မင်းဏီ

ဝီကီပီးဒီးယား မှ
မင်းဏီ
မင်းဏီ
မွေးသက္ကရာဇ် ၁၉၂၈ ခုနှစ် မေလ ၁၁ ရက်နေ့
အမည်ရင်း ကိုကိုကြီး၊ ငယ်မည်- မောင်ကိုကို
နို်င်ငံ မြန်မာ
မိဘအမည် ဦးထွန်းတင့် + ဒေါ်ခင်ထွေး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ
အလုပ်အကိုင် စာရေးဆရာ၊
မွေးဖွားရာဒေသ ကသာ ခရိုင် ထီးချိုင့် မြို့
ထင်ရှားကျော်ကြားမှု

မင်းဏီ [၁၉၂၈ - ၁၉၈၅][ပြင်ဆင်ရန်]

ကသာခရိုင် ထီးချိုင့်မြို့၌ အဖ ဝန်ထောက်ကြီး ဦးထွန်းတင့်၊ အမိ ဒေါ်ခင်ထွေး တို့က ၁၉၂၈ ခုနှစ် မေလ ၁၁ ရက်နေ့ (မင်းဏီ၏ 'ညောင်းရွက်ကယ် ကြွေလေဟန်' ဝတ္ထုတွင် မူ "၁၉၃ဝ ပြည့်နှစ်" ဟု ဖော်ပြ ထားသည်) တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း ၉ ယောက်တွင် တတိယမြောက် သား ဖြစ်သည်။ ငယ်မည်မှာ မောင်ကိုကို၊ အမည်ရင်း ဦးကိုကိုကြီး ဖြစ်သည်။

မင်းကင်းမြို့ မူလတန်း ကျောင်းတွင် သူငယ်တန်း (၁၉၃၄ - ၃၅)၊ သံတွဲမြို့ အေဘီအမ် ချင်းကျောင်းတွင် ပထမတန်းနှင့် ဒုတိယတန်း (၁၉၃၅ - ၃၇)၊ စစ်တွေ ကွန်ဗင့်ကျောင်းတွင် တတိယတန်း (၁၉၃၇-၃၈)၊ စစ်တွေ အစိုးရ အထက်တန်း ကျောင်းတွင် စတုတ္ထတန်း (၁၉၃၈ - ၄ဝ)၊ မန္တလေး ဝက်စလီ ယောကျ်ား ကလေး ကျောင်းတွင် ပဉ္စမတန်းနှင့် ဆဋ္ဌဆတန်း (၁၉၄ဝ - ၄၂)၊ ပခုက္ကူ အစိုးရ မူလတန်းလွန် ကျောင်းတွင် သတ္တမတန်းနှင့် အဋ္ဌမတန်း (၁၉၄၆ - ၄၈)၊ မုံရွာ အထက်တန်း ကျောင်းတွင် ကျောင်းထွက် လက်မှတ်ရ စာမေးပွဲအောင် (၁၉၄၈ - ၄၉)၊ မန္တလေးမြို့ စိန့်ဖလိုမီနာ ကျောင်းတွင် တက္ကသိုလ် ဝင်တန်း ပညာ (၁၉၅ဝ - ၅၁) ဆည်းပူး ခဲ့သည်။ ၁၉၅၂ - ၅၄ တွင် ရန်ကုန် မြို့၌ လက်ထောက် ကျန်းမာရေးမှူး သင်တန်း တက်ခဲ့သည်။ ၁၉၅၃ တွင် တက္ကသိုလ်ဝင် စာမေးပွဲကို အလွတ် ဖြေဆို အောင်မြင် ခဲ့သည်။


အတွင်းဝန်များရုံး ဘဏ္ဍာရေးနှင့် အခွန်တော် ဌာနတွင် အောက်တန်း စာရေးနှင့် အကောက်ခွန် ဌာနတွင် အောက်တန်း စာရေး (၁၉၅ဝ - ၅၁)၊ လက်ထောက် ကျန်းမာရေးမှူး အဖြစ်နှင့် မော်လိုက် မြို့နယ် ယုဝရွာ (၁၉၅၄ - ၅၅)၊ အရာတော် မြို့နယ် ဝါးတန်းရွာ၊ မော်လိုက် မြို့နယ် ကင်းတပ်ရွာ၊ ဆားလင်းကြီး မြို့နယ် ဆားတုံရွာ၊ မုံရွာ မြို့နယ် အလုံရွာ၊ ပုလဲ မြို့နယ် လက်တောင်းကြီးရွာ၊ ဖောင်းပြင် မြို့နယ် တံငါရွာ တို့၌ ၁၉၅၅ - ၆၈ ထိ အမှု ထမ်းခဲ့သည်။ ၁၉၆၈ မှ စ၍ ရန်ကုန် အဆုတ် ရောဂါ ဆိုင်ရာ ဌာန ဘီစီဂျီ အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့သည်။ အငြိမ်းစား ယူပြီးနောက် စာပေနှင့် ရုပ်ရှင် လောကတွင် ကျင်လည် ခဲ့သည်။ "ပုရပိုက်" အနုပညာ လုပ်ငန်းတွင် ပါဝင် ဆောင်ရွက် ခဲ့သည်။


၁၉၄၅ တွင် ပခုက္ကူ အောင်သာကန် ရပ်ကွက်တွင် လူငယ်များနှင့် ပူးပေါင်း၍ "ဉာဏဗိမာန်" စာကြည့်တိုက် ထောင်သည်။ လက်ရေး စာစောင် ထုတ်သည်။ ထိုစာစောင်တွင် ကလောင် အမည် 'မြနှစ်ဆွေ' ဖြင့် ဝတ္ထုတိုများ စတင် ရေးခဲ့သည်။ ၁၉၄၆ အထွေထွေ သပိတ် ကာလတွင် ပခုက္ကူ ခရိုင် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌနှင့် မုံရွာ အထက်တန်း ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ၊ ၁၉၄၈ တွင် မုံရွာ ခရိုင် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ၊ ၁၉၄၉ - ၅ဝ တွင် မန္တလေးခရိုင်လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ တွဲဖက် စည်းရုံးရေးမှူး တာဝန် တို့ကို ယူခဲ့သည်။ လူငယ် အစည်းအရုံးမှ ထုတ်ဝေသော လက်ရေး စာစောင် များတွင် ဝတ္ထုတိုများ ရေးသား ခဲ့၏။ လမ်းစဉ် ပါတီ ကာလတွင် ဗဟို နိုင်ငံရေး တက္ကသိုလ် တက်ရောက် ခဲ့၏။ မြို့နယ် တရားသူကြီး ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက် ခဲ့၏။


ရန်ကုန် မြို့တွင် ရှိနေစဉ် ကာလ များတွင် ဗန်းမော် တင်အောင် ဦးစီး ထုတ်ဝေသည့် လင်းယုန် ဂျာနယ်၊ လင်းယုန် သတင်းစာနှင့် စာပေ မဂ္ဂဇင်း တို့တွင် မပြတ်မလပ် ရေးသား ကူညီ လုပ်ဆောင် ခဲ့သည့် လင်းယုန် ရဲဘက် တဦး ဖြစ်ခဲ့သည်။


၁၉၅ဝ ပြည့်နှစ်တွင် တာရာ မဂ္ဂဇင်း၌ 'ဇော်ဝင်း' ကလောင် အမည် သုံး၍ "မမခင်" ဝတ္ထုတိုကို စတင် ရေးသား ခဲ့သည်။ 'ဇော်ဝင်း' ကလောင် အမည်တူ ရှိနေ သဖြင့်၊ ၁၉၅၁ တွင် တာရာ မဂ္ဂဇင်း ၌ပင် "မန္တလေးမှာ" အမည်ရှိ ဝတ္ထု တိုကို 'မင်းဏီ' ကလောင် အမည် စတင် သုံးစွဲ ရေးသား လာခဲ့သည်။ တာရာ မဂ္ဂဇင်းမှ စတင်၍ အခြားသော စာနယ်ဇင်း များတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာနှင့် ဘာသာပြန် တို့ကို ရေးသား ခဲ့သည်။ ရှုမဝ၊ မြဝတီ၊ သွေးသောက်၊ ဒဂုန်၊ သဘင်၊ သောင်းပြောင်းထွေလာ တို့တွင် အရေး များသည်။ အထူးသဖြင့် ရှုမဝ ရုပ်စုံ မဂ္ဂဇင်းတွင် "ထို" ဝတ္ထုတိုများ အများဆုံး ရေးခဲ့သည်။ "ထို" ဝတ္ထုတို များကြောင့် ပို၍ ထင်ရှား၊ အသိအမှတ် ပြုခဲ့ ကြသည်။ ကွယ်လွန် ပြီးနောက် "ထို ဝတ္ထုများကို" ၁၉၉၄ ခု ဇူလိုင်လတွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ၁၉၆၃ တွင် ညောင်းရွက်ကယ် ကြွေလေဟန် ဝတ္ထုကို မောင်သိန်းဆိုင်နှင့် တွဲဖက် ရေးသား ထုတ်ဝေ ခဲ့သည်။


၁၉၇၅ ခုနှစ်တွင် "ဒေါက်တာ ဖေငယ်" ရုပ်ရှင် ဇာတ်ညွှန်းကို ရေးခဲ့သည်။ ရှုမဝ ရုပ်ရှင် "စေလိုရာစေ" ဇာတ်ကားမှ စတင်၍ ရုပ်ရှင် သရုပ်ဆောင်တစ်ဦး အဖြစ် စမ်းသပ် ပါဝင် ခဲ့သည်။ ကွယ်လွန်ချိန် အထိ ရုပ်ရှင် ဇာတ်ကား များတွင် ဇာတ်ပို့ သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင် သွားခဲ့သည်။


၁၉၈၅ ခုနှစ် မတ် ၁၄ ရက်နေ့ နေ့လယ် ၂ း ၄ဝ နာရီတွင် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။

စာညွှန်း[ပြင်ဆင်ရန်]

  1. မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (နိုဝင်ဘာနှင့် ဒီဇင်ဘာ ၁၉၈၄)။ စာ ၁၁၄ နှင့် စာ ၄၇။
  2. မင်းဏီနှင့် မောင်သိန်းနိုင်။ ညောင်းရွက်ကယ် ေွ့ွကလေဟန် (ပ ကြိမ်၊ ၁၉၆၃)။ စာ အချပ်ပို။
  3. ရွှေဝယ်မင်းသစ္စာ။ ထိုနေ့၊ ရှုမဝ (ဇွန် ၁၉၈၅)။ စာ ၁၅၁ - ၁၅၄။ ၏
  4. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဧပြီ ၁၉၈၅)။ စာ ၂ဝ။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)