မဟာဝိသုတာရာမဆရာတော်
ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ် အကုန်အစင် ပို့ချရာ ပခုက္ကူ မဟာဝိသုတာရာမတိုက်ကြီးကို တိုက်တည် ရေစကြိုဆရာတော်ဘုရားကြီး မရှိသည့်နောက် ရှင်ပညာ၊ ရှင်နန္ဒဝံသတို့နှင့်အတူ တွဲဖက်ဦးဆောင်ခဲ့ရာ သက်တော်ရှည် အဘိဓဇ ဆရာတော်သုန် အဖြစ် ထင်ရှားသည်။ သာမဏေ ဘဝကပင် ရပ်ဝေးစာသင်ထွက်ရာ အနာမာသ ငွေကြေးမကိုင်ပဲ ဝိနည်းနှင့် အညီ ပညာရှာမှီးခဲ့သည်။ ဘုန်းကံအလျောက် ဒုတိယမြောက် မဟာ ဝိသုတာရာမဆရာတော်အဖြစ် တာဝန်ယူခဲ့သည်။ ထိုသို့ နာယကဆရာ တော်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် တပည့်ရင်း ရှင်နေမိန္ဒကို တိပိဋကဓရ ချီးကျူးဂုဏ်ပြုပွဲ ကျင်းပခွင့်ပေးခဲ့သည်။ ထိုအချိန်တွင် ဒုတိယနာယက ရှင်နန္ဒဝံသမှာ ရန်ကုန်ရောက်နေသည်။ ရှင်နန္ဒဝံသ ပြန်ရောက်ပြီး တစ်ခု သော ဥပုသ်နေ့ သံဃာ့ပရိသတ်အလယ်တွင် ချီးကျူးဂုဏ်ပြုပွဲနှင့်ပတ်သက်၍ သိက္ခာ ၃ ဝါမျှ ပိုမိုကြီးမားသော ရှင်သုန္ဒရအား ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်စကားပြောသည်။ ထိုဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့သူ ထီးဆောင်း မောင်ရှင် (ရှင်စက္ကပါလ) က “ပထမဆရာတော်သည် နားမှ ပါလေစ၊ တုတ်တုတ်မျှ မလှုပ်၊ သံဃာထုလည်း မလှုပ်ဝံ့၊ သို့သော် ဆိုဝံ့သူက ဆိုနိုင် စွမ်းသလောက် ခံတဲ့ပုဂ္ဂိုလ်ကလည်း ခံရဲခံဝံ့၊ ခံနိုင်စွမ်း ရှိပါပေသည်။ သံဃာပရိသတ်က ကြည့်လို့မဝ၊ တင်းမတိမ်နိုင်၊ အံ့ဩဖွယ်ဂုဏ်တော်ရှင် နှစ်ပါးပါပေ”ဟု မှတ်တမ်းတင်ခဲ့ပါသည်။
သုန္ဒရ၊ ရှင်၊ မဟာဝိသုတာရာမဆရာတော်
[ပြင်ဆင်ရန်]၁၈၇၉ ခုနှစ် အောက်တိုဘာလ ၁ဝ ရက် သောကြာနေ့တွင် မြင်းခြံ ခရိုင် ညောင်ဦးမြို့နယ် ပုဂံစောင်းရွာ၌ ဖွားသည်။ အဖ ဦးလွန်းမောင် အမိ ဒေါ်ငွေညွန့် ဖြစ်သည်။ မွေးချင်း ၇ ယောက်တွင် ဒုတိယမြောက် ဖြစ်၍ အမည် မောင်ရွှေ့ပြောင်း ဖြစ်သည်။
ပုဂံစောင်းရွာအနီး ခေတ္တ သီတင်းသုံးနေသော ငသရောက်မြို့နယ် ရွှေဥမင်တောရ ရှင်သမ္ဘဝံ ထံ စတင်ပညာဆည်းပူးသည်။ ၁၆ နှစ်တွင် ရွှေဥမင်တောရဆရာတော် ရှင်ကလျာဏကို ဥပဇ္ဈာယ်ယူ၍ သာမဏေ ဖြစ်သည်။ ဘွဲ့ ရှင်သုန္ဒရ။ ရှင်ဖြစ်ပြီး ပခန်းအရှေ့ဘက် ငတရော်ဆရာတော် ရှင်အာလောကထံ ပြောင်းရွှေ့ ပညာသင်ယူသည်။ ရှင်အာလောကမှာ မင်းတုန်းမင်းလက်ထက် ပထမစာတော်ချ၊ စာပေပရိယတ် ကျွမ်းကျင်ကျန သည်။ ငတရော်ဆရာတော်ထံ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ပါတိမောက်၊ ကင်္ခါ၊ ဋီကာကျော်၊ ရူပသိဒ္ဓိ စသော နေ့ဝါများ။ မာတိကာ၊ ဓာတုကထာ စသော ညဝါကျမ်းများ ၂ နှစ်တိုင်တိုင် သင်ယူသည်။ ထို့နောက် ပခုက္ကူမြို့ ပန်းစွာ တိုက်တွင် စာချနေသော ရေစကြိုဆရာတော် ရှင်ဂန္ထသာရ (၁၈၃၃- ၁၉၁၄) ထံ ဝိနည်းပါဠိတော် ဆက်လက်သင်ယူသည်။
၁၈၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တောင်သာမြို့နယ် ကန်မြဲရွာသိမ်၌ ငသရောက် ရွှေဥမင်တောရဆရာတော် ရှင်ကလျာဏ (ရှင်ဝိမလ) ကို ဥပဇ္ဈာယ်ယူ၍ ရဟန်းဖြစ်သည်။ ရဟန်းဘွဲ့ ရှင်သုန္ဒရ ဖြစ်သည်။ ရဟန်းဒါယကာမှာ တောင်သာနယ် ဇောင်ချမ်းရွာသူကြီး ဘကြီးတော် ဦးဆောက်၊ သူကြီးကတော် ဒေါ်လှထွန်း ဖြစ်သည်။
ရဟန်းဖြစ်ပြီး မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ရေလည် ကျောင်းပြောင်းရွှေ့၍ ချမ်းသာကြီးတိုက် စာချ ရှင်ပဏ္ဍဝံသနှင့် ရှင်စက္ကိန္ဒ ထံ စာလိုက်သည်။ ထို့နောက် ပခုက္ကူပန်းစွာတိုက် ရေစကြိုဆရာတော် ရှင်ဂန္ထသာရ ထံ ဝိနည်းမဟာဝါကို ဆိုဝါ၊ ပန်းစွာတိုက် စာချ ရှင်ဒီပမာလာ (၁၈၇၃ -၁၉၃၅) ထံ ကစ္စည်းသဒ္ဒါကြီး၊ နျာသကျမ်းတို့ကို ဆိုဝါဖြင့် သင်ယူသည်။ စာချ ရှင်ဒီပမာလာမှာ နောင်အခါ ချောင်းဦးဓမ္မာရုံ ဆရာတော် ဖြစ်သည်။ လယ်တီဆရာတော်၏ ဋီကာကျော်ကို ဝေဖန်သော ပရမတ္ထဒီပနီကို ပြန်လည်ချေပသည့် ပရမတ္ထဝိသောဓနိဋီကာ (၁၉၀၉) ကျမ်းပြုဖြစ်သည်။
ပခုက္ကူမှတစ်ဖန် ရမည်းသင်းနယ် မိုးနံကုန်းဆရာတော် ရှင်ဇယန္တ (၁၈၄၇–၁၉၁၃) ထံ ပြောင်း၍ နည်းခံသည်။ ရှင်ဇယန္တသည် မင်းတုန်းမင်း လက်ထက် ပထမစာတော်ချ၊ ဝိနည်းအလေးထားသော ဆရာတော် ဖြစ်သည်။ ထိုမှတစ်ဖန် ကန်မြဲဇောင်ချမ်းရှိ စာတတ်အကျော် ရှင်ဣန္ဒာစက္က၊ မြင်းခြံ ထနောင်းတိုင်ရွာ ထနောင်းတိုင်ဆရာတော် ရှင်တိက္ခ၊ မန္တလေး တောင်ပြင် မြင်းဝန်တိုက်တို့၌ ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။ ထို့နောက် ပခုက္ကူ၊ မဟာဝိသုတာရာမတိုက် ရေစကြိုဆရာတော်ထံ ပြန်လည်ဆည်းကပ်၍ တိုက်အုပ်စာချ ရှင်ပညာ (၁၈၇၈-၁၉၄၆) ထံ ဒီဃနိကာယ်ကို ဆိုဝါဖြင့် နောက်ဆုံးသင်ယူခဲ့သည်။ ရှင်ပညာမှာ နောင်အခါ ရေစကြိုဆရာတော်၏ အရိုက်အရာကို ဆက်ခံသော မဟာ ဝိသုတာရာမ နာယကဆရာတော် ဖြစ်သည်။
ရှင်သုန္ဒရ ၁၅ ဝါရတွင် မဟာဝိသုတာ ရာမတိုက် စာချဆရာတော် အဖြစ် ရေစကြိုဆရာတော်၏ ချီးမြှောက်မှုခံရသည်။ တစ်နေ့လျှင် စာ ၃ ဝါချ၍ တိုက်အုပ်စာချ ရှင်ပညာ၊ စာချ ရှင်ဇဝန (၁၈၇၇-၁၉၅၉)၊ ရှင်နန္ဒဝံသ (၁၈၈၂-၁၉၅၇) တို့နှင့်အတူ ပခုက္ကူ မဟာဝိသုတာရာမ တိုက်ကို ဦးဆောင်ခဲ့သည်။ ရှင်ဇဝနမှာ နောင်အခါ ပခုက္ကူအရှေ့တိုက် ခေါ် မဟာဝိဇယာရာမတိုက်ဆရာတော်၊ ရှင်နန္ဒဝံသမှာ ညောင်ဦးဆရာ တော်၊ ညောင်တုန်းဆရာတော် အမည်များဖြင့် ထင်ရှားခဲ့သည်။ ဝါ ၂ဝ ကျော်တွင် မဟာဝိသုတာရာမ ဒုတိယနာယကဆရာတော် အဖြစ် ခန့်အပ်ခံရသည်။ ပထမဆရာတော် ရှင်ပညာကိုယ်စား စာသင်သား ၉ဝဝ ကျော်အား လပြည့်လကွယ်၊ လဆန်းလဆုတ် ၈ ရက်နေ့များတွင် ဩဝါဒပေးရသည်။ ၁၉၃၈ ခုနှစ် ပခုက္ကူ၊ မဟာဝိသုတာရာမ နိကာယ ပထမအကြိမ် အစည်းအဝေးကြီးတွင် နာယကအဖွဲ့ဝင်အဖြစ် တင်မြှောက် ခံရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂-၄၅ တွင် ဇာတိရပ်ရွာ ဇောင်ခြမ်းမြေ ထိန်ကန်၌ သီတင်းသုံးခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ပခုက္ကူ မဟာဝိသုတာရာမစာသင်တိုက် ပြန်၍ သီတင်းသုံးသည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပထမနာယက ရှင်ပညာ ပျံလွန်၍ ရှင်နန္ဒဝံသနှင့် အတူတွဲလျက် မဟာဝိသုတာရာမ ပထမနာယကဆရာ တော်အဖြစ် တာဝန် ယူခဲ့သည်။
မဟာဝိသုတာရာမတိုက် ပထမနာယက ဆရာတော်အဖြစ် တာဝန် ယူနေစဉ် ပါဠိပညာရေးအဖွဲ့ နာယက (၁၉၅၀)၊ ရန်ကုန်မြို့ ဘုရားဖြူ ဝိနယာနုဂ္ဂဟ စာပြန်ပွဲဥက္ကဋ္ဌ (၁၉၅၀)၊ ဆဋ္ဌသင်္ဂါယနာဩဝါဒစရိယ အဖွဲ့ဝင် (၁၉၅၁)၊ သင်္ဂါယနာ အလှည့်ကျ သံဃာမဟာနာယက (၁၉၅၄-၅၆)၊ နိုင်ငံတော် ဝိနည်းဓိုရ် (၁၉၆၀)၊ နိုင်ငံတော်ဘာသာ အကြံပေး ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ (၁၉၆၁)၊ တောင်တန်းသာသနာပြုအဖွဲ့ မဟာ နာယက (၁၉၄၆)၊ မှော်ဘီ သာသနာသန့်ရှင်းပြန့်ပွားရေး အစည်းအဝေး သဘာပတိ (၁၉၆၅) အဖြစ် တင်မြှောက်ခံရသည်။ ၁၉၅၈ ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာ ကိစ္စအတွက် သာသနာရေး မစ်ရှင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်၊ ၁၉၆၁ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်များ ဆက်ကပ်ခံရသည်။ သက်တော် ၉၃၊ သိက္ခာဝါ ၇၃ ဝါရ ၁၉၇၂ ခုနှစ် ဇွန်လ ၂၅ ရက် တနင်္ဂနွေနေ့ ည ၈းဝဝ နာရီတွင် ပခုက္ကူအလယ်တိုက်ခေါ် မဟာ ဝိသုတာရာမတိုက်၌ ဘဝနတ်ထံ ပျံလွန်ခဲ့သည်။ [၁]