မသိုးစာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မသိုးစာ[ပြင်ဆင်ရန်]

အစားအစာများကို မပုပ်မသိုးဘဲ ကြာရှည် ခံအောင် စီမံထားသည့် အလေ့အထသည် ရှေးဂူနေ လူများ ခေတ်မှအစပြု လုပ်လာကြသည်ဟု ယုံကြည်ရသည်။ ထိုဂူနေ လူများသည် တောတွင်း၌ မိမိတို့လိုက်လံ ရှာဖွေရရှိခဲ့သော သားငါးများကို စားမကုန်သည့်အခါ ကျပ်တင်ထားလေ့ ရှိကြ သည်။ သားငါးများ အလွယ်တကူ ရှာမရသည့် အခါတွင် လည်း ထိုကျပ်တင်သားများကိုသာ စားကြရသည်။

ရှေးအခါက အရှေ့တိုင်းသားများသည် အစားအစာ များကို သကြား၊ ဆား၊ အမွှေးအကြိုင်များနှင့်ဖြစ်စေ၊ သဖန်းသီး ဆီးသီးစသော သစ်သီးများကို အခြောက်လှန်း၍ ဖြစ်စေ မပုပ်မသိုးဘဲ ကြာရှည်ခံအောင် စီမံပြုလုပ်ခဲ့ကြသည်။ ဤသို့စီမံပြုလုပ်ခဲ့ကြသော်လည်း တိုးတက်မှုများစွာ မရှိခဲ့ချေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ဝ လောက် ကျမှသာ မသိုးစာ စီမံ သည့်နည်းများကို ကောင်းစွာ သိရှိနားလည်လာကြပြီးလျှင် ထိုမှအစ တဖြည်းဖြည်း တိုးတက်အောင်မြင်မှု ရရှိခဲ့လေသည်။

၁၈ဝ၉ ခုနှစ်တွင် ပြင်သစ်လူမျိုး ပေါင်မုန့်ဖုတ်သူ နစ်ကလပ် အက်ပါး ဆိုသူသည် အစားအစာများကို စည်သွတ်၍ မပုပ် မသိုးဘဲ ကြာရှည်ခံအောင် စီမံပြုလုပ်သည့်နည်းကို ပထမဆုံး စတင် တွေ့ရှိခဲ့လေသည်။ ထိုမှအစ ဥရောပနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတွင် စည်သွတ်လုပ်ငန်းစက်ရုံများ အမြောက်အမြား ပေါ်ပေါက်ခဲ့လေသည်။ သို့ရာတွင် စည်သွတ် လုပ်ငန်းများ သိပ္ပံနည်းကျကျ မရှိသေးရကား ချက်ချင်းဖွံ့ဖြိုး လာသည် မဟုတ်ပေ။ ယခုအခါတွင် စည်သွတ်လုပ်ငန်းမှာ သိပ္ပံနည်းကျကျ လုပ်ကိုင်လာနိုင်သဖြင့် အမေရိကန် ပြည်ထောင်စုတွင် သံနှင့် သံမဏိလုပ်ငန်းများမှလွဲလျှင် ဒုတိယအကြီးကျယ်ဆုံး လုပ်ငန်းတစ်ရပ် ဖြစ်လာလေသည်။

အစားအစာများ ပုပ်သိုးသွားရခြင်းမှာ အကြောင်း နှစ်ရပ်ကြောင့် ဖြစ်ပေသည်။ ပထမ အကြောင်းရပ်မှာ ပိုက္ကရုပ် ပိုးကလေးများကြောင့် ဖြစ်၍၊ ဒုတိယ အကြောင်းရပ်မှာ ဓာတ်ပြောင်းမှုများကြောင့် ဖြစ်သည်။ အသားနှင့် ဟင်းသီး ဟင်းရွက်ကဲ့သို့သော အစားအစာများ အားလုံးတွင် မိုက္က ရုပ်ပိုးကလေးများ ပါရှိ၏။ ထိုပိုးကလေးများသည် အလွန့် အလွန် သေးငယ်ရကား ပကတိ မျက်စိဖြင့် မမြင်နိုင်ဘဲ အထူးအားကောင်းသည့် မှန်ဘီလူးနှင့် ကြည့်မှသာ မြင်နိုင် သည်။ ယင်းပိုးကလေးများမှာ များသောအားဖြင့် ဗက်တီး ရီးယား၊ မီုနှင့် တဆေးတို့ဖြစ်ကြသည်။ မိုက္ကရုပ်ပိုး အားလုံးသည် စားအစာများကို ပုပ်သိုးစေသည်မဟုတ်။ အသုံးကျသော မိုက္ကရုပ် ပိုးများလည်းရှိ၏။ သို့သော် များသောအားဖြင့်ကား အစားအစာကို ပုပ်သိုးပျက်စီးစေ လေသည်။

ဓာတ်ပြောင်းလဲမှုကြောင့် အစားအစာ ပုပ်သိုးသွားရ ခြင်းမှာ အင်ဇိုင်းဓာတ်ကြောင့် ဖြစ်သည်။ အစာစိမ်း များတွင် အင်ဇိုင်းဓာတ်များ ပါရှိ၏။ သစ်သီးများ စိမ်းရာမှ မှည့်လာ ခြင်းမှာ အင်ဇိုင်းဓာတ်ကြောင့် ဖြစ်သည်။ သို့ရာတွင် အင်ဇိုင်း ကား ကိုယ်တိုင် ဓာတ်ပြောင်းသွားသည် မဟုတ်ဘဲ၊ သစ်သီး ကိုသာ မှည့်အောင် ဆောင်ရွက်သွားလေသည်။ သစ်သီးကို အပင်မှ ခူးလိုက်သော်လည်း သစ်သီးအတွင်းရှိ အင်ဇိုင်းများက ယင်းတို့၏ အလုပ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကယ်၍ ထိုဆောင်ရွက်မှုများကို မဟန့်တားနိုင်ပါက သစ်သီး မှာ နောက်ဆုံး ပုပ်သွားတော့၏။ အပူသည် အင်ဇိုင်းများ၏ ဆောင်ရွက်မှုများကို ပျက်စီးစေသည်၊ သို့မဟုတ် ရပ်တန့် စေသည်။

အစားအစာများ မပုပ်သိုးအောင် စီမံရာ၌ လေလုံသော သံဘူး၊ သံခွက်၊ ဖန်ဘူးတွင်ထည့်၍ ပိတ်လိုက်ရသည်။ စည်သွတ်ရာ၌ အချက်ကြီးနှစ်ချက်ရှိ၏။ ပထမ အချက်မှာ အစားအစာကို ပုပ်သိုးစေသည့် မိုက္ကရုပ် ပိုးကလေးများနှင့် အင်ဇိုင်းများ ပျက်စီးသွားအောင် ချက်လိုက်ခြင်းဖြစ်၍၊ ဒုတိယ အချက်မှာ ထိုချက်ပြီး အစား အစာထဲသို့ပိုးကလေးများ နောက်ထပ် မဝင်လာနိုင်ရန် လေလုံအောင် ပိတ်လိုက်ခြင်း ဖြစ်သည်။ စည်သွတ်နည်းမှာ ဤနှစ်ချက်မျှသာ ဖြစ်သည်။

သို့သော် လုပ်ကိုင်ရာ၌ အခက်အခဲ များစွာရှိ၏။ စည်သွတ် မည့် သစ်သီး၊ သားငါး စသည့် ပစ္စည်းများသည် လတ်ဆတ်၍ အရင့်မှန်ရသည့်ပြင် ထည့်သွင်းသည့်အခါ၌ အစစ အရာရာ သန့်ရှင်း စင်ကြယ်စွာ ရှိစေရန် သန့်ပြန့်စွာ ဆေးကြောပြီးမှ ထည့်ရသည်။ အင်ဇိုင်းများ သေကြေပျက်စီးခြင်း ရှိမရှိ၊ နောက်ထပ် ဝင်မဝင်၊ ခွန်အားဖြစ်စေသည့် ဗီတာမင်ဓာတ်များ ပါမပါ စသည်တို့ကို အသေအချာ တာဝန်ခံ၍ စစ်ဆေးကြည့် ရသည်။ သန့်ရှင်းရေး၌လည်း အထူးကြပ်မ၍ စောင့်ရှောက် ပေးရလေသည်။

စည်သွတ်ရာ၌ ကျက်အောင် ချက်ပြီးမှ စည်သွတ် နည်းနှင့် အစိမ်းလိုက် စည်သွတ်နည်းဟူ၍ အဓိက နည်းကြီး နှစ်နည်းရှိ၏။ ကျက်အောင် ချက်ပြီးမှ စည်သွတ်သည့်နည်း တွင် အစားအစာများကို သန့်ရှင်းစင်ကြယ်သော အိုးကြီးထဲ၌ အပူချိန် ဖာရင်ဟိုက် ၂၁ဝံ ထိအောင်ထား၍ မိုက္ကရုပ်ပိုးကလေး များနှင့် အင်ဇိုင်းများ ပျက်စီး သွားသည့်တိုင်အောင် အတန် ကြာ ချက်ထားသည်။ အခြားအိုးတစ်ခုတွင် သံဘူးနှင့် အဖုံး များကို ပိုးများသေသည့် တိုင်အောင် ပြုတ်ထားရသည်။

ထိုနောက် ချက်ထားသည့် ပစ္စည်းကို သံဘူးတွင်ထည့်၍ လေလုံအောင် ပိတ်လိုက်လေသည်။ ဤနည်းတွင် သံဘူးကို မပိတ်မီ ပိုက္ကရုပ်ပိုးများ ဝင်ရောက်နိုင်သောကြောင့် အမြဲတမ်း အောင်မြင်သည် မရှိချေ။

အစိမ်းလိုက် စည်သွတ်နည်းတွင် အစားအစာများကို သံဘူးတွင် ပထမ အစိမ်းလိုက်စီထည့်၍ ပိတ်ပြီးလျှင် အပူချိန် ဖာရင်ဟိုက် ၂၅ဝံ ထိ အပူတိုက်ပေးကာ သံဘူးအတွင်းရှိ အစာကိုကျက်အောင် ချက်ပေးသည်။ ဤနည်း တွင် ပြင်ပမှ နောက်ထပ် မိုက္ကရုပ်ပိုးများ၊ မဝင်လာနိုင်သောကြောင့် ကျက် အောင် ချက်ပြီးမှ စည်သွတ်သည့် နည်းထက် ကောင်းသဖြင့် ဤနည်းကိုသာ အသုံးများကြသည်။

နွားနို့ကို အခြားအစားအသောက်များထက် ပို၍ စည်သွတ်ရောင်းချကြသည်။ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်များသည် စည်သွတ်နို့များ ဖြစ်ကြရာ မိခင်နှင့် ကလေးများအတွက် များစွာ အထောက်အကူ ရလေသည်။ မကြာသေးမီက နို့ဆီနှင့် နို့စိမ်းများကို စည်မသွတ်မီ ခရမ်းဘေး ရောင်ခြည်များတွင် အတန်ကြာအောင် ပြပြီးမှ စည်သွတ်ကြသည်။ ယင်းသို့ ခရမ်းဘေး ရောင်ခြည်များတွင် ပြလိုက်ခြင်းအားဖြင့် ဗီတာမင် ဒီ ဓာတ် ပါဝင်လာသည်။ အသားနှင့် ပင်လယ်ငါးများ ကိုလည်း အကြီးအကျယ် စည်သွတ်၍ ရောင်းချကြရာ အတော်ပင် ခေတ်စား၍ လာပေသည်။ အထူးသဖြင့် စည်သွတ် အမဲသားများသည် စစ်တပ်များအဖို့အလွန် အသုံးဝင်သော ရိက္ခာများ ဖြစ်ကြသည်။ စည်သွတ် အသားများကို အချိန်အခါ ရာသီမရွေး စားနိုင်သည့်ပြင် သယ်ယူ ပို့ဆောင်ရာ၌လည်း များစွာ လွယ်ကူသည်။ ထို့ ကြောင့် စစ်ဖြစ်ပွားသည့်အခါတိုင်း စည်သွတ် အသား လုပ်ငန်းမှာ အထူး တိုးတက်ဖွံဖြိုးလာ လေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း၌ ဆိုလျှင် အသားများကို အမြောက် အမြား စည်သွတ်၍ စစ်မျက်နှာ အမျိုးမျိုးသို့ပို့ခဲ့ရလေသည်။

အစားအစာများကို အအေးခံထားခြင်း အားဖြင့်လည်း မပုပ်မသိုးဘဲ ကြာရှည်စွာ ထားနိုင်သည်။ အစား အစာတွင် ရှိသော မိုက္ကရုပ်ပိုးကလေးများနှင့် အင်ဇိုင်းများသည် အအေး ဒဏ်ကို ခံရသောအခါ မလှုပ်မရှားနိုင် ဖြစ်သွားသောကြောင့် အစာများမှာ လတ်ဆတ်၍နေတော့၏။ ထို့ကြောင့် သားငါး၊ အသီးအရွက်များကို အအေး သိုလှောင်ခန်းတွင်ထား၍ စားသုံး ကြသည်။ အအေးသိုလှောင်ခန်း၏ အပူချိန်မှာ ဖာရင်ဟိုက် ၃၃ံ မှ ၄၅ံ အထိ ထားရှိသည်။ အအေးသိုလှောင်ခန်းတွင် သားငါးများကို မပုပ်မသိုးဘဲ ၈ လမှ ၁ဝ လထိအောင် သိုလှောင်ထားနိုင်သည်။ ဤနည်းသည် မသိုးစာ စီမံရာ၌ ခေတ်အမီဆုံး နည်းတစ်နည်း ဖြစ်ပေသည်။

အခြောက်လှန်းခြင်းသည်လည်း မသိုးစာ စီမံရာ၌ ငွေကြေးအကုန်အကျနည်းပြီး ခရီးရောက်သောနည်း တစ်နည်း ဖြစ်သည်။ အခြောက် လှန်းလိုက်သောအခါ အစားအစာများ ထဲမှ ရေများ ခန်းခြောက်သွားသောကြောင့် မိုက္ကရုပ် ပိုးကလေး များနှင့် အင်ဇိုင်းများ သေကြေပျက်စီးကုန်ကြရကား မပုပ်မသိုး နိုင်တော့ပေ။ အစားအစာ အခြောက်များကို ဒုတိယ ကမ္ဘာစစ် ကြီးအတွင်းက အမြောက်အမြား လုပ်ကိုင်ကြပြီးလျှင် စစ်သည် တော်များအတွက် စစ်မျက်နှာ အမျိုးမျိုးသို့တင်ပို့ခဲ့ကြလေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)