မယ်ဒက်စေတီတော်

ဝီကီပီးဒီးယား မှ

မယ်ဒက်စေတီတော် သည် တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၉၀၀ ကျော်တွင် အင်းဝသို့ ရှမ်းမင်းများ ဝင်ရောက်ခဲ့ရာ တိုင်းပြည် မငြိမ်မသက် ဖြစ်ခဲ့သည်။ ထိုအခါ မင်းကြီးရန်နောင်၏ ဆွေမျိုးများဖြစ်သည့် မယ်ဒက်နှင့် မယ်နဲ ညီအစ်မနှစ်ယောက်သည် တောင်ငူနယ်သို့ တိမ်းရှောင်ထွက်ပြေးကာ ပိတောက်ကုန်းရွာတွင် နေထိုင်ကြ၏။ များမကြာမီပင် မိခင်သေဆုံး၏။ သူကြိး၏ အိမ်တွင် ငြိုငြင်ပင်ပန်းစွာဖြင့် နေထိုင်ခဲ့ကြရသည်။

တစ်နေ့သောအခါ ဘားမဲ့ဆရာတော်၏ တပည့်သာမဏေတစ်ပါးသည် သိုက်စာအရ သိုက်တူးရန် လာကြ၏။ သိုက်တူးမည့်နေရာသည် တောင်ငူမြို့မှ မြောက်ဘက် ပေါင်းလောင်းမြစ်နှင့် ဆက်နေသည့် မိကျောင်းအိုင်၌ ကျောက်မိကျောင်းသိုက်ကို တူးယူရန် ဖြစ်၏။

ထိုအခါ မယ်ဒက်နှင့် မယ်နဲသည် ကျေက်တူးမည့်သူကို ကျောက်မိကျောင်းရှိရာသို့ လမ်းညွှန်ပေးခဲ့၏။ သိုက်အောင်သောအခါ မယ်ဒက်နှင့် မယ်နဲကို ရတနာရွှေငွေများ ပေးခဲ့သည်။ ဤသို့ဖြင့် မောင်နှမနှစ်ဦးသည် သူကြီးအား ပေးရန်ရှိနေသည့် အကြွေးများကို ပေးဆပ်ကြပြီး ထိုရွာတွင်ပင် နေထိုင်ကြသည်။

ထို့နောက်တွင် မယ်ဒက်သည် မိကျောင်းအိုင်မှ သုံးမိုင်အကွာတွင် စေတီတော်တစ်ဆူ တည်ခဲ့ပြီး “မယ်ဒက်စေတီ” ဟု တွင်ခဲ့သည်။ မယ်နဲသည်လည်း စစ်တောင်းမြစ်၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် ဘုရားစေတီတော်တည်ခဲ့ပြီး “မယ်နဲစေတီ” ဟု တွင်ခဲ့သည်။

ထိုမောင်နှမနှစ်ဦးသည်လည်း သိုက်စောင့်များနှင့် မေတ္တာသက်ဝင်ချစ်ခင်ခဲ့ကြသည်။ ထို့နောက်တွင် သိုက်စောင့်များက လိပ်ပြာနုတ်ခဲ့သဖြင့် သေဆုံးကာ ဥစ္စာစောင့်များ ဖြစ်ခဲ့ကြသည်ဟု ဆို၏။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၂၆၇ ခုနှစ်၊ တပေါင်းလတွင် အင်းဝမိုးထား သာသနာပိုင်ဆရာတော်ကြီး၏ တပည့် ပျဉ်းမနားဇာတိဖြစ်သည့် မယ်ဒက်တောရဆရာတော်သည် ဟောင်းနွမ်းနေသည့် စေတီတော်ကို ငုံကာ တည်ခဲ့သည်။ ဖိနပ်တော် အတောင် ၅၂ တောင်၊ ဉာဏ်တော် ၅၄ တောင် ရှိခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၇၄၊ ၁၇၅။