မာတိကာသို့ ခုန်သွားရန်

မန်းချောင်း

ဝီကီပီးဒီးယား မှ

မန်းချောင်းသည် ဧရာဝတီမြစ်၏ လက်တက်တစ်ခုဖြစ်သည်။ ၇၈ မိုင်ရှည်လျား၍ ရှေးအခါက နမ္မဒါမြစ်ဟု ခေါ်သည်။ မင်းဘူးခရိုင် ငဖဲမြို့နယ်၏ အနောက်တောင်ဘက် ရခိုင်ရိုးမတောင်တွင် မြစ်ဖျားခံ၍ အရှေ့ဘက်သို့ စီးဆင်းကာ မင်းဘူးခရိုင်တွင်းသို့ ဖြတ်သန်း ပြီးလျှင် မင်းဘူးအထက် ၅ မိုင်ခန့်အကွာတွင် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည်။ တောင်ပေါ်မှ စီးဆင်းလာ၍ ဆည်တော်ရွာသို့ ရောက်သောအခါ မြေပြန့်သို့ ရောက်လာ၏။ ထိုဒေသတွင် မြစ်ဝှမ်းသည် တစ်မိုင်ခန့် ကျယ်၍ ဧရာဝတီမြစ်နှင့် ဆုံသောနေရာတွင် ၇ မိုင်၊ ၈ မိုင်ခန့်အထိ ကျယ်သည်။ မန်းချောင်း၏ အောက်ခင်းသည် ကျောက်စရစ် ထူသည်။ ရေတစ်နှစ်ပတ်လုံး အဆက်မပြတ် စီးဆင်းသည်။ သို့သော် နွေရာသီတွင် ရေအတော်နည်းသွားသည်။ မန်းချောင်းတစ်လျှောက် နွေရာသီတွင် လှေသမ္ဗန်များ ကူးသန်းသွားလာနိုင်ခြင်း မရှိဘဲ၊ မိုးရာသီတွင်မူ အိုင်းမအထိ ကူးသန်းသွားလာနိုင်သည်။ မန်းချောင်းသည် ဆည်တော်ရွာ လွန်သည်မှစ၍လယ်ယာစိုက်ပျိုးရေး အလို့ငှာ ရေပေးသွင်းခြင်းအတွက် အဓိကအသုံးဝင်သည်။ ဆည်တော်မှ ဧရာဝတီမြစ်ဆုံရာသို့ အတည့်တိုင်းလျှင်မိုင် ၂ဝ ရှိသည်။

မင်းဘူးခရိုင်တွင်းရှိ စက်တော်ရာ စေတီတည်ရာ တောင်ကုန်းသည် မင်းချောင်း၏ ကမ်းဘေးတွင် တည်ရှိသည်။ သို့ဖြစ်၍ ရွှေစက်တော်ကို မန်းစက်တော်ရာဟူ၍ ခေါ်သဖြင့် မန်းချောင်းသည် ထင်ရှားသည်။

မန်းစက်တော်ရာ ဘုရားပွဲခင်းကို ဘုရားတောင်ခြေ မန်းချောင်းနံဘေးတွင် ကျင်းပလေ့ရှိသည်။

မန်းချောင်း တစ်လျှောက်လယ်ယာစိုက်ပျိုးရေး အလို့ငှာ ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆည်မြောင်းများ ဖောက်လုပ်ထားခဲ့သည်။ မန်းချောင်းတူးမြောင်းစုအတွက်ရေကို အိုင်းမတွင် ချောင်းကို ကန့်လန့်ဖြတ်ကာ တည်ဆောက်ထားသော အင်္ဂတေရေလွှဲဆည်ကြီးမှရသည်။ ထိုရေလွှဲဆည်မှာမူလက ကျောက်တုံးများဖြင့် ပြုလုပ်ထားခဲ့သော်လည်း၊ နောင်အခါ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော အချောကိုင်ထားခဲ့လေသည်။ ဆည်ထိပ်မှာ ပေ ၄ဝဝ ရှည်၍၊ တူးမြောင်းတံခါးမကြီးမှသည် ချောင်းရိုးတစ်လျှောက် ပေ ၃ဝဝ ခန့် ရှည်လျားသည်။ တူးမြောင်းအတွင်း ကျောက်စရစ်များ စီးဝင်ပါလာတတ်သဖြင့် ရေစီးအားမှာ တဖြည်းဖြည်း လျော့ပါးလာသည်။ ချောင်းရေမှာလည်း မရေရာလှသဖြင့် အလှည့်ကျ ရေပေးသွင်းခြင်းပြုရလေသည်။ တူးမြောင်းများဖြင့် ရေပေးသွင်းနိုင်သောကြောင့် မန်းချောင်း၏ ကမ်းနှစ်ဖက်လုံးတွင်စပါး၊ ဝါ၊ နှမ်း၊ ပဲ၊ ကွမ်းပင် စသည်တို့ကို ကောင်းစွာ စိုက်ပျိုးနိုင်သည်။ မန်းချောင်း၏ ရေသောက်နယ်မှာ ဧက ၃ဝ,ဝဝဝ နီးပါးရှိသည်။ မန်းချောင်း၏ ကမ်းဘေးနှစ်ဖက်တွင် ရွာပေါင်း ၅ဝ၊ ၆ဝ မျှ ရှိပေသည်။

မင်းဘူးမြို့နှင့် ငဖဲမြို့ အမည်များလည်း မန်းချောင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အမည်များဖြစ်၏။ မင်းဘူးမြို့အနီးတွင် မန်းချောင်းသည် ဧရာဝတီမြစ်အတွင်း စီးဝင်ပေါင်းဆုံသောကြောင့် မန်းပူးဟု ခေါ်ရာမှ မင်းပူး၊ မင်းဘူး ဖြစ်လာသည်။ ထို့ပြင်ငဖဲမြို့အနီးတွင် မန်းချောင်း လွှဲဖယ် စီးဆင်းသောကြောင့် မန်းဖယ်၊ မန်းဖဲ၊ မဖဲ၊ ငဖဲ ဖြစ်လာသည်ဟု ဆိုလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)