မန်ကျည်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မန်ကျည်း
Tamarind fruit.jpg
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Plantae
မျိုးပေါင်းစု: Magnoliophyta
မျိုးပေါင်း: Magnoliopsida
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးရင်းသေး: Caesalpinioideae
မျိုးစု: Tamarindus
မျိုးစိတ်: T. indica
ဒွိနာမ
Tamarindus indica
L.

မန်ကျည်း (Tamarindus indica) (အာရပ်ဘာသာမှ تمر هندي tamar hindi = အိန္ဒိယ date သီး) သည် Fabaceae မျိုးရင်းတွင် ပါဝင်သည်။ Tamarindus မျိုးစုသည် မျိုးစိတ်တစ်ခုတည်းသာ ရှိသောမျိုးစုဖြစ်သည်။ မန်ကျည်းသည် မုတ်သုန်ရာသီဥတုတွင် ပေါက်မြောက်သော အပင်ဖြစ်ပြီး ဆူဒန် နှင့် မဒါဂတ်စကား ၏ အစိတ်ပိုင်း ရွက်ကြွေတောများ အပါအဝင် မုတ်သုံ အာဖရိကတွင် စတင်အရင်းခံသည်။ မန်ကျည်းပင်သည် စိန်ပန်းပင်ပိတောက်ပင်ကုက္ကိုပင်စသည်တို့ နှင့်အတူ လီဂူမီနိုးစီး မျိုးရင်းတွင်ပါဝင်၍ ယင်း၏ ရုက္ခ ဗေဒ အမည်မှာ တမ်းမရင်းဒပ်အင်ဒီကာ ဖြစ်သည်။ မန်ကျည်းပင်သည် အလွန်ပေါများသောကြောင့် လူတိုင်းမြင်ဖူးကြသည်။ ထိုအပင်မျိုး၏ စတင်ပေါက်ရောက်ရာ ဇာတိဒေသမှာ အာဖရိကတိုက်အရှေ့ပိုင်း ပူအိုက်သော တိုင်းပြည်များဖြစ်၍ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံတို့သို့ တစ်ဆင့် ယူဆောင်စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသော သစ်ပင်ဖြစ်၍ မြန်မာနိုင်ငံ၌ အနှံ့အပြား စိုက်ပျိုးထားကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် မန်ကျည်းပင်ကို အကြီးအကျယ် စိုက်ပျိုးထားကြရာ၊ ထိုဒေသတွင် အများဆုံးတွေ့ရသည်။ လယ်ကွင်းများ၊ ခြံဥယျာဉ်များ၊ ကျွဲ နွား စားကျက်များ၌ မန်ကျည်းပင် ပေါက်စများကို အနှံ့အပြား တွေ့မြင်ရခြင်းအားဖြင့် အပင်ပေါက်လွယ်သည့် သစ်ပင်မျိုးဖြစ်ကြောင်း သိရသည်။


မန်ကျည်းပင်များသည် အမြင့်ပေ ၈ဝ အထိရှိ၍ ခိုင်ခံ့သော ပင်စည်နှင့် အပင်ထက်တွင် လှပေဝေဆာသော ငှက်မွေး သဏ္ဌာန် အရွက်များဖြင့် အလွန်တင့်တယ်သော သစ်ပင်ကြီးမျိုး ဖြစ်သည်။ ရွက်ရိုးတံ တစ်ဖက်တစ်ချက်တွင် ရွက်မြွာများစီ၍ထွက်လျက် ရှိသည်။ ရွက်ရိုးတံ တစ်ဖက်တစ်ချက်တွင် ရွက်မြွာများစီ၍ ထွက်လျက်ရှိသည်။ ရွက်ရိုးတံသည် ၂ လက်မ မှ ၄ လက်မအထိ ရှည်၍ ရွက်မြွာမျး ၁ဝ စုံအထိ ပါရှိသည်။ အရွက်အခက်တို့ဖြင့် သိုက်မြိုက်ဝေဆာနေသဖြင့် အရိပ်အာဝါသ အလွန်ကောင်းသောကြောင့် ခြံဥယျာဉ်များနှင့် အထူးသဖြင့် လမ်းနံဘေးများ၌ တန်ဆာဆင်ရန် စိုက်ထားတတ်ကြသည်။ မိုးပါး၍ ခြောက်သွေ့သောဒေသများ၌ နွေအခါတွင် ရက်သတ္တ အနည်းငယ်မျှ ပင်လုံးကျွတ် အရွက်ကြွေတတ်သည်။ အလွန်ကြီးခဲသော အပင်မျိုးဖြစ်သော်လည်းအစေ့မှ အလွယ်တကူ အပင်ပေါက်နိုင်သည့်ပြင် မည်သည့်မျိုး၌ မဆို ကြီးပွားဖြစ်ထွန်းသဖြင့် မန်ကျည်းပင်ကို မြန်မာနိုင်ငံ မြေညီပိုင်းတွင်နေရာတိုင်း၌ စိုက်ပျိုးနိုင်သည်။ မန်ကျည်းခေါက်သည် ညိုမွဲရောင်ရှိ၍ ထွင်းကြောင်းများသည် ပင်စည်နှင့် အလျားလိုက် ပေါ်လျက်ရှိသဖြင့် အလွန်ကြမ်းသည်။ အပွင့်မှာ ငယ်သော်လည်း အဝါပေါ်တွင် အနီပြောက်ကလေးများ ပါရှိသဖြင့် လှပ၏။ မန်ကျည်းသီး အတောင့် ၃ လက်မမှ ၆ လက်မ အထိရှည်၍ များသောအားဖြင့် ကွေးကွေးကောက်ကောက် သီးတတ်ကြသည်။ ညို၍ ဆတ်သော အခွံပါးကလေးများရှိ၍ ထိုအခွံအတွင်း၌ အသားပျော့ရှိသည်။ အသားအတွင်း၌ မြုပ်နေသော မာ၍ ချောမွတ်လျက် အညိုရင့်ရောင်ရှိသည့် အစေ့ပြားကလေးများ သည်အသီးတောင့်၏ အလယ်၌ စီတန်းလျက်ရှိသည်။ မန်ကျည်းသားသည် အလွန်မာ၍ ကြာရှည်ခံသဖြင့် ဆန်ဖွပ်ရန် ကျည်ပွေ့များ၊ ဆီဆုံနှင့် ကြံကြိတ်စက်များ၊ ထယ်များ၊ စူး ဆောက်ရိုးများ စသည်တို့ကို ပြုလုပ်ရာ၌ အသုံးဝင်သည်။ ထင်ရှားသော မန်ကျည်းပင်နှစ်မျိုးရှိသည်။ ယင်းတို့မှာ အသီးမှည့်သောအခါ အသားနီညစ်ညစ် အရောင်ရှိ၍ အရသာ ချဉ် သော မန်ကျည်းပင်မျိုးတို့ ဖြစ်ကြသည်။


မန်ကျည်းသီးမှည့်များသည် ဟင်းချက်ရာ၌ အလွန်အသုံးဝင်သည်။ တေဆေးဟု ခေါ်သော ဝမ်းနုတ်ဆေးတွင် မန်ကျည်းသီး ကို ထန်းလျက် ၊ ပွေးကိုင်းအပြင် အခြားဆေးများနှင့်ရော၍ ဖော်စပ်ထားသည်။ ပူအိုက်သောရာသီတွင် မန်ကျည်းသီးနှင့် ထန်းလျက်ကို ရေတွင် စိမ်၍ ဖျော်ရည်ပြုလုပ်သောက်ကြသည်။ ဆေးပေါ့လိပ် လုပ်ငန်းတွင် ဆေးရိုးကို မန်ကျည်းမှည့်ရည် ပက်ဖျန်းပြီးမှ ဆေးလိပ်လိပ်ကြသည်။ မန်ကျည်းသီးစိမ်းများကိုလည်း ကြော်ချက်၍ စားသုံးလေ့ ရှိကြသည်။ မန်ကျည်းရွက်နုကိုလည်း ဖွယ်ဖွယ်ရာရာစီမံချက်ပြုတ်၍ စားသောက်ကြသည်။ မန်ကျည်းရွက်ကို မြေပဲဖြင့် သုတ်စားခြင်း၊ ချည်ရေဟင်း ချက်သောက်ခြင်းတို့ဖြင့် စားသုံးကြသည်။မန်ကျည်း ခေါက်ကို သာမန်မျက်စေ့နာအတွက် နှင့် အပူဒဏ်ခံနိုင်ရန် သနပ်ခါးကဲ့သို့ သွေးလိမ်းကြသည်။ ယင်းသို့ ဖြစ်ရကား မန်ကျည်းပင် သည် တစ်ပင်လုံး အသုံးဝင်သော အပင်ဟု ဆိုနိုင်ပေသည်။


သင်္ဘော မန်ကျည်းပင်ကို တရုတ် မန်ကျည်းပင် ဟူ၍လည်းခေါ် သည်။ ထိုမန်ကျည်းပင်မျိုးသည် အပင်လတ်များ ဖြစ်၍ ခြံစည်းရိုးပင် အဖြစ် စိုက်ပျိုးထားလေ့ရှိကြသည်။ အကိုင်းအခက်များကို ချိုင်ပေးလျှင် ခြံစည်းရိုးတစ်လျှောက်တွင် အပင်များ တညီတည်းရှိနေသည်။ အကယ်၍ မချိုင်ဘဲ ထားလျှင် နုံးမြေများတွင် ပေ ၃ဝ ကျော်ခန့် အထိ မြင့်သည်။ အသီးအမှည့်များကို စားကြသည်။


မြန်မာနိုင်ငံတွင် တွေ့ရသော အခြား မန်ကျည်းပင်များမှာ မန် ကျည်းပေါက်ပင်၊ တော်မန်ကျည်းပင်၊ တောင်မန်ကျည်းပင်နှင့် ဆေးမန်ကျည်းပင်များ ဖြစ်ကြသည်။ မန်ကျည်းပေါက်ပင်များကို မင်းဘူးနယ်နှင့် မုတ္တမနယ်တို့၌ တွေ့ရသည်။ တောမန်ကျည်းပင်ကို ခယာမွှေးပင်ဟူ၍လည်း ခေါ်ကြသည်။ တောင်မန်ကျည်းပင်များကို မိုးကုတ်နယ်၌ တွေ့ရသည်။ ဆေးမန်ကျည်းပင်ကား ခြုံပင် သို့မ ဟုတ် အပင်ငယ်များဖြစ်၍ မြန်မာနိုင်ငံ၌ အနှံ့အပြား တွေ့ရသည်။[၁]


Tamarind (မန်ကျည်း)[ပြင်ဆင်ရန်]

  • Botany Term : Tamarindus indica Linn
  • Species/Family : Caesalpiniaceae
မန်ကျည်းသီး

ပုံသဏ္ဌာန် : ပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ အဖူးနှင့် အဆုံးသတ်သော ပန်းခိုင်မျိုးဖြစ်သည်။ အသီးသည် ရှည်မျောမျော နည်းငယ်ကွေးသည်။ မအက်ကွဲသီး ဖြစ်သည်၊ အစေ့သည် လေးထောင့်ပုံသဏ္ဌာန်ဖြစ်၍ နီညိုရောင်ရှိသည်။

အပင်----အမြဲစိမ်း သစ်မာပင် ကြီးမျိုး ဖြစ်သည်။ အခေါက်များ မည်းညိုရောင် ရှိပြီး ထူပြီး ကြမ်းသည်။ အကိုင်းများစွာ ဖြာသည်။

အရွက်--ငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ရွက်လွှဲ ထွက်သည်။ ရွက်မြွာများ သေးငယ်၍ နူးညံ့ပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရှည်မျောမျော ပုံရှိသည်။

အပွင့်--- သေးငယ်သည်။ အဝါရောင် ပေါ်တွင် အနီစင်း များရှိသည်။ တစ်ခိုင်တွင် အပွင့် ၁၀-၁၅ ပွင့် ပါရှိသည်။ တန်ဆောင်မုန်း နတ်တော်လ တွင် ပွင့်၏ ။

အသီး----သီးတောင့် ရှည်မျိုး ဖြစ်သည်။ စိမ်းညိုရောင် ရှိသည်။ အသားထူသည် ။ တစ်ခန်း တွင် အစေ့ တစ်စေ့ ပါသည်။ အစေ့သည် တောက်ပ သော ညိုမည်းရောင် ရှိ၍ မာသည်။ ပြာသို ၊ တပို့တွဲ ၊ တပေါင်း တွင် အသီးရင့် သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အစေ့။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ : အာနိသင်--- မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ၏ ၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့် လေကို နိုင်၏။

အသုံးပြုပုံ-

ပဉ္စငါးပါး

  1. မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။

အခေါက်

  1. အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊ ကိုယ်ရေ ဝါ ရောဂါ နှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏။
  2. အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏ ။
  3. အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏ ။
  4. အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။
  5. အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။

အရွက်

  1. အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။
  2. အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။
  3. အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။
  4. မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။
  5. မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။

အသီး

  1. မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏။
  2. မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလဝမ်း ရောဂါ ပျောက်၏ ။
  3. မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။

အစေ့

  1. မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏ ။
  2. မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏ ။
  3. အစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။
  4. မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. http://arogyamonline.com/commodity/materials/?raw=129