မက်အာသာ၊ ဒေါက်ဂလပ်
ဒေါက်ဂလပ် မက်အာသာ(အင်္ဂလိပ်: Douglas MacArthur; ၂၆ ဇန်နဝါရီ ၁၈၈၀ - ၅ ဧပြီ ၁၉၆၄) သည် ဒုတိယကမ္ဘာစစ် အတွင်း ကမ္ဘာ့အရှေ့ပိုင်းစစ်မျက်နှာတွင် အလွန်ထင်ရှားကျော်ကြားခဲ့သော ကြယ်ငါးပွင့် အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။အမေရိကန်စစ်သမိုင်းတွင် အသက်အငယ်ဆုံး ဗိုလ်ချုပ် အဖြစ်လည်း မှတ်တမ်းတင်ခံထားရသည်။[၁]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]မက်အာသာသည် ၁၈၈ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ အာကင်ဆောပြည်နယ် ရှိ လစ်တဲရော့မြို့ စစ်တန်းလျားတွင် မွေးဖွားသူဖြစ်သည်။ သူ၏ ဖခင်မှာ အမေရိကန် ပြည်တွင်းစစ်ပွဲ၊ စပိန်-အမေရိကန်စစ်ပွဲတို့တွင် ထင်ရှားခဲ့သော ဗိုလ်ချုပ်ကြီး အသာသာ မက်အာသာဖြစ်၏။ ဒေါက်ဂလပ် မက်အာသာမှာ ငယ်စဉ်မှစ၍ စစ်သားများနှင့် လက်ပွန်းတတီး နေခဲ့ရသူဖြစ်သည်။ ဝက်စပွိုင့် စစ်တက္ကသိုလ် သို့ ဝင်ခွင့်ရပြီးနောက် ၁၉ဝ၃ ခုနှစ်တွင် ထူးချွန်စွာ ဘွဲ့ထူး ဆွတ်ခူးခဲ့လေသည်။ [၂]
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]အမေရိကန်ပြည်ထောင်စု စစ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဖိလစ်ပိုင်ကျွန်းစုတွင် စစ်မှုထမ်းခဲ့သည်။ ၁၉ဝ၆ ခုနှစ်တွင် သမ္မတကြီး သီအိုဒို ရုစဗဲ့ ၏ သက်တော်စောင့်အဖြစ် တစ်နှစ်ခန့်ဆောင်ရွက်ခဲ့ရ၏။
အမေရိကန်ပြည်ထောင်စုနိုင်ငံသည် ပထမကမ္ဘာစစ် တွင် စတင်ပါဝင်လိုက်သော အချိန်၌ မက်အာသာမှာ ဗိုလ်မှူးဖြစ်နေလေပြီ။ ၁၉၁၈ ခုနှစ်တွင် ပြင်သစ်စစ်မျက်နှာသို့ ချီတက်ခဲ့ရသော နာမည်ကျော် သက်တံတပ်မ (အမှတ် ၈၄ တပ်မ) တွင် စစ်ဦးစီးချုပ်အဖြစ် လိုက်ပါသွားခဲ့ရလေရာ သူ၏စွမ်းရည်နှင့် သူရသတ္တိများကို ဖော်ပြခွင့် ရခဲ့လေသည်။ တိုက်ပွဲများတွင် ၂ ကြိမ်ဒဏ်ရာရခဲ့၍ တစ်ကြိမ်အဆိပ်ငွေ့သင့်ခဲ့သည်။ သူရဲကောင်းတံဆိပ်အများအပြားနှင့် အထူးတလည်ဂုဏ်ပြုချီးကျူးခြင်း ခံရသည်။ ထို့နောက် တပ်မဟာကိုအုပ်ချုပ်ရသော ဗိုလ်မှူးချုပ် အဖြစ်တိုးမြှင့်ခန့်ထားခြင်း ခံခဲ့ရ၏။ စစ်ပြီးသောအခါ အမေရိကန်ပြည်ထောင်စုသို့ ပြန်လာရပြီးနောက် ဝက်စပွိုင့် စစ်တက္ကသိုလ် တွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့ရလေသည်။ ၁၉၂၂ ခုနှစ် မှစ၍ ၃ နှစ်တိုင်တိုင် ဖိလစ်ပိုင်ကျွန်းစုတွင် ဖိလစ်ပိုင်တပ်မမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၅ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အဖြစ် ခန့်ထားခြင်းခံရခဲ့ရာ အမေရိကန်စစ်သမိုင်းတွင် အသက်အငယ်ဆုံးနှင့် ထိုရာထူးမျိုးကို ထမ်းရွက်ခဲ့ရသူ ဖြစ်ပေသည်။
၁၉၂၈ ခုနှစ်မှ ၁၉၃ဝ ပြည့်နှစ်အထိ ဖိလစ်ပိုင်ကျွန်းရှိ အမေရိကန်တပ်များကို အုပ်ချုပ်ခဲ့ရသည်။ ၁၉၃ဝ ပြည့်နှစ် နို ဝင်ဘာလ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးအဆင့်အတန်းဖြင့် အမေရိကန်စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရလေသည်။ ထို ရာထူးခန့်ထားခြင်း ခံရသောသူများတွင်လည်း မက်အာသာမှာ အသက်အငယ်ဆုံးပင် ဖြစ်ခဲ့၏။ အမေရိကန်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ထမ်းရွက်ခဲ့စဉ် နိုင်ငံကာကွယ်ရေးအတွက် အင်အားဖြည့်တင်းရန် ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းပြောဆိုခဲ့၏။ အမေရိကန်တပ်မတော်ကိုလည်း လျင်မြန်နိုင်သမျှလျင်မြန် စွာ ခေတ်မီလာအောင် ကြိုးပမ်းခဲ့လေသည်။ ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် စစ်ဦးစီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတ၏ တောင်းဆိုချက်အရ ဖိလစ်ပိုင်အစိုးရ၏ စစ်မှုရေးရာ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဖိလစ်ပိုင်တပ်မတော်၏ စစ်သူကြီးအဖြစ် ခန့်ထားခြင်းခံရသည်။ မက်အာသာ သည် ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၌ စစ်တပ်မှ အငြိမ်းစားယူလိုက်သော်လည်း ဖိလစ်ပိုင်သမ္မတက သူ့အား ဖိလစ်ပိုင်တပ်ပေါင်းစု၏ အကြီးအကဲအဖြစ် ဆက်လက်ထားရှိခဲ့၏။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖိလစ်ပိုင်စစ်တပ် အားလုံးကို အမေရိကန်တပ်မတော်ထဲသို့ သွတ်သွင်းလိုက်သောအခါ၊ သမ္မတ ဖရန်ကလင်ရူးဇဗဲ့က မက်အာသာအား ဗိုလ်ချုပ်ကြီး အဆင့်အတန်းဖြင့် အရှေ့ဖျားရှိ အမေရိကန်ပြည်ထောင်စု၏ စစ်တပ်များကိုအုပ်ချုပ်ရန် တာဝန်လွှဲအပ်ခဲ့လေသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဖိလစ်ပိုင်ကျွန်းစုကို ဂျပန်တို့က တိုက်ခိုက်သည့်အချိန်၌ မက်အာသာအား ဗိုလ်ချုပ်မှူးအဖြစ် သမ္မတ ရူးဇဗဲ့က ပြန်လည်ခန့်အပ်လေသည်။ မက်အာသာသည် ဖိလစ်ပိုင်နှင့် အမေရိကန်တပ်ပေါင်းစုတို့ကိုပေါင်းကာ ဂျပန်တပ်များကို ခုခံတိုက်ခိုက်ခဲ့၏။ သို့သော် အင်အားချင်းမမျှသဖြင့် နောက်သို့တဆုတ်တည်း ဆုတ်ခဲ့ရလေသည်။ ပထမ၌ ဗာတန်းကျွန်းဆွယ်သို့ ဆုတ်ခဲ့ပြီးနောက် ကော်ရက်ဂျီဒေါ် ခံတပ်ကျွန်း သို့ဆုတ်ခဲ့ရ၏။ ထိုသို့ ဆုတ်ခဲ့ယင်း ၃ လကြာမျှ ဂျပန်တို့ မနီလာပင်လယ်အော်ကို အသုံးမပြုနိုင်အောင် စွမ်းဆောင်ပေးခဲ့ သည်။ ထို့ပြင် ထိုသို့အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သဖြင့် မက်အာသာမှာ ကွန်ဂရက် ဂုဏ်ထူးဆောင်တံဆိပ် အပ်နှင်းခြင်းခံရ၏။ လူ အမြောက်အမြား အဆုံးအရှုံးခံကာ အမေရိကန်တို့ကို ဖိလစ်ပိုင်ကျွန်းများမှ မောင်းထုတ်ရန် ကြိုးပမ်းခဲ့သော ဂျပန်ဗိုလ်ချုပ်မှာကား အကြံမအောင်သဖြင့် ကိုယ့်ကိုကိုယ် သတ်သေခဲ့သည်ဟု ဆိုလေသည်။
၁၉၄၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် သမ္မတ ရူးဇဗဲ့ ၏အမိန့်အရ မက်အာသာသည် သူ၏ဇနီးသည်နှင့် သားငယ်ကို ခေါ်ဆောင်ကာ ကောက်ရက်ဂျီဒေါ်ကျွန်းမှ တိုပီဒိုသင်္ဘောဖြင့် တိတ်တဆိတ်ထွက်ခွာခဲ့ပြီးနောက် ဖိလစ်ပိုင်တောင်ပိုင်းတစ်နေရာသို့အရောက်တွင် လေယာဉ်ပျံဖြင့် ဩစတြေးလီးယားသို့ထွက်ခွာခဲ့ရလေသည်။ မက်အာသာမှာ ပစိဖိတ်တောင်ပိုင်း မဟာမိတ် တပ်များ၏ သေနာပတိအဖြစ်ဆောင်ရွက်ရန် ထွက်ခွာခဲ့ရခြင်း ဖြစ်ပေသည်။ သို့သော် မက်အာသာသည် ဖိလစ်ပိုင်မှ မခွာလိုလှချေ။ သူ၏လူများကို ကျွန်ုပ်ပြန်လာခဲ့မည် ဟု ကတိပြုထားခဲ့၏။ ထို့နောက် အစစအရာရာ အသင့်ဖြစ်အောင် ပြင်ဆင်ပြီးနောက် ၁၉၄၂ ခုနှစ် ကုန်ခါနီးမှစ၍ ဂျပန်တို့ကို စတင် ထိုးစစ်ဆင်ခဲ့လေသည်။ ထိုအခါ နယူးဂင်နီဖက်မှ ဝင်လာသော ရန်သူများ တန့်သွားပြီနောက် အမေရိကန်တပ်များသည် ဆော်လမွန်ကျွန်းပေါ်သို့ တက်ရောက်နိုင်ခဲ့ကြလေသည်။ ၁၉၄၃ ခုနှစ်အကုန်တွင် မက်အာသာ အုပ်ချုပ်သောတပ်များသည် နယူး ဂင်းနီအရှေ့ပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်ပြင် ဆော်လမွန်ကျွန်းများနှင့် နယူးဗြိတိန်ကျွန်းပေါ်ရှိ ဂျပန်တပ်များကိုလည်း အခြေယိုင်အောင် ပြုနိုင်ခဲ့လေသည်။ ၁၉၄၄ ခုနှစ်တွင်ကား မက်အာသာသည် ဂျပန်များကို ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများမှတဖြည်းဖြည်း ရှင်းလင်းပစ်ခဲ့လေသည်။ ထို့ပြင် ဖိလစ်ပိုင်ကျွန်းစုတွင် ယခင်က မက်အာသာ သင်ကြားလေ့ကျင့်ပေးခဲ့သော ဖိလစ်ပိုင်ကျွန်းသားများသည် ပြောက်ကျားစနစ်ဖြင့် ဂျပန်တို့ကိုတော်လှန်ခဲ့ရာ ထိုပြောက်ကျားတို့အား မက်အာသာ က လက်နက်များပေး၍ ကူညီခဲ့သည်။ သို့ဖြင့် ထိုနှစ်အကုန်တွင် ဖိလစ်ပိုင်ကျွန်းစုသည် ဂျပန်တို့လက်အောက်မှ လွတ်မြောက်ခဲ့ရလေသည်။ ၁၉၄၅ ခုနှစ် နွေဦးပေါက်တွင် မက်အာသာသည် ဗိုလ်ချုပ်မှူး အဆင့်အတန်းဖြင့် ပစိဖိတ်အနောက်ပိုင်းရှိ အမေရိကန်တပ်ပေါင်းစု စစ်သေနာပတိအဖြစ် ခန့်ထားခြင်း ခံရလေ သည်။ ထို့ပြင် ဗိုလ်ချုပ်မှူးအဖြစ် သူဆောင်ရွက်ရမည့် တာဝန်မှာ ဂျပန်ကျွန်းစုကို တိုက်စစ်ဆင်ရန် ဖြစ်သည်။
ထိုသို့ တိုက်စစ်ဆင်ရန် အစီအစဉ်များပြုလုပ်နေဆဲ တွင် သမ္မတသစ် ထရူးမင်းက ဂျပန်တို့သည် မဟာမိတ်တို့၏ လက်နက်ချရေးစည်းကမ်းများကို လက်ခံကြောင်းနှင့် မက်အာသာအား ဂျပန်တို့လက်နက်ချသည်ကို ခံယူရန်နှင့် ဂျပန်ပြည်ကို အုပ်ချုပ်ရန် မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်အဖြစ် ခန့်ထားကြောင်း ကြေညာလိုက်လေသည်။ သို့ဖြစ်၍ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် တိုကျိုပင်လယ်ကွေ့၌ ကျောက်ချနေသော မိဘူးရီ စစ်သင်္ဘောကြီးပေါ်တွင် ဗိုလ်ချုပ်မှူး မက်အာသာသည် ဂျပန်တို့ချွင်းချက်မရှိ လက်နက်ချသည်ကို ခံယူလေသည်။
ထို့နောက် တိုကျိုမြို့တွင် ဌာနချုပ်ထားရှိ၍ ဂျပန်နိုင်ငံ စစ်အုပ်ချုပ်ရေးကို တာဝန်ခံကာ ကြိုးကိုင်ခဲ့၏။ မက်အာသာ သည် ဂျပန်စစ်အင်အားကို လျှော့ရန်နှင့် ဂျပန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန် စတင်လုံးပန်းခဲ့လေသည်။ သူ၏ အမိန့်အရ အမျိုးသမီးများ မဲဆန္ဒပေးနိုင်ရေး၊ မြေပိုင်စနစ်ပြုပြင်ရေး စသည့်လူမှုရေးရာ ပြုပြင်မှုများကို ဂျပန်တို့သည် လက်ခံခဲ့ရသည်။ မက်အာသာ၏ တည်ကြည်သော အမူအရာ၊ မျှတသောအပြုအမူတို့ကြောင့် ဂျပန်တို့သည် သူ့အားလေးစား ကြည်ညိုသည်ဟု ဆိုလေသည်။
၁၉၄၇ ခုနှစ် လောက်တွင် မက်အာသာသည် အမေရိကန်ပြည်ထောင်စုနိုင်ငံတွင်လည်း ထင်ရှားကျော်ကြားလာပြီး လျှင် သူ့အား သမ္မတလောင်းတစ်ဦးအဖြစ် ရီပတ်ဗလစ်ကင်ပါတီမှ တင်မြောက်ကြရန်ပင် စိုင်းပြင်ခဲ့လေသည်။ သို့ရာတွင် မက်အာသာကမူ မိမိသည် မည်သည့်ရာထူးကိုမျှ မရည်ရွယ်ကြောင်း၊ သို့သော် တိုင်းပြည်ကလိုလားသည်ဆိုလျှင် မည်သည့် တာဝန်ကိုမဆို ထမ်းဆောင်ရန် ငြင်းဆိုမည် မဟုတ်ကြောင်း ပြန်ကြားပြောဆိုခဲ့လေသည်။
၁၉၅ဝ ပြည့်နှစ်တွင် စတင် ဖြစ်ပွားခဲ့သော ကိုရီးယား စစ်ရေးကိစ္စတွင် မက်အာသာ၏အမည်သည် ထင်ရှားသည်ထက် ထင်ရှားလာသည်။ မက်အာသာသည် ကုလသမဂ္ဂတပ်များ၏ စစ်သေနာပတိချုပ်အဖြစ် ခန့်ထားခြင်းခံရလေသည်။ သို့ရာတွင် ၁၉၅၁ ခုနှစ် နှစ်ဦးပိုင်းတွင် တရုတ်နီတို့ စစ်ထဲသို့ဝင်လာသည့်အခါ မက်အာသာသည် စစ်ဆင်မှုနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရနှင့်လည်းကောင်း၊ ကုလသမဂ္ဂစစ်တပ်နှင့်လည်းကောင်း သဘောမညီမညွတ် ဖြစ်လာသည်။ မက်အာသာ၏ ဝါဒမှာ တရုတ်ကွန်မြူနစ်တို့ကို ချေမှုန်းနိုင်ရန် တရုတ်နီပြည်မကို ဦးစွာ တိုက်ခိုက်ချေမှုန်းရမည် ဟူ၍တည်း။ ထို့ကြောင့် တရုတ်နီပြည်မကို တိုက်ခိုက်ရန် စစ်မျက်နှာဖွင့်သင့်ကြောင်းကို ဖွင့်ဆို ကြေညာ၏။ အမေရိကန်အစိုးရကမူ တတိယကမ္ဘာစစ်ကြီး ဖြစ်ပေါ်ရေးကို အားပေးရာရောက်မည်ဟု ယူဆလျက် သဘောမတူ ဘဲရှိ၏။ သို့ဖြစ်၍ သမ္မတထရူးမင်းက မက်အာသာကို ပြည်ထောင်စု၏ဝါဒကို ဆန့်ကျင်သည်ဟု စွပ်စွဲကာ သေနာပတိချုပ် ရာထူးမှ ဖြုတ်ချပြီးလျှင် သူ၏နေရာတွင် ဗိုလ်ချုပ်မှူး ရစ်ဂျဝေး ကို ခန့်ထားခဲ့သည်။ မက်အာသာမှာ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်၊ အရှေ့ဖျား အမေရိကန်တပ်မှူးကြီး စသည့် ရာထူးများမှ ဖြုတ်ချခြင်းခံရသော်လည်း ဗိုလ်ချုပ်မှူး အဆင့်အတန်းနှင့် လစာများကား တစ်သက်ပန် ရမြဲရရှိခဲ့၏။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဒေါက်ဂလပ် မက်အာသာသည် နယူးယော့မြို့တွင် နေထိုင်ခဲ့ရာမှ နာမကျန်းဖြစ်လာ၍ ၁၉၆၄ ခုနှစ် မတ်လ ၂ ရက် နေ့တွင် ဝေါ်လတာရိဆေးရုံသို့ တက်ရောက်ခွဲစိပ်ကုသခဲ့ရသည်။သို့သော် သက်သာခွင့်မရဘဲ၊ ဧပြီလ ၅ ရက်နေ့တွင် ကွယ်လွန်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "The Years of MacArthur"၊ 4 October 1970။
- ↑ "The Philippines: Sentimental Journey"။ Time။ 14 July 1961။ 27 June 2022 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)