မဟာဝိဇယာရာမဆရာတော်
မြန်မာနိုင်ငံ ပရိယတ္တိသာသနာဝင်တွင် ပခုက္ကူအရှေ့တိုက် ခေါ် မဟာဝိဇယာရာမတိုက်တည် မဟာဝိဇယာရာမဆရာတော် အမည်ဖြင့် ထင်ရှားသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ပခုက္ကူအလယ်တိုက် ခေါ် မဟာ ဝိသုတာရာမတိုက်၌ စာလိုက်သံဃာ ၁ဝဝဝ နီးပါးရှိစဉ်က မဟာဝိဇယာ ရာမတိုက်၌ သံဃာ ၆ဝဝ ခန့် ရှိသည်။ ပခုက္ကူစာချနည်း၏ အာဒိကမ္မိက ရေစကြိုဆရာတော် ရှင်ဂန္ထသာရ၏ လက်ရုံးတပည့်ကြီးတစ်ပါးဖြစ်၍ ပခုက္ကူစာချနည်း၏ မီးရှူးတန်ဆောင်ပမာ အလွန်ထင်ရှားသည်။ ပါဠိ သက္ကတ ဘာသန္တရနှင့် စာသင်စာချ အဟောအပြော စွယ်စုံထူးချွန်သည်။ ဝိနည်းပါဠိတော်ငါးကျမ်း နိဿယ၊ သံယုတ်ပါဠိတော်ငါးကျမ်း နိဿယ၊ နေတ္ထိ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ အမရကောသ သက္ကတ နိဿယသစ် အပါ အဝင် ကျမ်းပေါင်း ၃ဝ ကျော် ပြုစုခဲ့သည်။ ကိုလိုနီခေတ် ၁၉၂၈ ခုနှစ် ကပင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရသည်။ ဂျပန်ခေတ်တွင် နိုင်ငံတော် သံဃမဟာနာယက၊ ဆဋ္ဌသင်္ဂါယနာတွင် သံဃမဟာနာယက၊ အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်များ ဆက်ကပ်ခံရသည်။ ဆဋ္ဌသင်္ဂါယနာတွင် အမေး၊ အဖြေ ပြုလုပ်ရန် အကြံပြု၍ ကိုယ်တိုင်လည်း အမေးပုစ္ဆကအဖြစ် ဆောင်ရွက်ခဲ့သည်။ အထူးအားဖြင့် စာမေးပွဲကို အဓိကမထားဘဲ ပိဋကတ် သုံးသွယ်၊ နိကာယ်ငါးရပ် အကုန်အစင် ပို့ချသင်ကြားသည့် ပခုက္ကူစာချနည်း ဦးဆောင်ဆရာတော်တစ်ပါးအဖြစ် အလွန် ကျော်စောထင်ရှားပါသည်။
ဇဝန၊ ရှင်၊ မဟာဝိဇယာရာမဆရာတော်
[ပြင်ဆင်ရန်]၁၈၇၇ ခုနှစ် ဩဂုတ်လ ၁၄ ရက် အင်္ဂါနေ့တွင် မြင်းခြံခရိုင် ညောင်ဦးမြို့နယ် ငသရောက် ဇီးတောရွာ၌ ဖွားသည်။ အဖ ဦးပိန်ကျော် အမိ ဒေါ်သောင်း ဖြစ်သည်။
၁ဝ နှစ်အရွယ်တွင် ငသရောက် ရွှေမြင်ထင်ကျောင်း ဂိုဏ်းအုပ် ဆရာတော် ရှင်စန္ဒိမာ (၁၈၆၂–၁၉၃၀) ထံ စတင် ပညာသင်သည်။ ၁၂ နှစ်တွင် ရှင်စန္ဒိမာကို ဥပဇ္ဈာယ်ယူ၍ သာမဏေဖြစ်သည်။ မိဘနှစ်ပါးက ရှင်ဒါယကာခံသည်။ သာမဏေဘွဲ့ ရှင်ဇဝန၊ ရှင်ဂမ္ဘီသာရ အမည်နှစ်မျိုး ရသည်။ ရှင်ဇဝနအမည်ဖြင့် ထင်ရှားသည်။ သာမဏေဝတ်ဖြင့် ဥပဇ္ဈာယ် ဆရာထံတွင် ပရိယတ်စာပေ သင်ယူသည်။
သာမဏေ ၇ ဝါရ ၁၈၉၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ကြာသပတေး နေ့တွင် ရှင်စန္ဒိမာကိုပင် ဥပဇ္ဈာယ်ယူ၍ ရဟန်းဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ဇဝန ဖြစ်သည်။ ရဟန်း ၂ ဝါရသည့်တိုင် ဥပဇ္ဈာယ်ဆရာနှင့် ပခန်းကြီး ငတမျှော်ဆရာတော်ထံ ပရိယတ်စာပေ ဆက်လက်ဆည်းပူးသည်။ ရဟန်း ၂ ဝါရတွင် ပခုက္ကူမြို့ ပန်းစွာတိုက် ရေစကြိုဆရာတော် ရှင်ဂန္ထသာရထံ နိကာယ်ကြီးများ သင်ယူသည်။ ရဟန်း ၃ ဝါရတွင် မန္တလေးမြို့ကို ပြောင်းရွှေ့ ပညာသင်သည်။
ရဟန်း ၃ ဝါရမှ ၈ ဝါရသည့်တိုင် မန္တလေးမြို့ တောင်ပြင်ဒက္ခိဏာရာမ ဘုရားကြီးတိုက် တိုက်အုပ်ဆရာတော် ရှင်ဝိမလဗုဒ္ဓိ (၁၈၅၈-၁၉၄၃)၊ စာချအကျော် ဦးရန်ကုန် ခေါ် ရှင်သုဇာတာလင်္ကာရ (၁၈၄၇–၁၉၀၆)၊ စာချ ဦးဇာဂရ ခေါ် ရှင်ဇာဂရာဘိဝံသ (၁၈၆၇–၁၉၄၇)၊ ရာဇဂုရု ဘွဲ့တံဆိပ် နှစ်တန်ရ ကျီဝန် မိုးတားသာသနာပိုင် ရှင်သုဇာတ (၁၈၃ဝ- ၁၉၀၂)၊ ရာဇဂုရု ဘွဲ့တံဆိပ်နှစ်တန်ရ မဟာဝေယန်ဘုံကျော်တိုက် မိုးကောင်းဆရာတော် ရှင်နာဂိန္ဒ (၁၈၃၃–၁၉ဝ၉)၊ မင်းရွာဆရာတော် ရှင်အရိယာလင်္ကာရတို့ထံ ပိဋကတ်စာပေများ သင်ယူသည်။ ရဟန်း ၆ ဝါရတွင် မိုးကောင်းတိုက်၏ ဂဏဝါစက စာချအဖြစ် ချီးမြှောက်ခံရသည်။ ဝါရတွင် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ရေစကြိုဆရာတော် ရှင်ဂန္ထသာရထံ ပြန်လည်ပြောင်းရွှေ့၍ ကျောင်းနေစာချအဖြစ် ချီးမြှောက်ခံရပါသည်။ ရေစကြိုဆရာတော်၏ လက်အောက် တိုက်တာဝန်ခံငါးပါး တွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ၁၉၁၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် ရေစကြိုဆရာတော် ပျံလွန်ရာ ရှင်ပညာ (၁၈၇၈-၁၉၄၆) သည် မဟာဝိသုတာရာမဆရာတော် ဖြစ်လာသည်။ မဟာဝိသုတာရာမ တိုက်၌ ၂၃ ဝါ ရသည့်တိုင် ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်ကို ပို့ချခဲ့သည်။
၁၉၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက် ကြာသပတေးနေ့တွင် ရှင်ဇဝနသည် ဇာတိ ငသရောက် ရွှေမြင်ထင်ကျောင်းကို ပြန်လည် ကြွရောက်သည်။ ပခုက္ကူမှ ရှေ့နေကြီး ဦးဖိုးသောင်၊ ပေါင်လောင်းရှင် သူကြီး ဦးညှာ စသော ဒါယကာ ဒါယိကာမများ ပင့်လျှောက်ချက်အရ ထိုနှစ် နိုဝင်ဘာလ ၉ ရက် တနင်္ဂနွေနေ့တွင် ပခုက္ကူ ပြန်လည်ကြွရောက် သည်။ ဦးစွာ ကျောက်စေတီကျောင်းတိုက်၌ ယာယီကျောင်းဆောက် သီတင်းသုံး၍ ပရိယတ္တိစာပေပို့ချသည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဥယျာဉ်တိုက် အဂ္ဂမဟာပဏ္ဍိတ လေသာဆရာတော် လှူဒါန်းသည့် မန်ကျည်းတောကျောင်းမြေ၊ သူဌေး ဦးချင်း လှူသည့်မြေ၊ ပိုးကုန်သည် မတင့် လှူသည့်မြေနှင့် အစိုးရလှူမြေတို့တွင် ပေါ်ထွန်းလာသည့် မဟာဝိဇယာရာမတိုက်ကို အလှူခံယူ၍ ၁၉၂၃ ခုနှစ် ဧပြီလ ၂၈ ရက် စနေနေ့ တွင် ယာယီစာချရာ စံကျောင်းမှ မဟာဝိဇယာရာမတိုက် ပြောင်းရွှေ့ စာပေပို့ချရာ မဟာဝိဇယာရာမဆရာတော်ဟု အမည်ထင်ရှားခဲ့သည်။ ၁၉၂၃ ခုနှစ်မှ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်မီး ကူးလာသည့်တိုင် မဟာဝိဇယာရာမတိုက် အသောကာရုံ အလယ်တိုက်ကျောင်းကြီးနှင့် ကျောင်းတိုက်ပေါင်း ၂ဝ ကျော်၊ စာသင်စာချသံဃာ ၆ဝဝ ခန့် အမြဲရှိခဲ့ရာ ပခုက္ကူစာချနည်း၏ မီးရှူးတန်ဆောင်ကြီးပမာ ထင်ရှားခဲ့သည်။ စာသင်စာချ သံဃာ ၁ဝဝဝ ခန့်ရှိသော မဟာဝိသုတာရာမတိုက်ကို အလယ်တိုက်၊ မဟာဝိဇယာရာမတိုက်ကို အရှေ့တိုက်၊ သာသနဝိပုလာရာမ မန္တလေး ကျောင်းတိုက်ကို အနောက်တိုက်ဟု ခေါ်ဝေါ်ကြသည်။ တခါတရံ မဟာ ဝိသုတာရာမတိုက်မှ ခွဲထွက်သော မဟာဝိဇယာရာမတိုက်ကို အရှေ့တိုက်၊ မဟာဝိသုတာရာမကို အနောက်တိုက်ဟုလည်း ခေါ်ကြသည်။ ပခုက္ကူ စာသင်သားလောက၌ “အနောက်မာဃိန် အရှေ့ဉာဏိန်” ဟု ဆိုရိုးရှိရာ
အနောက်တိုက် ခေါ် အလယ်တိုက် မဟာဝိသုတာရာမတိုက်မှ ရှင်မာဃိန္ဒ (၁၉၀၃-၁၉၆၆) သည် စာချအရာ ထင်ရှားသကဲ့သို့ မဟာဝိဇယာရာမ အရှေ့တိုက်မှ ရှင်ဉာဏိန္ဒ (၁၈၉၅–၁၉၈၇) မှာလည်း စာချ အလွန် ထင်ရှားသည်။
မဟာဝိဇယာရာမဆရာတော် ရှင်ဇဝနသည် စာပေပို့ချရာတွင် ထင်ရှားရုံမျှမက အဟောအပြော စွယ်စုံထူးချွန်သည်။ ဝိနည်းငါးကျမ်း ပါဠိတော်နိဿယ၊ သံယုတ်ငါးကျမ်း ပါဠိတော်နိဿယ၊ အင်္ဂုတ္တိုရ် ၁၁ ကျမ်း ပါဠိတော်နိဿယ၊ သုတ်သီလက္ခန်၊ သုတ်မဟာဝါ၊ သုတ်ပါထေယျ ပါဠိတော်နိဿယ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာနိဿယ၊ နေတ္တိပါဠိတော်နိဿယ၊ ပေဋကဝဏ္ဏ ဝိသောဓနီ နိဿယ၊ အမရကောသ သက္ကတ နိဿယ၊ ဝိဝိဓဝိနိစ္ဆယ၊ ဝိနယဝိနိစ္ဆယ၊ သံဂီထိဝိနိစ္ဆယ၊ ဉာဏသံဝေဂကျမ်း၊ ပုတီး စိပ်နည်း စသော ကျမ်းပေါင်းများစွာ ပြုစုခဲ့သည်။
ဓမ္မဝိနယ၊ ဝိနိစ္ဆယ စွယ်စုံကျွမ်းကျင်၍ မန္တလေးမြို့ မဟာသံဃ ရာဇာ တောင်ခွင်သာသနာပိုင် ရှင်ဝိသုဒ္ဓါသီလာစာရ (၁၈၄၄ - ၁၉၃၈) ၏ ပခုက္ကူ ဒိစတြိတ်ဂိုဏ်းချုပ်ဘွဲ့တံဆိပ်၊ မကွေးခရိုင် သုဓမ္မာဝင်ဘွဲ့တံဆိပ် များ အပ်နှင်းခံရသည်။ ထို့ပြင် ၁၉၂၇ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် လက်ထက်တွင် နိုင်ငံတော် သံဃမဟာနာယက၊ လွတ်လပ်ရေးရပြီး နိုင်ငံ တော်ဩဝါဒါစရိယ၊ ဆဋ္ဌသင်္ဂါယနာ ဩဝါဒါစရိယ၊ သံဃမဟာနာယက အဖြစ် တင်မြှောက်ခံရသည်။ ဆဋ္ဌသင်္ဂါယနာတင်စဉ် သင်္ဂါယနာ အမေး အဖြေ ဆောင်ရွက်ရန် အကြံပေး၍ ကိုယ်တိုင်လည်း အမေးပုစ္ဆကအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
၁၉၅၆ ခုနှစ် မေလ ၄ ရက် ကြာသပတေး နေ့တွင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင် အောင်ပွဲအခမ်းအနား၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ဆက်ကပ်ပူဇော်ခံရသည်။
သက်တော် ၈၂ နှစ် သိက္ခာ ၆၃ ဝါရ ၁၉၅၉ ခုနှစ် မတ်လ ၁ ရက် တနင်္ဂနွေနေ့တွင် ပခုက္ကူမြို့ မဟာဝိဇယာရာမတိုက်၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ [၁]