မာတိကာသို့ ခုန်သွားရန်

မက်ဒေါ်နယ်

ဝီကီပီးဒီးယား မှ
ရွှေရောင် အမိုးခုံးနှစ်ခုပေါင်းကာ အင်္ဂလိပ်အက္ခရာ အမ် (M) ပုံစံ ပြုလုပ်ထားသည့် ကုမ္ပဏီတံဆိပ်အား တွေ့ရစဉ်

မက် ဒေါ်နယ် သည် အမေရိကန် အမြန်ရစာရောင်းချသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၁၉၄၀ ခုနှစ်တွင် ကာလီဖိုးနီးယားပြည်နယ်၊ ဆန် ဘမ်နာဒီနို ရှိ ရစ်ချတ် နှင့် မောရစ် မက်ဒေါ်နယ် ညီအစ်ကိုတို့ ဖွင့်သည့် စားသောက်ဆိုင်မှ စတင်သည်။ ထို့နောက် အသားညှပ်ပေါင်မုန့်ဆိုင် အဖြစ် အမည်ပြောင်းသည်။ နောင်သော် လုပ်ငန်းပွားနိုင်သည့် ကုမ္ပဏီအဖြစ်သို့ ပြောင်းလိုက်သည်။ ရွှေရောင်အမိုးခုံး တံဆိပ်ကို ၁၉၅၃ ခုနှစ်တွင် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် စတင်မိတ်ဆက်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် စီးပွားရေးသမား ရေး ခရော့ က လုပ်ငန်းပွားကိုယ်စားလှယ်အဖြစ် ဝင်လုပ်သည်။ လုပ်ငန်း၏ အလားအလာကိုမြင်သော ရေး က လုပ်ငန်းတွဲကို မက် ဒေါ်နယ် ညီအစ်ကိုထံမှ ဝယ်ယူလိုက်သည်။ မူလရုံးချုပ်မှာ အီလီနွိုက်ပြည်နယ်၊ ဘရွစ် မြို့၌ ထားရာမှ ၂၀၁၈ အစောပိုင်းတွင် နိုင်ငံတကာရုံးချုပ်အဖြစ် ချီကာဂိုသို့ ပြောင်းရွှေ့လိုက်သည်။

အမြတ်အစွန်းများအရ မက် ဒေါ်နယ် သည် ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင်တွဲ ဖြစ်လျက်ရှိသည်။ နိုင်ငံပေါင်း တစ်ရာကျော်တွင် ဝယ်ယူသူ (၆၉) သန်းကျော်အား ဝန်ဆောင်မှုပေးလျက် ရှိသည်။ ၂၀၁၆ ခုနှစ်ထုတ် စာရင်းအရ ဆိုင်ခွဲပေါင်း (၃၆ ၉၀၀) ခန့် ရှိသည်။ မက် ဒေါ်နယ် အား အသားညှပ်ပေါင်မုန့်ဖြင့် လူသိများသော်လည်း ဒိန်ခဲညှပ်ပေါင်မုန့်၊ ကြက်သားဖြင့်လုပ်သည့် အစာများ၊ အာလူးကြော်၊ နံနက်စာများ၊ အချိုရည်များ၊ နို့စပ်ဖျော်ရည်များ၊ ပေါင်မုန့်လိပ်နှင့် အချိုတည်းစရာများကိုလည်း ရောင်းချသည်။ မုန့်စာရင်းပါ အစားအစာများရှိ အဆီနှင့် အချိုများမှုကြောင့် စားသုံးသူများ၏ ဝေဖန်မှု ခံရပြီးနောက် အသုပ်၊ ငါး၊ ဖျော်ရည်ပျစ် နှင့် သစ်သီးများကိုပါ တွဲဖက်ရောင်းချနေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်သည့် ဘီဘီစီ ပြန်တမ်းအရ ဝေါမတ် နောက်တွင် ဒုတိယမြောက် ဝန်ထမ်းအင်အား အများဆုံးလုပ်ငန်း ဖြစ်ပြီး ဝန်ထမ်းပေါင်း (၁.၉) သန်း ရှိသည်။ အဆိုပါအရေအတွက်မှ (၁.၅) သန်းမှာ လုပ်ငန်းပွားများတွင် လုပ်ကိုင်နေကြသည်။