မာဆရိုက်ချည်လုပ်ခြင်း

ဝီကီပီးဒီးယား မှ

မာဆရိုက်ချည်ဖြင့်ရက်လုပ်သော အထည်များကို လူတိုင်း လိုပင် တွေ့မြင်ဘူးကြပေသည်။ မာဆရိုက်ချည်မှာ ချော၍ပိုးသားကဲ့ သို့ ပြောင်လက်နေသည်။ မာဆရိုက်ခြည်လုပ်ရာ၌ ဗူးညွန့်ကဲ့သို့ ခွေလိပ်နေသော ဝါချည်ကို စန့်ထွက်စေ၍ အရောင်တောက်ပြောင် လာအောင် လုပ်ပေးရသည်။ တီထွင်သူ မာဆာ၏ အမည်ကို အစွဲ ပြု၍ မာဆရိုက်ချည်ဟု တွင်လေသည်။

မာဆရိုက်ချည်ကို ရှေးဦးစွာ ပြုလုပ်ခဲ့သူမှာ အင်္ဂလိပ်လူမျိုး အထည်ကုန်သည် ဂျွန်မာဆာဆိုသူဖြစ်၍ ၁၈၄၄ ခုနှစ်တွင် မာဆ ရိုက်ခြည်လုပ်နိုင်ကြောင်းကို ကမ္ဘာသို့ ကြေညာခဲ့လေသည်။ မာဆာ ၏နည်းမှာ ဓာတုဗေဒနည်းအရဖြစ်၍ ပြုလုပ်ပုံမှာ အောက်ပါ အတိုင်းဖြစ်၏။ ဝါချည်ကို အတန်ငယ်အေးအောင် ပြုလုပ်ထားသော ကော့စတစ်ဆိုဒါ၊ သို့မဟုတ် ကော့စတစ်ပိုတက် စသည့် အယ်လကာလီ ပျော်ဝင်ရည် တစ်ခုခုထဲ၌ စိမ်ပေးရသည်။ ထိုသို့ စိမ်ရာတွင် ဝါချည်ထဲသို့ အယ်လကာလီ ကောင်းကောင်းဝင်အောင် လှန်လှောပေးရသည်။ ထိုနောက် ချည်ကိုဆန့်၍ ထားရပြီးလျှင် နောက်ဆုံးတွင် ရေဖြင့်လျှော်ပစ်ရသည်။ ထိုသို့ ပြုလုပ်ပြီးသော ဝါချည်သည် မူလရှိရင်းစွဲထက် လေးပုံတစ်ပုံခန့် ကျုံ့ဝင်သွားသည်။

ချည်မျှင်များသည် တစ်ခုနှင့်တစ်ခု ပို၍နီးကပ်လာကာ ယခင်ကလို ခွေလိမ်မနေတော့ဘဲ စန့်ထွက်လာသည်။ အရောင်မှာ လက်လာ၍ အသားမှာ ပိုးသားကဲ့သို့ချောလာသည်။ အကောင်းစားမာဆရိုက်ချည် ပြုလုပ်နည်းမှာ ထိုထက် စရိတ်အကုန်အကျ များသော်လည်း ခဝါပေးသောအခါ အရောင်မှိန် သွားခြင်း မရှိပေ။ မာဆရိုက်ချည်ဖြင့် ရက်လုပ်ထားသော အထည်များမှာ ရိုးရိုးချည်ထည်တို့ထက် ပို၍ ပျော့ပျောင်းခိုင်ခံ့ သည်။ ဆေးဆိုးရာတွင်လည်း ဆေးပို၍ စွဲသည်။ ကော့စတစ် ဆိုဒါရည်ကို တစ်မျိုးတစ်မည် စီမံအသုံးပြုခြင်းဖြင့်လည်း ပိုးတွန့် ကဲ့သို့သော မာဆရိုက်ချည်အမျိုးမျိုးကို ရရှိနိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)