မင်းကြီး (ဝန်ကြီး)

ဝီကီပီးဒီးယား မှ

မင်းကြီး (ဝန်ကြီး) ဆိုသည်မှာ ရှေးမြန်မာမင်းတို့လက်ထက် ဝန်ကြီးအရာကို လေးစားသမှုဖြင့်ခေါ်သော အမည်ဖြစ်သည်။

အခေါ်တွင်သာ သုံးစွဲပုံ[ပြင်ဆင်ရန်]

လွှတ်တော်သို့ ဘုရင်ကိုယ်တိုင် တက်သည့်အခါ ပလ္လင်ပေါ်တွင် နေရာကျသည်နှင့် "မင်းကြီးများ" ဟု အာလုပ်စကားဆိုကာ ညီလာခံစလေ့ရှိသည်။ ဤထုံးစံကို အငြိမ့်သဘင်တို့က ညီလာခံကျင်းပဟန် သရုပ်ဖော်တိုင်း သုံးစွဲသည်။ သို့သော် ဘုရင်သည် ဝန်ကြီးများနှင့် နေ့စဉ်တွေ့သည် မဟုတ်။ ထို့အတူ ဘုရင်တိုင်းသည်လည်း ထိုသို့ မသုံးမစွဲ။ ရှင်ဘုရင်နှင့် နန်းထောင်ဘက်များ၊ မင်းဆွေမင်းမျိုးများသာ ဝန်ကြီးဖြစ်မှ ထိုသို့ သုံးတတ်သည်။ သီပေါမင်းလက်ထက် "ဝန်မင်းတို့" ဟုသာ သုံးနှုန်းသည်။

ထို့အပြင် ဘုရင်ထံသို့ စာသွင်းလျှင် "ဘုရားကျွန်တော် မည်သည့်ဝန်ကြီး ဆိုသည်ဘုရား" အစချီ၍သာ ရေးရသည်။ [၁] စာချွန်တော်ပေးလျှင် "ဝန်ကြီးမင်းများစာ" ဟုသာ ရေးသည်။ သီပေါမင်းလက်ထက်တွင် ဝန်ကြီးတို့မှာ "ဝန်ကြီးမင်းများ" ဟုပင် မသုံးနှုန်းရဲ။ "ဝန်မင်းများစာ" ဟုသာ ရေး၍ စာချွန်တော်ပေးသည်။ [၂]

မင်းကြီးဟူသော အခေါ်အဝေါ်ကို အောက်ပါအတိုင်း တွဲဖက်ခေါ်ဝေါ်လေ့ ရှိသည်။

စားရသော မြို့ရွာကိုလိုက်၍ ခေါ်ခြင်း[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက် ဦးမောင်ကလေးသည် ဝန်ကြီးအဖြစ်ကိုရသော် လောင်းရှည်မြို့ကို စားရသည်။ သို့ဖြစ်ရာ လောင်းရှည်မင်းကြီး တွင်၏။ [၃]

အလားတူပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

  • လောင်းရှည်မင်းကြီး ဦးမောင်ကလေး - လောင်းရှည်မြို့စား ဝန်ကြီး
  • ရန်ကုန်မင်းကြီး ဇေယဂါမဏိ ဦးရွှေတောင် - ရန်ကုန်မြို့စား ဝန်ကြီး
  • ရေနံချောင်းမင်းကြီး ဦးစို - ရေနံချောင်းမြို့စား ဝန်ကြီး
  • ခန်းပတ်မင်းကြီး ဦးရွှေမောင် - ခန်းပမြို့စား ဝန်ကြီး

အလုပ်ဌာနကိုလိုက်၍ ခေါ်ခြင်း[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် ဦးကောင်းသည် ဝန်ကြီးအဖြစ်နှင့် ကင်းဝန်အရာကိုပါ တွဲယူရသည်။ ထို့ကြောင့် ကင်းဝန်မင်းကြီး ခေါ်သည်။ [၄]

အလားတူပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

  • ဆင်မင်းဝန်ကြီး ဦးမှုံ - ဆဒ္ဒါန်ဆင်မင်းဝန် ဝန်ကြီး
  • ဒိုင်းဝန်မင်းကြီး ဦးရွှေအို - ဒိုင်းဝန် ဝန်ကြီး
  • တောင်မင်းကြီး ဦးရွဲ - လက်ျာဝင်းမှူး ဝန်ကြီး
  • အသည်ဝန်မင်းကြီး ဦးသာ - အသည်ဝန် ဝန်ကြီး

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်မောင်တင်၊ ဦး။ "ရွှေနန်းသုံးဝေါဟာရအဘိဓာန်"။ ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၇၅၊ ဒီဇင်ဘာ။
  2. တင်၊ ဦး၊ ပုဂံဝန်ထောက်။ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့်ဘိုးတော်ဘုရား၏ရာဇသတ်ခေါ်သောအမိန့်တော်တမ်းကြီး"၊ တတိယပိုင်း။ ဗဟိုပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၇၀။
  3. သိန်း၊ ဆရာ၊ မှော်ပီ။ "ပညာယှိကြီးများအကြောင်း"။ ပညာအလင်းပြစာပုံနှိပ်တိုက်၊ နတ်တလင်း။
  4. တင်နိုင်တိုး။ "ကုန်းဘောင်ခေတ်မင်းမှုထမ်းအဘိဓာန်"။ ပန်းဝေဝေစာပေ၊ ရန်ကုန်။ ၂၀၁၂၊ ဩဂုတ်။