မစ္စ ရစ်ချတ် ဘရင်းစလီ ရှယ်ရီဒန် (ပန်းချီကား)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Mrs. Richard Brinsley Sheridan
Thomas Gainsborough - Mrs. Richard Brinsley Sheridan .jpg
အနုပညာရှင်သောမတ် ဂိန်းစဗားရား
ခုနစ်1787
ဒိုင်မင်းရှင်း219.7 cm × 153.7 cm (၈၆.၅ လက်မ × ၆၀.၅ လက်မ)
တည်နေရာNational Gallery of Art, Washington, D.C.

မစ္စ ရစ်ချ်တ် ဘရင်းစလီ ရှယ်ရီဒန် (Mrs. Richard Brinsley Sheridan) (၁၇၈၇) သည် သောမတ် ဂိမ်းဘာရားက ၁၇၈၅ နှင့် ၁၇၈၇ ကြား ရေးဆွဲခဲ့သော ကင်းဗတ်ပေါ် ဆီဆေးဆွဲ ပုံတူ ပန်းချီကား ဖြစ်သည်။ ၎င်းကို ၁၉၃၇ တွင် အမျိုးသား အနုပညာ ပြခန်းက ရရှိသည်။ မစ္စ ရှယ်ရီဒန် (အဲလိဇဘက် အန်း လင်လီ)သည် ထူးချွန်သော တေးဂီတပညာရှင် ဖြစ်ကာ သူ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်၍ ၁၇၇၃ တွင် ရစ်ချတ် ဘရင်စလီ ရှယ်ရီဒန်နှင့် လက်မထပ်မီ၊ လန်ဒန်မြို့နှင့် ဘေ့မြို့၌ အထူး အောင်မြင်ခဲ့သည်။ ဂိမ်းဘာရား ပုံတူဆွဲရန် ထိုင်ပေးစဉ် သူ့အသက် ၃၁ နှစ် ရှိပြီး၊ နောက် ခုနစ်နှစ်ကြာ၍ အသက် ၃၈ နှစ်တွင် အဆုတ်နာရောဂါ/ ချောင်းဆိုးသွေးပါ ရောဂါ (tuberculosis) ဖြင့် ကွယ်လွန်သည်။ ပုံတူကားကို ၁၇၈၅ နှင့် ၁၇၈၇ ကြား ဆွဲ၍၊ ၁၇၈၆ တွင် ပေါမောလ်၊ စကွန်းဘတ် ဟောက်စ်ရှိ ဂိမ်းဘာရား၏ စတူဒီယို၌ ပြသခဲ့သည်။

နောက်ခံ[ပြင်ဆင်ရန်]

အဲလိဇဘက်ကို ၁၇၅၄ စက်တင်ဘာလ ဆောင်းဦးတွင် ဘေ့သ်မြို့၌ မွေးဖွားသည်။ သူ့အဖေသည် အင်္ဂလိပ် တေးဂီတပညာရှင်နှင့် သီကုံးသူ ဖြစ်သော သောမတ် လင်လီ ဖြစ်၍၊ မိခင်မှာ ထူးချွန်သော တေးဂီတပညာရှင်လည်း ဖြစ်သည့် မာရီ ဂျွန်ဆင် (၁၇၂၉-၁၈၂၀) ဖြစ်သည်။ အဲလိဇဘက်သည် သမီးကြီး ဖြစ်ပြီး၊ သားကြီး ရှိသော်လည်း ကလေးဘဝကပင် ဘဝတပါးသို့ ကုန်းကြောင်း လျှောက်သွားသည်။ သူတို့အားလုံးသည် မိဘများ၏ ခြေရာကို နင်းနိုင်ကြသည်။ ထို့ကြောင့်လည်း သူ့အသက် ကိုးနှစ်သားတွင် သောမတ်ဟုပင် ခေါ်သော မောင်နှင့် ၁၇၆၇ လန်ဒန်၊ ကိုဗင့်ဥယျာဉ်၌ ပထမဆုံး ဇာတ်ခုံပေါ် တက်၍ တေးဂီတ ဖျော်ဖြေပွဲတွင် စတင် သီချင်းဆိုခြင်း ဖြစ်တန်ရာသည်။[၁]

၁၇၇၀ အကုန်တွင်၊ ချမ်းသာသော အသက်ကြီးကြီး ရှေ့နေ ဝေါလ်တာ လောင်းနှင့် စေ့စပ် ကြောင်းလမ်းခဲ့သော်လည်း၊ မင်္ဂလာ မဆောင်ခင်လေးတွင် စေ့စပ်ထားခြင်း ပျက်ပြားသွားသည်။ ထို့အတွက် ၁၇၇၁ တွင် လောင်းသည် နစ်နာကြေး ပေါင် ၃၀၀၀ ကို ပေးခဲ့ရသလို၊ သူသည်လည်း ပေါင် ၁၀၀၀ တန်ဖိုးရှိ အဝတ်အထည်များနှင့် လက်ဝတ်ရတနာများကို လက်ခံရရှိသည်။ ၁၇၇၂ တွင် ရစ်ချတ် ဘရင်စလီ ရှယ်ရီဒန်က ခေါ်ဆောင်သွားသော သူသည် ပြင်သစ်သို့ ပြောင်းရွှေ့ပြီးနောက်၊ ၁၇၇၂ မတ်လတွင် တရားမဝင် ပေါင်းသင်းနေထိုင်သည်ဟု ဆိုငြား၊ တရားဝင် မှတ်တမ်းများ မတွေ့ရှိရချေ။ သူတို့နှစ်ဦးသည် ဗြိတိန်သို့ ပြန်လာပြီးနောက် ၁၃ ဧပြီ ၁၇၇၃ တွင် တရားဝင် လက်ထပ်သည့်အချိန်မှာ ဖရန့်စဲ့ ဘားနီက အဲလိဇဘက်ကို အခြား အင်္ဂလိပ် အဆိုကျော်များထက် လုံးဝ အဆိုပါရမီ ပါသည်ဟု ချီးမွမ်းသည်။ နောက်ပိုင်း သတင်းစာဖော်ပြချက်များအရ၊ သူတို့ ပိုးပန်းခြင်းသည် “အနောက်တိုင်းပြည်၏ ဂန္ထဝင်အချစ်ဇာတ်လမ်းများထဲမှ တခု” ဖြစ်ခဲ့ပြီး၊ သူမသည် “အင်္ဂလန်တွင် အချောလှဆုံး အဆိုတော်” ဖြစ်ခဲ့သည်။ တရားဝင် လက်ထပ်ပြီးနောက် ရှယ်ရီဒန်သည် သူ၏ လူကြီးလူကောင်းဂုဏ်ကို ထိခိုက်သည်ဟု ထင်ကာ သူ့မိန်းမကို ဇာတ်ခုံပေါ် နောက်ထပ် တက်ခြင်းကို ခွင့်မပြုခဲ့ချေ။[၂]

သောမတ် ဂိမ်းဘာရားသည် ၁၇၅၉ ကတည်းက သူတို့နှင့် မိတ်ဆွေ ဖြစ်ကာ၊ လင်လီ မိသားစု ပုံတူများစွာ ရေးဆွဲခဲ့သည်။ အဲလိဇဘက်သည် စိန့် စစီလီယာကို ရေးဆွဲသော ဂျော့ရွှား ရေးနော့အတွက်လည်း မော်ဒယ် ထိုင်ပေးဖူးပြီး၊ ၎င်းသည် ၁၇၇၅ တွင် တော်ဝင်အကယ်ဒမီ၌ အောင်မြင်စွာ ပြသခြင်း ခံရပြီး၊ ရေးနော့က “ငါဆွဲခဲ့သမျှထဲမှာ အကောင်းမွန်ဆုံး ပန်းချီကား”ဟု ဖော်ညွှန်းသည်။[၂]

ရှယ်ရီဒန်တို့ စုံတွဲသည် လိုက်ဖက်မှု မရှိသောကြောင့် အမြဲ တကျက်ကျက် ဖြစ်သော အိမ်ထောင်ရေး ဖြစ်နေပြီး၊ ရှယ်ရီဒန်က မြို့ပြဘဝကို သဘောကျသော် အဲလိဇဘက်က ကျေးလက်ဒေသကို ချစ်မြတ်နိုးနေသည်။ “ကျမကို ဒီရှုပ်ထွေးတဲ့ လောကဓံကနေ ခေါ်ထုတ်သွားပြီး၊ ကျမ ဖြစ်ချင်နေတဲ့ ရိုးစင်း ငြိမ်သက်တဲ့ ရှုခင်းတွေဆီမှာ ထားပေးပါ”ဟု သူ့ယောက်ျားကို အဲလိဇဘက်က တောင်းပန်သည်။ ၁၇၉၀၊ သူ့အသက် ၃၆ တွင် နေထိုင်မကောင်းသည့် လက္ခဏာများ ပြလာသော်လည်း လန်ဒန် လူ့အသိုင်းအဝိုင်း၌ ဟန်မပျက် ပါဝင်နေဆဲ ဖြစ်သည်။ ဒဗွန်ရှိုင်းယား အိမ်တော်သို့ သွားရောက်လည်ပတ်စဉ် အဲလိဇဘတ်သည် လော့ဒ် အက်ဒွပ် ဖစ်ဂါရဲနှင့် တွေ့ပြီး၊ ချစ်ကြိုက်သွားကြသည်။ သူနှင့် ကလေးတယောက် ကိုယ်ဝန်ဆောင်ရပြီး၊ ၃၀ မတ် ၁၇၉၂ တွင် မိန်းကလေး မွေးသည်။ ကလေးမွေးသည့် ဒဏ်(trauma) ကြောင့် အဲလိဇဘက် ရောဂါ ပိုဆိုးလာပြီး၊ ၂၈ ဇွန် ၁၇၉၂ တွင် ကွယ်လွန်သည်။[၁]

ပန်းချီကားနှင့် စပ်လျဉ်း၍[ပြင်ဆင်ရန်]

ကင်းဗတ် ဆီဆေးပန်းချီကားသည် ၂၁၉.၇ × ၁၅၃.၇ စင်တီမီတာ (၈၆.၅ × ၆၀.၅ လက်မ) ရှိသည်။ သဘာဝအတိုင်း ရေးဆွဲသော ကိုယ်လုံးပေါ် ပုံတူသည် ၁၈ ရာစု အင်္ဂလိပ် အနုပညာရှင်များ အထူး ကျွမ်းကျင်ပြီး၊ အထူးသဖြင့် ရှုခင်းများပါ ထည့်ဆွဲရန် နှစ်သက်သော ဂိမ်းဘာရားအဖို့ ဖြစ်သည်၊ အင်္ဂလိပ်ကျေးလက်တွင် ချစ်သူနှင့် အတူ ရှိသော အဲလိဇဘက်သည် သူ့အတွက် စံပြမော်ဒယ် ဖြစ်သည်။ ဖွဲ့စည်းပုံမှာ တစောင်းဖြစ်ပြီး၊ နန်းဟန်အမျိုးအစား ဖြစ်သည်။ NGA က “အင်ပရက်ရှင်းနစ်စတိုင်ဖြင့် လွတ်လွပ်လပ်လပ် ရေးဆွဲထားသော လက်ရာ”ဟု ဖော်ပြသည်။ ထိုင်သူ၏ တင်ပါးကောက်ကြောင်းနှင့် လေတိုက်နေသော နောက်ခံ ရှုခင်းသည် ဂိမ်းဘာရား၏ အနုပညာသည်စိတ်တွင် ချစ်ခြင်းတရားများ ပြင်းထန်စွာ စီးမျောနေသည်ကို ဖော်ပြနေသည်၊ မေးစေ့နှင့် ပါးစပ်သည် ခိုင်မာသည်၊ ပြတ်သားသည်၊ ပန်းပုထုထားသည်ကဲ့သို့ နေပြီး၊ လေးလံစွာ ကုတ်ကျနေသော မျက်ခုံးမွေးများက သူသည် တည်ငြိမ်သည်၊ အေးဆေးသည်၊ ဂုဏ်သိက္ခာရှိသည်ဟူသော မျက်နှာထားကို ပြသနေသည်။ ပေါ့ပေါ့ပါးပါးတွင် စောင်းထားသော အကြည့်မျက်လုံးထဲတွင် သံယောဇဉ် ရေးရေး ပေါ်နေသည်။ ပန်းချီကားသည် အရည်ဆေးကို သုံးထားသည်၊ အစိုပေါ် အစို ထပ်ဆွဲသည့်အပြင် ဆေးသားများ ထူထဲနေအောင် အလွှာပေါင်း အထပ်ထပ် ဆွဲထားသည်၊ အသေးစိတ်များအတွက် လွတ်လပ်စွာ စီးဆင်းနေသော စုတ်ချက်များဖြင့် ပါးပါး ခြယ်ထားသည်။[၃]

ပြင်ပတွင် အခြေတည်ထားသော်လည်း၊ ဤကိစ္စသည် ပြောစရာ မဟုတ်သေး၊ ဝတ်ထားသော အဝတ်အစားနှင့် အရောင်အသွေးကို အသေးစိတ် ခြယ်မှုန်းထားသည်မှာ စေတနာယိုဖိတ်လာအောင် စိတ်ဝေဒနာ နက်ရှိုင်းမှု ရှိနေသည်။ မော်ဒယ်ဆံပင်ကို နောက်ခံ သစ်ပင်များ၏ သစ်ရွက် သစ်ခက်များအတိုင်း သဘောတရားတူ ခြယ်ထားပြီး၊ နေဝင်ချိန် ပန်းဆီရောင် တောက်သော အလင်းနည်းနည်းသည် သူ့ဂါဝန်အရောင်တွင် ပြန်နေသည်။ သူ့နောက်ရှိ ထီးတည်းသော သစ်ပင်သည် အထီးကျန်နေသော သူ့ကိုယ်လုံးနှင့် လိုက်ဖက်ပြီး၊ ခြောက်ကပ်နေသော နောက်ခံရှုခင်းတွင် အစွန့်ပစ်ခံ မိန်းမသားရုပ်၏ ဝေးကွာနေသော အမြင်ကို ထည့်ဆွဲထားသည်။ သူမဘဝတွင် မရနိုင်သော တစုံတရာကို တမ်းတနေသလိုလိုပင်။ လက်က ကိုင်ထားသော လည်စည်းကို စုတ်ချက်ရှည်ရှည်၊ ဆေးသားပါးပါးနှင့် ဆွဲထားကာ၊ ထိုးဖောက်မြင်နေရအောင် ပြုလုပ်ထားသည်။ မော်ဒယ်၏ ချောမောသော ရုပ်ရည်၊ လန်းဆန်းသော အလှကို ပုံတူက ရအောင် ဖမ်းထားပြီး၊ သူ့မျက်နှာသည် ပန်းချီကား တချပ်လုံးတွင် အတည်ငြိမ်၊ အခိုင်မာဆုံး အစိတ်အပိုင်းသာ ဖြစ်သည်။ ပန်းချီကားကို ပျော့ပြောင်းပြီး၊ စိတ်လှုပ်ရှားနေဟန် စုတ်ချက်သွက်သွက်ဖြင့် ခြယ်ထားသည်။ ပန်းချီဆရာသည် အမျိုးသမီး၏ ဂါဝန်ပေါ်၌ ဆီဆေးပါးနှင့် စုတ်ချက်ရှည်ပြီး သူ့ခြေအထိ တွန့်လိမ် ဆွဲချသွားရာ၊ မျက်နှာ၏ တည်ငြိမ်မှုကို အားပြိုင်နေသော တုန်ခါမှုကို ခံစားရလာစေသည်။[၂]

ဤပန်းချီကားကို ရှယ်ရီဒန်၏ မိတ်ဆွေများ ဖြစ်သော အက်ဒွပ် ဘူဗာရီနှင့် သူ့မိန်းမ ဟာရီယက်တို့က ပထမဆုံး ပိုင်သည်။ ၁၈၇၂ နှစ်ထိ ဘူဗာရီတို့ လက်ထဲ ရှိနေခဲ့ကာ၊ သူတို့မြေးဖြစ်သူ ဗိုလ်ချုပ် အဲဗရာ့ ဘူဗာရီက လေလံပွဲ၌ အဲလ်ဖရက် ဒီ ရိုသ်ချိုင်းသို့ ရောင်းချသည်။ ၁၉၃၆ ခုနှစ်ထိအောင် ထိုပန်းချီကားကို ကျော်ကြားသော ရိုသ်ချိုင်း ဘဏ်မိသားစုဝင်များက ပိုင်ဆိုင်ခဲ့ကာ၊ လန်ဒန်ရှိ ဒူဗင်း ဘရားသား ကော်ပိုရှေးရှင်းသို့ ရောင်းချလိုက်သည်။ ၂၆ ဧပြီ ၁၉၃၇ တွင် ထိုအနုပညာလက်ရာကို အေဒဗလျူ မဲလွန် ပညာရေးနှင့် ကူညီရေးအသင်းက ဝယ်ယူပြီးနောက်၊ အမျိုးသား အနုပညာ ပြခန်းသို့ လာရောက် လှူဒါန်းခဲ့လေသတည်း။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Aspden, Suzanne (2004), "Linley [Sheridan], Elizabeth Ann (1754–1792)", Oxford Dictionary of National Biography (online, May 2009 ed.) (Oxford University Press), retrieved 17 August 2014, (subscription required (help)) 
  2. ၂.၀ ၂.၁ ၂.၂ ().
  3. Mrs Richard Brinsley Sheridan, National Gallery of Art, retrieved 17 August 2014 
  4. Mrs Richard Brinsley Sheridan, National Gallery of Art, retrieved 20 August 2014 

ကျမ်းကိုးစာစုစာရင်း[ပြင်ဆင်ရန်]

  • Beckett, Wendy (1994), The Story of Painting, The Essential Guide to the History of Western Art, Dorling Kidersley, ISBN 978-0751301335 
  • Chedzoy, Alan (1998), Sheridan's Nightingale, Allison & Busby, ISBN 0-7490-0341-3 
  • Kleiner, Fred (2008), Gardner's Art Through the Ages: A Concise Global History, Cengage Learning, ISBN 0-495-50346-0