မင်

ဝီကီပီးဒီးယား မှ
ဂျာမနီနိုင်ငံမှ မှင်ဆေးပုလင်းများ

ကမ္ဘာပေါ်တွင် စာရေးသားမှု ပေါ်လာချိန်မှစ၍ လူတို့သည် စာရေးသားရာ၌လိုအပ်သော ပစ္စည်းကို ကြံဆကြသည်။ တစ်ခါရေးထားလျှင် ကာလကြာမြင့်သော်လည်း ပျက်ပြားသွား ခြင်းမရှိအောင် မည်သည့်ပစ္စည်းသုံးရမည်ကို စမ်းသပ် တီထွင်ကြသည်။ တရုတ်နိုင်ငံတွင် စက္ကူလုပ်ငန်းစတင်တီထွင်သည့် အချိန်နှင့် တစ်ခေတ်တည်းလိုပင် မင်များကိုတီထွင်ဖော်စပ်ခဲ့ကြ၏။ မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကို အတိအကျ မပြောနိုင်သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝဝဝကျော်လောက်က မင်ဖြင့်ရေးသားခဲ့သော အီဂျစ်နိုင်ငံမှ လက်ရေးစာမူ တစ်ခုကို ယခုတိုင်တွေ့ရှိရာ မင်သည် နှစ်ပေါင်း ၄ဝဝဝကျော် လောက်ကပင် စတင်ပေါ်ခဲ့သည်ဟု ယူဆရ၏။ ထိုမင်ကို မည် သို့စပ်၍လုပ်ကိုင်ခဲ့ပုံ အတိအကျ မသိရသော်လည်း မီးသွေးမှုန့် နှင့် ကော် ရောစပ်ပြုလုပ်သည်ဟု ယူဆရသည်။ ခရစ်မပေါ်မီ နှစ်ပေါင်း ၁၂ဝဝ ခန့်က တရုတ်နိုင်ငံ၌ တီထွင်ဖော်စပ်သော မင်တစ်မျိုးကား ဆီမှိုင်းကို နွားသားရေ၊ မြည်းသားရေတို့မှ ရရှိသော ကော်နှင့် ရောစပ်ကာ ခပ်ပျစ်ပျစ်နယ်ပြီးလျှင် အခဲများ၊ အတောင့်များ ဖြစ်အောင် ပြုလုပ်ရသည်။ ထိုမင်မျိုးမှာယခုတိုင် ပန်းချီဆရာများသုံးသော ပုံဆွဲမင်နက်မျိုးဖြစ်သည်။ ယင်းမင်မျိုး အကောင်းစားကို ယခုတိုင် တရုတ်နှင့်ဂျပန်နိုင်ငံတို့တွင် ပြုလုပ် လျက်ရှိသည်။ ရှေးအခါက စာရေးသူများသည် မင်များကို မိမိ တို့ကိုယ်တိုင် တီထွင်ဖော်စပ်ရေးသားခဲ့၍ ထိုမင်စပ်နည်းများကို မိတ်ဆွေအချင်းချင်း နည်းပေးခဲ့ကြသည်။ သို့ရာတွင် ထိုမင်မျိုး ကား ရေးသားရာတွင် သွက်လက်ခြင်း မရှိလှချေ။ နေထိသော်လည်း အရောင်မှိန်သွားခြင်းမရှိသော မင် တစ်မျိုးမှာ သစ်ဖုများမှပြုလုပ်သော မင်ဖြစ်သည်။ ယင်း သစ်ဖု များမှလုပ်သော မင်သည် အကောင်းဆုံးဖြစ်၍ ရှေးရာစုနှစ် ပေါင်းများစွာကပင် ပြုလုပ်ခဲ့ကြသည်။ အသုံးပြုသော သစ်ဖု များကား အာရှမိုင်းနားကျွန်းဆွယ်ကြီးတွင် တွေ့ရသောဝက်သစ် ချပင်မျိုးမှရသော သစ်ဖုများဖြစ်သည်။ အရွယ်မှာ ပင်ပေါင် ဘော်လုံးငယ်ခန့်ရှိသည်။ နကျယ် ကောင်ကဲ့သို့သော သစ်ဖုပိုး ကောင်ကလေးသည် ပျော့သောသစ်ခက်များကို ဖောက်၍ ဥများ အု၏။ ထိုအပေါက်ပေါ်တွင် အပွေးတက်သကဲ့သို့ အဖုထွက်လာ ရာ တစ်ခါတစ်ရံ ထိုအဖုသည် အချင်းတစ်လက်မခန့် ရှိလာ သည်။ ဤအဖုများတွင် မင်လုပ်ရာ၌ အလွန်အဖိုးတန်သော အ ဖန်ဓာတ်အမြောက်အမြား ပါရှိသည်။

အကောင်းစား မင်နက် ဖော်စပ်နည်းမှာ သစ်ဖုမှုန့် တစ်ပေါင်၊ ရေဆူဆူတစ်ဂါလန်၊ ရေတွင်ဖျော်ထားသော ဒုတ္ထာ စိမ်း (သံဒုတ္ထာ)ခေါ် ဖဲရတ်ဆာလဖိတ် ရည် ၅ ၁/၃ အောင်စ၊ ထနောင်းစေးရည် ၃ အောင်စနှင့် ကာဗိုလစ်အက်ဆစ်ရည်အ စက်အနည်းငယ်တို့ဖြစ်သည်။ ပထမတွင် သစ်ဖုမှုန့်များကို ရေဆူဆူတွင် နှစ်ဆယ့်လေးနာရီကြာမျှ စိမ်ထားရသည်။ ထိုမှရသည့် အရည်ကိုစစ်ယူလိုက်၏။ ထိုနောက် သစ်ဖုရည်ထဲသို့ သံ ဒုတ္ထာစိမ်း၊ ထနောင်စေးနှင့် ကာဗိုလစ်အက်ဆစ်ရည် ရောထည့် လိုက်သည်။ ဤတွင် လိုအပ်သော မင်ကို ရရှိလေသည်။ တစ်ခါတစ်ရံ အနောက်အိန္ဒိယကျွန်းစုမှလာသော လော့ ဂဝုခေါ် သစ်တစ်မျိုးကို သစ်ဖုများအစား အသုံးပြုကြသည်။ သို့သော် ထိုမှရသောမင်မှာ အနည်းငယ်ညံ့၏။ ဖန်ရည်ဓာတ်ပါ သော အခြားဖန်ရည်များကို ဒုတ္ထာစိမ်းနှင့် ရော၍လည်း မင် ဖော်စပ်ကြသည်။ ဤမင်သည် မည်သည့်အခါမှ အနည်ထိုင် ခြင်း၊ ပျစ်ခဲခြင်းမရှိချေ။ သစ်ဖုများမှရသော မင်လောက် မစွဲ သော်လည်း ဖောင်တိန်တွင်ထည့်၍ အသုံးပြုရန် အထူးသင့် လျော်ပေသည်။ မင်အရောင်အမျိုးမျိုးကို အင်နီလင်ဆိုးဆေးဖြင့် ပြုလုပ်နိုင်သည်။ မင်နီရအောင် ဖော်စပ်ပုံမှာလည်း အံဩဖွယ်ကောင်းလှ ပေသည်။ မက္ကဆီကိုနှင့် ပီးရူးနိုင်ငံတို့၌ပေါက်သော ရှားစောင်း ပင်များတွင် တက်နေလေ့ရှိသော ရိုချီနီယမ်ခေါ် ပိုးကောင်အနီ များကို ခြစ်ယူ၍ အမှုန့်ပြုပြီးလျှင် မင်နီပြုလုပ်ကြသည်။ အချို့ မင်နီများမှာ အမေရိကအလယ်ပိုင်းနှင့် တောင်အမေရိကတို့၌ ပေါက်သော ဗရာဇီးသစ်မှ အဆီထုတ်၍ ဖော်စပ်သည်ကများ သည်။ သို့သော် ပိုးကောင်များမှလုပ်သော မင်နီလောက် မကောင်းချေ။ မှိန်လွယ်၍ အရောင်မှာလည်း ကြက်သွေးရောင် မကျဘဲရှိသည်။

စာရွက်ပေါ်၌ ရေးသော်လည်း စာသားကို မမြင်ရသော မင်တစ်မျိုးရှိရာ ယင်းကို ရှေးက လျှို့ဝှက်သည့်ကိစ္စများ၌ အ သုံးပြုသောကြောင့် လျှို့ဝှက်မင် ဟုလည်းခေါ်သည်။ ဤနည်း ဖြင့်ရေးသားထားသော အရေးကြီးသည့် စာရွက်စာတမ်းမျာသည် ရန်သူ့မျက်စိအောက်မှ လွတ်ခဲ့၍ လိုရာသို့ ချောမောစွာ ပို့နိုင် ခဲ့လေသည်။ လူသုံးများသည့် လျှို့ဝှက်မင်လုပ်နည်းတစ်မျိုးမှာ လက်အက်ဆက်တိတ်အရည်ဖြင့် စာရွက်ပေါ်တွင် ရေးခြင်းဖြစ် သည်။ ထိုမင်နှင့်ရေးသည့်အခါ စာသားမထင်ဘဲ ဆာလဖျူရက် တက်ဟိုက်ဒြိုဂျင် ( ဟိုက်ဒြိုဂျင်ဆာလဖိုက် ) နှင့် တွေ့ထိ သောအခါမှ မည်း၍ ပေါ်လာသည်။ ကိုဗာ့နိုက်ထရိတ်ရည်နှင့် ရေးထားသောစာသည် အောက်ဇဲလစ်အက်ဆစ်ရည်နှင့် တွေ့ထိလိုက်သောအခါ အပြာရောင် ပေါ်လာသည်။ ကိုဗော့ကလိုရိုက်(ဒ)၊ သို့မဟုတ် နိုက်ထရိုကလိုရိုက်(ဒ)သည် အပူနှင့်တွေ့သောအခါ အစိမ်းရောင်ပေါ်လာ၏။ အိန္ဒိတပ်တွင်းပုန်ကန်မှု ကြီးအတွင်းက အမိန့်စာများနှင့် ချောစာများကို တစ်ခါတစ်ရံ ဆန်ဆေးရည်နှင့်ရေး၍ အိုင်အိုဒင်းရည်နှင့်သုတ်၍ ဖတ်ရသည်။ လျှို့ဝှက်စာများကို စာသားမမြင်အောင် ရေးရာ၌ အသုံးပြုသော မင်တစ်မျိုးကား ရှောက်ရည်ဖြစ်၏။ အသွားချွန်သော ကလောင် သွားဖြင့် ရှောက်ရည်ကိုတို့၍ စက္ကူပေါ်တွင် ရေးသည့်အခါ မမြင်ရသော်လည်း မီးကင်၍ဖတ်လျှင် အညိုရောင်စာလုံးများ ပေါ်လာသည်။

မင်မျိုးထဲတွင် စိတ်ဝင်စားဖွယ် အကောင်းဆုံး မင် တစ်မျိုးမှာ ကင်းမွန်မှရသော မင်ဖြစ်သည်။ ကင်းမွန်မျိုးဟုခေါ် သောအရုပ်ဆိုးသည့် ပင်လယ်သတ္တဝါကောင်၏ ကိုယ်အောက် တွင် အညိုနက်ရောင် အရည်ပါသော အိတ်တစ်ခုရှိသည်။ ဤ သတ္တဝါသည် ရန်သူနှင့်တွေ့သည့်အခါ ဤအရည်နှင့် ပက် သည်။ ရှေးရောမလူမျိုးတို့သည် ဤအညိုရောင်အရည်ကို မင် လုပ်၍ ရေးကြသည်။

ပုံတူကူးမင်များသည် သာမန်မင်များဖြစ်သော်လည်း ရေနည်းနည်းထည့်၍ အရောင်ဆေးများများနှင့် ထနောင်းစေး၊ ဂလစ်ဆရင်းစသော ပစ္စည်းများများထည့်၍ ပြုလုပ်သော မင် ဖြစ်သည်။ အထည်အဝတ်မှရသော မင်တစ်မျိုးရှိသေး၏။ ဤ မင်ကို ဆီလဗာနိုက်ထရိတ်မှ သင့်အောင်စီမံ၍ ပြုလုပ်ထား သည်။ ကြာရှည်ခံသော်လည်း တဖြည်းဖြည်း မှိန်သွားတတ် သည်။ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာ စသည်တို့ကို ပုံနှိပ်ရာ၌ သုံးသော ပုံနှိပ်မင်တစ်မျိုးလည်း ရှိသေးသည်။ ယင်းမင်သည် လေး၍မည်းနက်၏။ အလွန်စေးကပ်၍ မွှေးသောအနံ့လည်း ရှိ ၏။ ကောင်းသော ပုံနှိပ်မင်သည် ပုံနှိပ်စက် မင်လှိမ့်တုံး (မင် လုံး)ပေါ်တွင်ညီညီပြန့်၍ ခဲစာလုံးများပေါ်တွင် ထင်ထင်ထိရ မည်ဖြစ်သည်။ အကောင်းဆုံး ပုံနှိပ်မင်စပ်နည်းများမှာ ကာဗွန် မှိုင်း၊ သို့မဟုတ် ဓာတ်ငွေ့မှိုင်းကို ဘီသွာဆီဖြင့် ရောစပ်၍ ဖော် ကြသည်။ သစ်စေးဆီကိုလည်း အများအားဖြင့် အသုံးပြုကြ သည်။ အိမ်သုံးဆပ်ပြာလည်း ထည့်၍အသုံးပြုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)