မဟာသီယာ မိုဟာမက်

ဝီကီပီးဒီးယား မှ
ဒေါက်တာမဟာသီယာ မိုဟာမက်ဒ်
Mahathir bin Mohamad
(1925-07-10) ၁၀ ဇူလိုင်၊ ၁၉၂၅ (အသက် ၉၈) -
မဟာသီယာ မိုဟာမက်ဒ်
မဟာသီယာအား ၂၀၁၉ ခုနှစ်တွင် တွေ့ရစဉ်
ကိုယ်ရေး အချက်အလက်
မွေးရက် (1925-07-10) ၁၀ ဇူလိုင်၊ ၁၉၂၅ (အသက် ၉၈)
နိုင်ငံသား  မလေးရှား၊ အလော်ဆီတာမြို့
ဘာသာ ဆွန်နီမွတ်ဆလင်
ပညာရေး ဆရာဝန်
ကြင်ဖော် စီတီ ဟတ်စ်မာ
သားသမီး မာရီနာ၊ မီရ်ဇန် ၊ မလင်ဒါ၊ မော့က်ဇာနီ ၊ မူ့ရ်ခရစ်ဇ် ၊ မိုင်ဇူရာ]] ၊ မာဇာ]]
ဝဘ်ဆိုတ် http://www.chedet.cc
လက်မှတ်


မဟာသီယာ ဘင် မိုဟာမက် (၁၉၂၅ ဇူလိုင် ၁၀ ရက်မွေးဖွား)[၁] သည် မလေးရှား နိုင်ငံရေးသမားနှင့် ဝန်ကြီးချုပ် တစ်ဦး ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ဝန်ကြီးချုပ်အဖြစ် အချိန် အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ သတ္တမမြောက် ဝန်ကြီးချုပ် အဖြစ် တစ်ဖန် ပြန်လည် တာဝန်ယူခဲ့သည်။ ၁၉၄၆ ခုနှစ် အသစ်ဖွဲ့စည်းသော ယူအမ်အန်အို ပါတီအား စတင်ဝင်ရောက်ခဲ့သည်မှ စ၍ ရေတွက်လျှင် သူ၏ နိုင်ငံရေးသမား အဖြစ် လှုပ်ရှားခဲ့မှုသည် နှစ်ပေါင်း ၇၀ ကျော်မျှ ရှိသည်။

မလေးရှားနိုင်ငံ ကဒါးပြည်နယ် အလိုဆီတာမြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ကျောင်းစာတွင် ထူးချွန်သော မဟာသီယာသည် ဆရာဝန်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် မလေးရှားနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီတစ်ခု ဖြစ်ခဲ့သော ညီညွတ်သော မလေး အမျိုးသား အစည်းအရုံး (UMNO) တွင် တက်ကြွစွာ လှုပ်ရှားခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပါလီမန်သို့ စတင်ဝင်ရောက်ခဲ့သည်။ သူသည် အမတ်အဖြစ် အစိုးရသက်တမ်း တစ်ခုမျှ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ တွန်ကူး အဘဒူ ရာမန် နှင့် ပြဿနာ ဖြစ်ကာ ၎င်း၏ အမတ်နေရာကို လက်လွှတ်ခဲ့ရပြီး ယူအမ်အန်အိုမှလည်း ထုတ်ပယ်ခံခဲ့ရသည်။ အဘဒူရာမန် ရာထူးမှ နုတ်ထွက်ပြီးနောက် မဟာသီယာသည် ယူအမ်အန်အို ပါတီ နှင့် ပါလီမန်သို့ တစ်ဖန်ပြန်လည် ဝင်ရောက်ခဲ့ပြီးနောက် အစိုးရ အဖွဲ့တွင် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် လက်ထောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၁၉၈၁ ခုနှစ် ဝန်ကြီးချုပ် ဟူစိန်အွန်း နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

မဟာသီယာ ဝန်ကြီးချုပ် ဖြစ်နေစဉ် အချိန်က မလေးရှားသည် ခေတ်မီနိုင်ငံတော် အဖြစ် ပြောင်းလဲခြင်း နှင့် စီးပွားရေး တိုးတက်ခြင်းတို့ အလျှင်အမြန် ဖြစ်လာခဲ့ပြီး သူ၏ အစိုးရသည် အခြေခံအဆောက်အအုံ စီမံကိန်းများကို ရဲတင်းစွာပင် လုပ်ဆောင်ခဲ့သည်။ မဟာသီယာသည် ထင်ရှားသော နိုင်ငံရေး သမားတစ်ဦး ဖြစ်ပြီး ရွေးကောက်ပွဲကို ငါးကြိမ်ဆက်တိုက်မျှ အနိုင်ရခဲ့ကာ ယူအမ်အန်အို ခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်သူများကိုလည်း ဆက်တိုက်အနိုင်ရခဲ့သည်။ သို့သော်လည်း ၎င်း၏ ဩဇာအာဏာ ကြီးမားလာခြင်း အတွက် လွတ်လပ်သော တရားစီရင်ရေး နှင့် မလေးရှား ဘုရင်၏ ရိုးရာ အာဏာနှင့် အခွင့်အရေးများတွင် ထိခိုက်မှုများ ရှိခဲ့သည်။ သူသည် အငြင်းပွားမှု အများအပြားရှိသော ပြည်တွင်းလုံခြုံရေး ဥပဒေကို ကိုင်စွဲ၍ တက်ကြွလှုပ်ရှားသူများ၊ အဓိက နိုင်ငံရေးသမားများ နှင့် သူ၏ လက်ထောက်ဝန်ကြီးချုပ် ဖြစ်သော အန်နဝါ အီဘရာဟင် အပါအဝင် နိုင်ငံရေး ပြိုင်ဘက်များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ မဟာသီယာသည် အများပြည်သူဆိုင်ရာ လွတ်လပ်မှုကို ကန့်သတ် ပိတ်ပင်ခြင်း နှင့် အနောက်နိုင်ငံများ၏ အကျိုးစီးပွား နှင့် စီးပွားရေး ပေါ်လစီများကို ပြင်းထန်စွာ ဆန့်ကျင်ခြင်း စသည့် လုပ်ဆောင်မှုများကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်း၊ ဩစတြေးလျ နှင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေး မပြေပြစ်ခဲ့ပေ။ ဝန်ကြီးချုပ်တစ်ဦး အနေနှင့် သူသည် တတိယကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပေး လှုံ့ဆော်သူတစ်ဦးဖြစ်ခဲ့ပြီး ထင်ရှားသော နိုင်ငံတကာ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။

မဟာသီယာသည် အငြိမ်းစားယူပြီးနောက် တက်ကြွသော နိုင်ငံရေးပြယုဂ်တစ်ခု အဖြစ် ဆက်လက်တည်ရှိနေသည်။ ၂၀၀၆ ခုနှစ်နှင့် နောက်ပိုင်းတွင် သူကိုယ်တိုင် ရွေးချယ်ခဲ့သော ဝန်ကြီးချုပ်အဖြစ် ဆက်ခံသူ အဗ္ဗဒူလာ ဘာဒါဝီ နှင့် ၂၀၁၅ မှ စ၍ နာဂျစ် ရာဇက် အား ပြင်းထန်စွာ ဝေဖန်သူ တစ်ဦး ဖြစ်လာခဲ့သည်။ [၂] သူ၏ သားဖြစ်သူ မူခရစ် မဟာသီယာသည် ၂၀၁၆ ခုနှစ် အစောပိုင်းအထိ ကဒါးပြည်နယ်၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ တွင် မဟာသီယာသည် ဝန်ကြီးချုပ် နာဂျစ်အား ဆက်လက်ထောက်ခံနေသောယူအမ်အန်အို ပါတီမှ နုတ်ထွက်ခဲ့သည်။ အဓိက အကြောင်းမှာ မလေးရှား ရင်းဂစ် ၂.၆ ဘီလီယံ အလွဲသုံးစားမှု နှင့် 1MDB (1Malaysia Development Berhad) ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြစ်သည်။ [၃] ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အဖွဲ့အစည်းများ မှတ်ပုံတင် ဌာနမှ မဟာသီယာ၏ ပါတီသစ်ဖြစ်သော ညီညွတ်သော မလေးရှား လူမျိုးစု ပါတီ (PPBM) အား တရားဝင် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။ မဟာသီယာသည် ထိုပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ [၄] ၂၀၁၈ ဇန်နဝါရီလ ၈ ရက်တွင် မဟာသီယာသည် ပါကာတန် ဟာရာပန် ၏ ဝန်ကြီးချုပ် လောင်း အဖြစ် လာမည့် ၂၀၁၈ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြေညာခဲ့ပြီး အန်နဝါ အီဘရာဟင်အား လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရန် နှင့် အကယ်၍ အောင်မြင်ပါက သူ့အား ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းပေးအပ်ရန် အတွက် အစီအစဉ်အား ကြေညာခဲ့သည်။ ၉၂ နှစ် ရှိပြီဖြစ်သော မဟာသီယာသည် မလေးရှားနိုင်ငံ၏ အသက်အကြီးဆုံး ဝန်ကြီးချုပ် နှင့် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အစိုးရ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါက်တာမဟာသီယာကို မလေးကျွန်းဆွယ် အနောက်မြောက်ဘက်ရှိ အလော်ဆီထာမြို့ကလေးတွင် ၁၉၂၅-ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၀-ဦးရှိသည့်အနက် အထွေးဆုံးဖြစ်သည်။ မဟာသီယာ၏ မိဘများမှာ လူလတ်တန်းစားလွှာ အနိမ့်စားအဆင့်တွင် ပါဝင်ပြီး မြို့ဆင်ခြေဖုံး ရပ်ကွက်ကလေးတွင် နေထိုင်ခဲ့ကြရသည်။ ဖခင်မှာ ကျောင်းဆရာ စာရင်းစစ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မဟာသီယာ၏ ဖခင်သည် သားသမီးများ၏ ပညာရေးကို အထူးအားပေးသူ ဖြစ်သည်။ အလွန်ရှေးရိုးဆန်၍ စည်းကမ်းကြီးသူလည်း ဖြစ်သည်။ ဤသို့သောမိသားစုအသိုင်းအဝိုင်းမှ ကြီးပြင်းလာရသော မဟာသီယာအနေဖြင့် မိသားစု၏ တန်ဖိုးကို ချစ်မြတ်နိုးမှု ရှိလာခဲ့သည်။ ဖခင်၏ ပညာရေးအားပေးမှုကြောင့် တလလျှင် ကျောင်းလခ ရင်းဂစ်ငွေ သုံးကျပ် ပေးရသော အင်္ဂလိပ်ကျောင်းတွင် ပညာသင်ကြားခွင့် ရခဲ့သည်။ အိမ်တွင် မိခင်က အစ္စလာမ်ဘာသာရေး စာပေများနှင့် အစ္စလာမ်ယဉ်ကျေးမှုများကို သင်ကြားပေးခဲ့သည်။

မဟာသီယာသည် ငယ်စဉ်က ပညာကို တန်ဖိုးထားမှု၊ စည်းကမ်းရှိမှုနှင့် မိဘစကားကို လိုက်နာရိုသေတတ်မှု စသော အလေ့အကျင့်ကောင်းများကို အမွေရရှိခဲ့သည်။ မလေးရှားသို့ ဂျပန်တို့ ဝင်လာပြီးနောက် မဟာသီယာသည် အသက် ၁၆-နှစ်အရွယ်၌ အခြေအနေအရ ဈေးထဲတွင် ငှက်ပျောသီးရောင်းရသော ဘနားနားကျောင်းသား ဖြစ်ခဲ့ရသည်။ မိဘများက ပညာကို ဆက်လက်သင်စေသဖြင့် ဂျပန်ကျောင်းသို့တက်ကာ ဂျပန်စာများကို သင်အံရွတ်ဖတ်ရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသော အခါ မလေးယူနီယံစီမံကိန်းကြီး ပါလာခဲ့သည်။ ၎င်းစီမံကိန်းသည် ဗြိတိသျှတို့ လုံးဝဥဿုံ ကျွန်ပြုရေးစီမံကိန်းပင် ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှဆန့်ကျင်ရေး မြေအောက်လူငယ်လှုပ်ရှားမှု ပေါ်ပေါက်လာကာ မဟာသီယာသည် လူငယ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ မဟာသီယာတို့ စည်းရုံးလှုပ်ရှားခဲ့သော ကီဒါမလေးလူငယ်သမဂ္ဂသည် နောင်တွင် ကီဒါမလေးသမဂ္ဂဖြစ်လာခဲ့ပြီး ယင်းမှတဆင့် လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့များ ပေါင်းစည်း ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) ဖြစ်လာခဲ့သည်။

နိုင်ငံရေးလောကအတွင်း ဝင်ရောက်ပုံ[ပြင်ဆင်ရန်]

မလေးရှားလွတ်လပ်ရေး အကြိုကာလတွင် မဟာသီယာသည် တက္ကသိုလ်ပညာ ဆက်လက်သင်ယူရန် ၁၉၄၇-ခုနှစ်တွင် စင်ကာပူသို့ ထွက်လာခဲ့သည်။ စင်ကာပူ၌ ၁၉၄၇-မှ ၁၉၅၃-ခုနှစ်အထိ ဆေးပညာ သင်ကြားခဲ့သည်။ ပညာသင်ကြားနေစဉ် မလေးနိုင်ငံရေးနှင့် မျက်ခြည်မပြတ်ခဲ့ပေ။ အခြားတဖက်တွင် စည်းရုံးရေးစွမ်းရည်ကို မြှင့်တင်နိုင်ရန် စာပေးစာယူဆောင်းပါးများ အခါအားလျော်စွာ ရေးသားသည်။ ဆေးကျောင်းတက်နေစဉ် အတန်းတူ ဆေးကျောင်းသူ ဆတီဟာစမာနှင့် လက်ထပ်ခဲ့သည်။ သားသမီး ၇-ယောက် ထွန်းကားသည်။ မဟာသီယာသည် ဆရာဝန်ဘွဲ့ရပြီး ၁၉၅၃-ခုနှစ်တွင် မလေးသို့ပြန်လာခဲ့သည်။ အစိုးရဝန်ထမ်းဆရာဝန်အဖြစ် ဆောင်ရွက်လျက် ၁၉၅၇-ခုနှစ်တွင် အလုပ်မှထွက်၍ ဇာတိမြို့၌ ကိုယ်ပိုင် ဆေးခန်း ဖွင့်ရင်း UMNO အဖွဲ့အတွင်း နိုင်ငံရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ တစထက်တစ နိုင်ငံရေးတာဝန်များ အဆင့်တိုးမြှင့်ပေးခြင်းခံရကာ ၁၉၆၀၊ အသက် ၃၉-နှစ်တွင် လွှတ်တော်အမတ်အဖြစ် စတင်ရွေးကောက်ခံရသည်။ ၁၉၇၄-ခုနှစ်တွင် အစိုးရအဖွဲ့ဝန်ကြီးအဖြစ် တာဝန်ပေးခြင်း ခံရသည်။

ထိုအချိန်မတိုင်မီ ၁၉၆၉-ခုနှစ်တွင် လူများစု မလေးနွယ်ဖွားများနှင့် စီးပွားရေးကို ထိန်းချုပ်ထားသော တရုတ်နွယ်ဖွားများအကြား အဓိကရုဏ်း ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ UMNO ခေါင်းဆောင်ပိုင်း၏ လုပ်နည်းလုပ်ဟန် မူဝါဒကို မနှစ်မြို့၍ ထိုစဉ်က ဝန်ကြီးချုပ်တွန်ကူအဗ္ဗဒူရာမန်ထံသို့ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်သော စာတစောင်ကို ဒေါက်တာမဟာသီယာက ပေးပို့ခဲ့ရာ ဒေါက်တာ မဟာသီယာသည် UMNO ပါတီမှ သုံးနှစ်ခန့် ထုတ်ပယ်ခြင်းခံရသည်။ ၁၉၇၂-ခုနှစ်တွင် ပါတီသို့ ပြန်ဝင်ခွင့်ရပြီး ၁၉၇၄-ခုနှစ်တွင် ပညာရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၇၆-ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တိုးမြှင့်ခြင်းခံရပြီး ၁၉၈၁-ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ် သက်တမ်း[ပြင်ဆင်ရန်]

ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဒုတိယဝန်ကြီးချုပ်ဘဝက တွေ့မြင်သိခဲ့ရသော အတွေ့အကြုံများကို အခြေခံ၍ ပြုပြင်ပြောင်းလဲမှုများကို အောက်ခြေသိမ်း စတင်ပြုလုပ် ခဲ့သည်။ အခြေအနေအားလုံးကို ပြန်လည်စစ်ဆေးပြီး မူဝါဒရေးရာများ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ၊ ရုံးလုပ်ငန်းများကို ကိုယ်ပိုင်စိတ်ကူးသစ်၊ ပုံစံသစ်များဖြင့် ဆောင်ရွက်တတ်စေရန် ကြပ်မတ်ခဲ့သည်။ စီးပွားရေးအပိုင်းတွင် အရှေ့ကို မျှော်ကြည့် (Look East) ကြွေးကြော်သံဖြင့် ဂျပန်နိုင်ငံမှ နည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများကို ရယူကာ ဖွံ့ဖြို့တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ စီးပွားရေးတွင် တရုတ်နွယ်ဖွားတို့ အုတ်စီးခြယ်လှယ်မှုမှ မျှတသောအခြေအနေသို့ ရောက်ရှိစေရန် ဘူမိပုတြနွယ်ဖွား မလေးများကို ပံ့ပိုးထောက်ကူမှုများ ပေးအပ်ခဲ့သည်။ မလေးနိုင်ငံ၏ နည်းပါးသော လူ့အရင်းအမြစ်ကို အဆင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်မီ ပညာရေးကို အထူးအားပေးခဲ့သည်။

ရာစုခေတ်သစ်တွင် အရေးပါလာသည့် သတင်းအချက်အလက် နည်းပညာကို လိုက်မီစေရန် သတင်းအချက်အလက်လမ်းကြောင်း ဌာနကြီးတခု တည်ထောင်စေခဲ့ပြီး ပူထရာဂျာယခေါ် ခေတ်မီနည်းပညာမြို့သစ်ကို ထူထောင်ခဲ့သည်။ တချိန်က ကျွန်တပိုင်းဘဝဖြင့် လူမွေးလူတောင် မပြောင်ခဲ့သော မလေးရှားနိုင်ငံသည် ၂၀-ရာစုနောက်ပိုင်းတွင် ဒေါက်တာမဟာသီယာ၏ ဦးဆောင်မှုအောက်၌ အရှေ့တောင် အာရှ ကျားပေါက်နိုင်ငံတခုအဖြစ် ဝင့်ကြွားလာနိုင်ခဲ့သည်။ မလေးရှားနိုင်ငံသည် ၁၉၇၀-ပြည့်လွန်နှစ်များ အတွင်းက လူတဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၀၀-ခန့်သာရှိသော ဖွံ့ဖြိုးမှု နည်းပါးသည့်နိုင်ငံငယ်ကလေးမှ ၁၉၉၀-ပြည့်လွန်နှစ်များ၌ တဦးလျှင် တနှစ်ဝင်ငွေ ဒေါ်လာ၃၈၀၀-ခန့်အထိ မြင့်တက်လာအောင် ဦးဆောင်မှုပေးခဲ့သော ဒေါက်တာမဟာသီယာသည် မလေးရှားနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပေသည်။ ယခုအခါ ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီး လူမှုရေး၊ ဘာသာရေး ယဉ်ကျေးမှုများကို ကူညီဆောင်ရွက်လျက် ရှိနေပါသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Profile of Mahathir Mohamad
  2. "Dr M past his quiet stage, asks Najib to step down"၊ The Star (Malaysia)၊ 4 April 2015။ 7 August 2015 တွင် ပြန်စစ်ပြီး 
  3. "Dr Mahathir quits Umno, again"၊ The Star Online၊ 19 February 2016။ 15 October 2016 တွင် ပြန်စစ်ပြီး 
  4. "Dr Mahathir’s new party officially registered"၊ Free Malaysia Today FMT News၊ 9 September 2016။ 15 October 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 15 October 2016။ 
  5. ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊( မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဒီဇင်္ဘာလ)