မရန်းပင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မရန်းပင်သည် ဆယ့်နှစ်ရာသီ စိမ်းလန်းသော အပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄ဝ ထိရှိသည်။ ရုက္ခဗေဒ အလိုအားဖြင့် ဗိုအီ အိုပေါဇီတီဖိုလီယာဟုခေါ်၍ အန်နကာ ဒီအေးစီအီး မျိုးရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံ တနင်္သာရီ တိုင်းနှင့် ကပ္ပလီကျွန်းစုတွင် အလွန်ပေါများသည်။ မိုးအလွန် ပါးသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှတစ်ပါး အခြား အပိုင်းများ၌ မရန်းခြံများကို တွေ့မြင်နိုင်သည်။ အကိုင်းကူး စိုက်နည်းဖြင့် အပင်သစ်များ ပွားလာအောင် ပြုလုပ်နိုင်သော အပင်မျိုးပင် ဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင် အစေ့ပျိုး၍သာ မရန်းပင် စိုက်လေ့ ရှိကြသည်။ အပင်မကြီးလွယ်ချေ။

မရန်းပင်များသည် ထူထပ်သိပ်သည်းသော အရွက် တို့ဖြင့် သိုက်မြိုက်ဝေဆာလျက်ရှိရာ အလွန်လှပသော အပင် မျိုးဖြစ်သည်။ လှပတင့်တယ်၍ အရိပ်အာဝါသကောင်း ရရှိသော သစ်ပင်များဖြစ်သည့်အလျောက် ထိုအပင်ကို လူတို့ အလွန်နှစ်သက်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တောလက်ကျေးရွာများနှင့် ဘုန်းကြီးကျောင်းဝင်းများ ၌ မရန်းပင်များကို စိုက်ပျိုးထားတတ်ကြသည်။

မရန်းရွက်များသည် လှံသွားပုံရှိ၍ ၄ လက်မခန့် ရှည်သည်။ ပြောင်လက်၍ ချောနေသည်။ အခေါက်တွင် ပတ်သေး ပတ်ကြောင်းများ ခပ်စိပ်စိပ်ရှိ၍ မွဲပြာညစ်ညစ် အရောင်ရှိသည်။ မရန်းပွင့်များမှာ သေးငယ်သော်လည်း ၃ လက်မခန့်ရှည်သော အခိုင်များဖြင့် ပွင့်ကြသည်။ နတ်တော် လနှင့် ပြာသိုလများတွင် အပွင့်များပွင့်၍ တန်ခူးလနှင့် ကဆုန်လများတွင် မှည့်ကြသည်။ အသီးချဉ်မျိုးနှင့် အသီးချို မျိုးဟူ၍ မရန်းပင်နှစ်မျိုး နှစ်စားရှိသည်။ အချဉ်ပင်၏ အသီးမှည့်များသည် လိမ္မော်ရင့်ရောင်ရှိ၍ အချိုသီးထက် အလုံးကြီးသည်။ မရန်းချိုသီးမှည့်သည့် အဝါဖျော့ဖျော့ အရောင်ရှိ၍ အရသာမှာ ချဉ်ဖြုံ့ဖြုံ့ရှိသည်။

မရန်းပင်များကို အသီးအလို့ငှာ စိုက်ပျိုးလေ့ရှိကြ သည်။ မြန်မာလူမျိုးတို့သည် မရန်းသီးကို အကင်းမှအစ အသီးမှည့်သည်အထိ အမျိုးမျိုး ပြုပြင်စီမံ၍ စားလေ့ရှိကြ သည်။ မရန်းသီးဆားစိမ်၊ မရန်းသီးသနပ်၊ မရန်းယို၊ မရန်းပြား စသည်ဖြင့် မရန်းသီးကို ကြာရှည်ခံအောင် ဖွယ်ဖွယ်ရာရာ စီမံ၍ စားသုံးတတ်ကြသည်။

မရန်းပင်ကို အချို့ဒေသများတွင် မရင်းပင်ဟူ၍လည်း ခေါ်ကြသည်။ မွန်ဘာသာဖြင့် မရန်းပင်ကို ဘရန်း၊ သို့မဟုတ် ဘရိုင်းဟူ၍ ခေါ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)