မဧခြင်ထောင် ကစားနည်း

ဝီကီပီးဒီးယား မှ

"မဧခြင်ထောင် ကစားခြင်း"ကိုလည်း မြန်မာကလေးများ ကစားလေ့ရှိကြ၏။ အထူးသဖြင့် ငယ်ရွယ်သော ကလေးများက နှစ်ခြိုက်ကြလေသည်။ ကစားရာတွင် ကလေးခြောက်ယောက်မှ ဆယ့်နှစ်ယောက်အထိ ကစားနိုင်လေသည်။ ကစားသူများက လက်များကို ဆက်ထားကြပြီးလျှင် ဝိုင်းထားကြသည်။ အရွယ်အကြီးဆုံး၊ သို့မဟုတ် ကစားတတ်သည့် ကလေးက အလယ်တွင် ရပ်နေပြီးလျှင် မဧခြင်ထောင် ဘယ်လောက်ပေးရတယ် ဟု အော်မေးလိုက်သောအခါ အားလုံးကဝိုင်း၍ ငါးမူးပဲတင်းပေးရတယ်ဟု ပြန်အော်ပြောလိုက် ကြသည်။ ထိုအခါ အလယ်တွင် နေသူက ဘယ့်လောက် ရှည်သလဲဟု အော်၍ မေးလိုက်သောအခါ လက်များကို ဆက်ထားကြသော ကလေးများက ဟောသည်လောက်ကြီး ရှည်တယ်ဟူ၍ အော်ပြောကြပြီးလျှင် သူတို့၏ လက်ကလေးများကို ဆန့်နိုင်သမျှ ဆန့်လိုက်ကြလေသည်။ ဘယ်လောက်ကျဉ်းသလဲဟု အော်၍ မေးလိုက်ပြန်သောအခါတွင် သည်လောက်ကလေး ကျဉ်းတယ်ဟူ၍ အော်ပြောလိုက်ကြ ပြီးလျှင် သူတို့၏ လက်ကလေးများကို ကျုံ့လိုက်ကြလေသည်။ ထိုနောက်မှ နေမြဲအတိုင်း ပြန်၍နေကြလေသည်။ ပြီးလျှင် အလယ်၌ နေသူက ငါ့ကိုရောင်းပါကွယ်ဟု ပြောလိုက်ရာ မေမေ ဆူလိမ့်မယ် ဟူ၍ အားလုံးက ဝိုင်းအော်ကြလေသည်။ ထိုအခါ အလယ်၌ရှိသူက မေမေဆူလျှင် ငါ့ဆီလာခဲ့ဟု ပြောလိုက်ပြီးလျှင် ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ ဟူ၍ ဆိုကာ လှည့်ပတ်၍ ပြေးလေ့ရှိကြ သည်။ များသောအားဖြင့် လက်ယာရစ် လှည့်လေ့ရှိကြသည်။ ထိုသို့လှည့်ပတ်၍ ပြေးကြရာတွင် ဝိုင်းပြုတ်၍ မသွားမခြင်း ပြေးကြလေသည်။

တူတူပုန်းတမ်း[ပြင်ဆင်ရန်]

တူတူပုန်းတမ်း ကစားခြင်းကိုလည်း မြန်မာကလေးများက လွန်စွာ နှစ်ခြိုက်ကြလေသည်။ ကစားရာတွင် လိုက်ရှာရမည့် ကလေးကို နို့ဆီခွက်တစ်ခုကို ဖြစ်စေ၊ အခြားပစ္စည်းတစ်ခုခုကို ဖြစ်စေ တော်တော်ဝေးရာသို့ လွှင့်ပစ်လိုက်ပြီးလျှင် လိုက်၍ ကောက်စေသည်။ ထိုသို့ ပစ္စည်းကိုပြေး၍ ကောက်နေစဉ် အခြားကစားသည့် ကလေးများက သင့်တော်သည့် ချောင်ကြို ချောင်ကြားများတွင် ဝင်၍ ပုန်းနေကြလေသည်။ နို့ဆီခွက် လိုက်ကောက်ပြီးလျှင် ပြန်ရောက်လာသော ကလေးသည် ပုန်းနေသော ကလေးများကို လိုက်၍ ရှာရလေသည်။ တွေ့အောင် မရှာနိုင်လျှင် ပန်းပေးပြီဟု အော်ပြောလိုက်ရ၍၊ ထိုအခါ ပုန်းနေကြသောကလေးများသည် ထွက်လာကြပြီးလျှင် ထိုကလေးကိုပင် ပြန်၍ လိုက်အရှာခိုင်း ကြပြန်သည်။ အကယ်၍ နို့ဆီခွက်ကို ပြေးကောက်၍ ပြန်လာသော ကလေးသည် ကလေးတစ်ယောက်ယောက်ကိုသာ တွေ့အောင် ရှာနိုင်လျှင်၊ ဥပမာ အနေဖြင့် မောင်စိန် တွေ့ပြီဟေ့ ဟုဆိုကာ မြေကြီးပေါ်တွင် သူကောက်ယူလာသည့် နို့ဆီခွက်ဖြင့် သုံးချက်ခေါက်၍ အော်ပြောလိုက်လျှင် ကျန်ကလေးများသည် ပုန်းနေသည့်နေရာ အသီးအသီးမှ ထွက်လာကြကာ ပထမ စ၍ အတွေ့ခံရသူကို လိုက်အရှာခိုင်း ကြပြန်သည်။ ထိုနည်းဖြင့် ပျော်ရွှင်စွာ ကစားကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)