်ခဲ့ပါတယ်။ အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေလိုအပ်သလောက် ခန့်ထားနိုင်ဖို့ ဆေးကျောင်းတစ်ခု တည်ထောင်သင့်ကြောင်း ပညာရေး ကော်မရှင်က အကြံပြုခဲ့ပါတယ်။

ဒါပေမယ့် ထိုစဉ်က စင်ကာပူနဲ့ ပီနန်ရှိ ဥရောပသားတွေက သဘော မတူခဲ့ပါဘူး။ ဒါပေမယ့် ဥပဒေပြု ကောင်စီက ကျောင်းတည်ထောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ ဆာဂျွန် က ဦးဆောင်ပြီး မလေးကျွန်းဆွယ်နှင့် ဖက်ဒရယ် အစိုးရများ ဆေးပညာကျောင်း (The Strait and Federated States Government Medical School) [၁] ဆိုပြီး စတင် တည်ထောင်ပါတယ်။

အဲဒီတုန်းက ဆေးကျောင်းဟာ အခု စင်ကာပူ အထွေထွေရောကု ဆေးရုံကြီး အနီးမှာ တည်ရှိပါတယ်။ အဲဒီနားက အဆောက်အအုံ ၄ ခုကို ဆေးကျောင်းအဖြစ် ပြင်ဆင် ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ၁၉၀၇ မှာ စာသင်ခန်းမနဲ့ ဓာတ်ခွဲခန်းကို တိုးချဲ့ ဖွင့်လှစ်ပါတယ်။ ဒါပေမယ့် စာကြည့်တိုက်နဲ့ လက်တွေ့လေ့လာရေး ပစ္စည်းနဲ့ အစိတ်အပိုင်းတွေက မရှိသေးပါဘူး။

၁၉၀၅ မှာ ဆေးကျောင်းသား ၁၇ ယောက် ရှိပါတယ်။ နောက် ၅ နှစ်အကြာမှာတော့ ကျောင်းသား အယောက် ၉၀ နဲ့ ဆေးရုံ အကူ ၃၀ ခန့် ရှိလာပါတယ်။ ကျောင်းအုပ်ကြီးပဲ အချိန်ပြည့်ဖြစ်ပြီး ဆရာတွေကတော့ အချိန်ပိုင်းတွေ ဖြစ်ကြပါတယ်။

ကျောင်းအုပ်ကြီးက ပီနန်အခြေစိုက် ဝါရင့် ကိုလိုနီနယ်ဆိုင်ရာ ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ ဂျရယ် ဒူဒလေ ဖရီယာ ဖြစ်ပါတယ်။ ဆေးကျောင်းကောင်စီက သူတို့ ပေးအပ်တဲ့ ဘွဲ့တွေ တရားဝင်စေဖို့ ယူနိုက်တက် ကင်းဒမ်းက အသိအမှတ်ပြုမှုရစေရေး ကြိုးပမ်းခဲ့ပြီး ၁၉၁၆ မှာ အသိအမှတ်ပြု ခံခဲ့ရပါတယ်။ ဒီဆေးကျောင်းက လက်မှတ်နဲ့ လိုင်စင်ရရင် ဗြိတိသျှ ကိုလိုနီနယ် ဘယ်နေရာမှာ မဆို ဆေးကုလို့ ရပါတယ်။

၁၉၁၀ မှာ ဒေါက်တာ ရောဘတ် ဒေါ်နယ် ကိတ်သ် ဒုတိယမြောက် ကျောင်းအုပ် ဖြစ်လာပါတယ်။ သင်ရိုးညွှန်းတမ်းတွေ မြှင့်တင်ခဲ့ပါတယ်။ ကျောင်းသားတွေဟာ စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံ၊ တန်တွတ်ဆန် ဆေးရုံ၊ ကန်ဒေါင် ကာဘူ သားဖွားမီးယပ် ဆေးရုံတွေမှာ တာဝန်ပေးအပ် ခံရပါတယ်။

၁၉၁၂ မှာ သတ္တမမြောက် ဘုရင် အက်ဒဝပ်က ဒေါ်လာ ၁ သိန်း ၂ သောင်း မတည် ထောက်ပံ့ပြီးနောက် သတ္တမမြောက် ဘုရင် အက်ဒဝပ် ဆေးကောလိပ် လို့ အမည်ပြောင်းလိုက်ပါတယ်။ ၁၉၁၉ မှာ ကျောင်းထွက်နှုန်းဟာ ၃၅ ရာခိုင်နှုန်းရှိပြီး ၁၉၃၉ မှာ စာမေးပွဲကျတဲ့ ကျောင်းသားဟာ ၄၄ ရာခိုင်နှုန်း ရှိပါတယ်။ ၁၉၄၉ ခုနှစ်ကျမှ စင်ကာပူမှာ သတ္တမမြောက် ဘုရင် အက်ဒဝပ် ဆေးကောလိပ်နဲ့ ရပ်ဖဲလ်စ် ကောလိပ် (Raffles College) တို့ကို ပေါင်းပြီး မာလာယ တက္ကသိုလ်ဆိုပြီး စုစည်း တည်ထောင်ပါတယ်။ [၂]

ရပ်ဖဲလ်စ် ကောလိပ်ကို ဆာ စတန်ဖို့ဒ် ရပ်ဖဲလ်စ်နဲ့ ဒေါက်တာ ရောဘတ် မောရစ်ဆန်တို့က ပူးတွဲ တည်ထောင်ပါတယ်။ ဆာ ရပ်ဖဲလ်စ်က စင်ကာပူကို တည်ထောင်သူ ဖြစ်ပြီး မာလေးစကားနဲ့ ယဉ်ကျေးမှုကို ကျွမ်းကျင် နှံ့စပ်သူ ဖြစ်ပါတယ်။ ဒေါက်တာ မောရီဆန်က တရုတ်ရေးရာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒေသတွင်း မလေးနဲ့ တရုတ်ဘာသာ လေ့လာရေး ဌာနတစ်ခုဖွင့်ဖို့ ဆန္ဒ ရှိခဲ့ကြပါတယ်။

ကျောင်းဖွင့်ဖို့ အုတ်မြစ်ချပြီးနောက် ရပ်ဖဲလ်စ်က အင်္ဂလန်ပြန်သွားပြီး မောရစ်ဆန်က တရုတ်ကို ထွက်သွားလို့ ကျောင်းက မဖွင့်ဖြစ်ပါဘူး။ ကျောင်းအဆောက်အဦကလည်း ရပ်ဖဲလ်စ် အင်စတီကျူးရှင်း [၃] ဆိုပြီ အမည်တွင်နေပါတယ်။ ၁၉၁၈ ကျမှ ဆာ ဝီလျံ ဂျော့ဂျ် မက်စ်ဝဲလ်က ကော်မတီဖွဲ့ပြီး ကျောင်း ဖြစ်မြောက်အောင် ကြိုးပမ်းပါတယ်။ ၁၉၂၀ မှာတော့ ရစ်ချတ် အိုလပ်ဖ် ဝင်းစတက်ကို ကျောင်းအုပ်ခန့်ပြီး ရပ်ဖဲလ်စ် ကောလိပ်ကို စဖွင့်ပါတယ်။ ရပ်ဖဲလ်စ် ကောလိပ်ဟာ ဘုရင့် ဆေးကောလိပ်ထက် ပိုပြီး စနစ်ကျတယ်လို့ ဆိုပါတယ်။ ဘာသာရပ် တစ်ခုကို ၃ နှစ် သင်ရပါတယ်။ ၁၉၂၉ မှာ ဝိဇ္ဇာနဲ့ သိပ္ပံ ဘာသာရပ် ခွဲပြီး သင်ပါတယ်။

၁၉၄၂ မှာ ဂျပန်ကျူးကျော်လို့ ကောလိပ် ဖွံ့ဖြိုးမှုလည်း ရပ်သွားရပါတယ်။ စစ်ပြီးမှ မစ္စတာ ဒိုင်ယာ ဦးဆောင်ပြီး ပြန်ဖွင့်ခဲ့ပါတယ်။ ဘုရင့်ဆေးကောလိပ် ကျောင်းအုပ်ဟောင်း ဒေါက်တာ ဂျော့ အလန် ရပ်ဖဲလ်စ် ကောလိပ် ကျောင်းအုပ် ဖြစ်လာပြီးနောက် ကျောင်းနှစ်ခုကို ပေါင်းပြီး မာလာယ တက္ကသိုလ်ဆိုပြီး ပြောင်းလိုက်တာ ဖြစ်ပါတယ်။

မာလာယ တက္ကသိုလ်အဖြစ် ထူထောင်လိုက်ပြီးနောက် တိုးတက်မှု အလွန်မြန်ဆန်ခဲ့ပြီး တက္ကသိုလ် ပရဝုဏ်ကို ၁၉၅၉ ခုနှစ်မှာ စင်ကာပူမှာ တစ်ခု၊ ကွာလာလမ်ပူမှာ တစ်ခု တိုးချဲ့ခဲ့ပါတယ်။ ၁၉၆၀ မှာတော့ တက္ကသိုလ်ကို တစ်ခုစီ ခွဲထုတ်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပြီး စင်ကာပူမှာ ရှိတဲ့ တက္ကသိုလ်ကို စင်ကာပူ အမျိုးသား တက္ကသိုလ် (National University of Singapore)၊ ကွာလာလမ်ပူမှာရှိတဲ့ တက္ကသိုလ် မာလာယ တက္ကသိုလ်ဆိုပြီး ခွဲထုတ်လိုက်ပါတယ်။

ပညာရေး[ပြင်ဆင်ရန်]

အခုခေတ် မာလာယ တက္ကသိုလ်မှာ သင်ကြားရေး ဆရာ၊ ဆရာမပေါင်း ၂ ထောင့် ၅ ရာ ရှိပါတယ်။ လက်ရှိ မာလာယ တက္ကသိုလ်မှာ မဟာဌာန ၁၂ ခု၊ အကယ်ဒမစ်ဌာန ၂ ခုနဲ့ စင်တာ ၃ ခု ရှိပါတယ်။

၂၀၁၅ QS ကမ္ဘာ့ တက္ကသိုလ် သတ်မှတ်ချက်အရ ကမ္ဘာမှာ မာလာယ တက္ကသိုလ်က အဆင့် ၁၄၆[၄] ဖြစ်ပါတယ်။ အာရှမှာက အဆင့် ၂၉ ဖြစ်ပြီး တောင်အရှာမှာကတော့ အဆင့် ၃ ဖြစ်ပါတယ်။ မလေးရှားမှာတော့ နံပါတ် ၁ ဖြစ်ပါတယ်။

ထင်ရှားသူများ[ပြင်ဆင်ရန်]

မာလာယ တက္ကသိုလ် ကျောင်းဆင်းတွေထဲမှာ ထင်ရှားသူတွေကတော့ မလေးရှား အဆိုတော်နဲ့ သီချင်းရေးဆရာ ဆူဒါမန် ဘင် ဟာဂျိ အာရှတ်၊ မလေးရှား နိုင်ငံရေးသမား အန်နဝါ အီဘရာဟင်၊ မလေးရှား ဝန်ကြီးချုပ် အာမက် ဘာဒါဝီ၊ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်၊ မလေးရှား ဒုတိယ ဝန်ကြီးချုပ် မူဆာ ဘင် ဟစ်တမ်၊ မလေးရှား စီးပွားရေး ပညာရှင် အဗ္ဗဒူ ဟာမစ်၊ မလေးရှား-ဩစတြေးလျစပ် ပန်းပုဆရာ ဒန်နီယယ် ဒိုရယ်၊ မလေးရှား သံတမန် ရာဇာလီ အစ္စမေးလ် စသူတို့ ဖြစ်ကြပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  1. Khoo, Kay Kim (2005). "The Quest for Recognition". 100 Years: The University of Malaya. Kuala Lumpur, Malaysia: University of Malaya Press. p. 6. ISBN 983-100-323-3.
  2. Khoo, Kay Kim (2005). "Students: The Trail-Blazers". 100 Years: The University of Malaya. Kuala Lumpur, Malaysia: University of Malaya Press. pp. 11–12. ISBN 983-100-323-3.
  3. Khoo, Kay Kim (2005). "Raffles College: Background". 100 Years: The University of Malaya. Kuala Lumpur, Malaysia: University of Malaya Press. p. 23. ISBN 983-100-323-3.
  4. Universiti Malaya (UM) | Top Universities