မက်တားလင့်

ဝီကီပီးဒီးယား မှ
မောရစ် မက်တားလင့်

မောရစ်မက်တားလင့်(ခရစ် ၁၈၆၂ - ၁၉၄၉)သည် ဗဲလဂျီယန်လူမျိုး ဖြစ်၍ ပြဇာတ်ရေးဆရာ၊ စာမွန်ဆရာ၊ ယထာဘူတပညာရှင်၊ သဘာဝပညာရှင်အဖြစ်ဖြင့် ထင်ရှား၏။ မက်တားလင့်သည် ခရစ် ၁၈၆၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဂင့်မြို့၌ မွေးဖွားသည်။ ဂင့်မြို့ရှိ ဂျက်ဇူးအစ်ကျောင်း တစ်ကျောင်းတွင် ပညာဆည်းပူးသင်ကြားပြီးနောက် ဂင့်တက္ကသိုလ်သို့ ဆက်လက်တက်ရောက် သင်ယူလေသည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် ဝတ်လုံဘွဲ့ကိုရသည်။ နောက်တစ်နှစ်တွင် ပါရစ်မြို့သို့ အလည်အပတ်သွားရင်း ဖိလစ်ဗီလျေးဒါလေလဒန်းနှင့် အခြားစာရေးဆရာတို့ နှင့် ပေါင်းဆုံမိကာ ယင်းတို့ဆွဲဆောင်ရာသို့ ပါသွား၏။ အဆိုပါ စာရေးဆရာတစ်စုသည် အနုစာပေတွင် အစစ်ဝါဒကို ဆန့်ကျင်လျက် အဖြစ်မှန်ထက် သဘောမှန်ကို အသားပေးကာ လျှို့ဝှက်နက်နဲသောအကြောင်းများ၊ အနုမာန သဘောတရားများကို ပုံသဏ္ဌာန် သရုပ်ဖော်လျက် သညာဝါဒကို တီထွင်အားပေး ကြသူများ ဖြစ်ကြ၏။ ယင်းစာရေးဆရာတစ်စုနှင့် တွေ့ပြီးသည့်နောက် မက်တားလင့်သည် ဥပဒေပညာကို စွန့်လွှတ်၍ စာပေကို လိုက်စားလေ၏။ ဖခင်သေဆုံးသောအခါ မက်တားလင့်သည် ဗဲလဂျီယမ်နိုင်ငံသို့ ပြန်၏။ ဖခင်ထံမှ အမွေအနှစ်အတော်အသင့် ရရှိသောကြောင့် ကောင်းမွန်ချမ်းသာစွာ နေထိုင်နိုင်၏။ စာပေများကို ရေးသားခြင်းဖြင့် အချိန်ကုန်လွန်စေ၏။

၁၈၉၆ ခုနှစ်တွင် ပါရစ်မြို့သို့ ပြန်လည်သွားရောက် နေထိုင်သော်လည်း ဗဲလဂျီယမ်နိုင်ငံသားအဖြစ်ကိုမူ မစွန့်လွှတ်ချေ။ ၁၉၁၁ ခုနှစ်၌ အနုစာပေအတွက် နိုဘယ်ဆုဖြင့် ချီးမြှင့်ခြင်း ခံရ၏။ ပထမကမ္ဘာစစ်ပွဲကြီးတွင်းက ပြင်သစ်နှင့် ဗဲလဂျီယမ်နိုင်ငံများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင် ထမ်းဆောင်သည်။ ၁၉၃၂ ခုနှစ် အသက် ၇ဝ မြောက် မွေးနေ့တွင် ဗဲလဂျီယမ်ဘုရင်က မက်တားလင့်အား ကောင့်ဘွဲ့ ဖြင့် ချီးမြှင့်မြှောက်စား၏။ မက်တားလင့်သည် အမေရိကန် ပြည်ထောင်စုသို့ ၁၉၁၉ ခုနှစ်က စာပေပို့ချရန်အတွက် တစ်ကြိမ်ရောက်၍ ဒုတိယကမ္ဘာစစ်အတွင်းဖြစ်သော ၁၉၄ဝ ပြည့်နှစ်၌ ပြင်သစ်တို့ လက်နက်ချသောအခါက ဒုတိယအကြိမ် ရောက်ကာ နယူးယော့မြို့တွင် သွားရောက်နေထိုင်သည်။ နှစ်အနည်းငယ်ကြာလျှင် ပြင်သစ်နိုင်ငံသို့ ပြန်၍ သေဆုံးသည့်တိုင်နေထိုင်လျက် မှတ်တမ်းများကို ရေးသားခဲ့သည်။

မက်တားလင့်သည် ဗဲလဂျီယန်လူမျိုးဖြစ်လင့်ကစား သူရေးသားခဲ့သော စာပေများမှာ ပြင်သစ်ဘာသာဖြင့် ဖြစ်၍ ပြင်သစ်တို့ကဲ့သို့ တွေးခေါ်ယူဆ၏။ ရေးသားသော စာပေများမှာ လစ်ရစ်ကဗျာများ၊ ပြဇာတ်များ၊ ယထာဘူတဆန်သော စာမွန်များဖြစ်၏။ သူ၏စာပေများကို ဘာသာခြားသို့ ပြန်ဆိုရေးသားထားရာတွင် လူကြိုက်များ၍ အပြည်ပြည်တွင် ကျော်ကြား၏။ သူ၏စာပေ အမြောက်အမြားကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားပေသည်။ ဝိညာဉ်ဝါဒစွဲစာဆို ဖြစ်သည်နှင့်အညီ သူရေးသားသောစာပေများမှာ တကယ့်လူ တကယ့်အဖြစ်အပျက် အကြောင်း မဟုတ်ဘဲ၊ အပေါ်လွှာအောက်တွင် ဖုံးလွှမ်းလျက်ရှိသော သိမ်မွေ့နက်နဲသည့် စိတ်အာရုံခံစားမှု သဘောမှန်တို့ကို အသွင်သဏ္ဌာန် သရုပ်ဆောင်၍ ပြထား၏။ မက်တားလင့်သည် လူ့လောက၏ လျှို့ဝှက်နက်နဲသော သဘောတရားများကို အထူးအာရုံပြု၍ ဖွဲ့ဆို၏။ မက်တားလင့်၏ စာပေ ကဗျာများသည် လက်ဦးပိုင်းတွင် စိတ်ကူးယဉ်သော်လည်း နောက်ပိုင်းတွင်မူ အစစ်အမှန်ဝါဒ ဆန်လာပေသည်။ မည်သည့်စာတွင်မဆို ထွင်ဉာာဏ်နှင့် အလှအပအာရုံကို ခံစားတတ်ကြောင်း ဖော်ပြပေ သည်။ မက်တားလင့်သည် သူတစ်ပါးစိတ်စွဲအောင် ပြောင်မြောက်စွာ ဖွဲ့ဆိုနိုင်သော စာဆိုကျော်ဖြစ်ပေသည်။

သူရေးသားခဲ့သော စာပေများအနက် ထင်ရှားသော လက်ရာအများအပြားပင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားလျက်ရှိ၏။ ပြန်ဆိုထားသော ပြဇာတ်များမှာ 'မာလိန်း မင်းသမီး' (၁၈၉၂)၊ 'ပယ်လီယတ်နှင့် မယ်လေဇန်း'(၁၈၉၂)၊ 'အယ်လာဒင်းနှင့် ပယ်လီမီဒီး'(၁၈၉၈)၊ 'အက်ဂလာမိန်းနှင့်ဆယ်လီဆက်တီ'(၁၈၉၉)၊ 'ငှက်ပြာ'(၁၉ဝ၉)၊ 'စေ့စပ်ကြောင်းလမ်း မင်္ဂလာ' (၁၉၁၂)၊ 'မုန်တိုင်းဒဏ်'(၁၉၁၆) အစရှိသည်တို့ဖြစ်၏။ စာမွန်နှင့် ယထာဘူတစာပေများအနက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားလျက် ရှိသည်တို့ကား 'ဉာာဏ်ပညာနှင့် ကံကြမ္မာ'(၁၈၉၈)၊ 'နှစ်ခြုံပြိုင်'(၁၉ဝ၄)၊ 'ဆန်းကြယ်ထွေလာကြယ်တာရာ'(၁၉၉ဝ) အစရှိသည်တို့ ဖြစ်ကြ၏။ မက်တားလင့်သည် သဘာဝပညာရှင်ဖြစ်သည်နှင့်အညီ သဘာဝပညာနှင့်စပ်လျဉ်းသော စာပေများကိုလည်း ရေးသားပေသည်။ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားရှိသော အချို့စာများမှာ 'ပျား၏ဘဝ' (၁၉ဝ၁)၊ 'ခြင်၏ဘဝ' (၁၉၂၆)၊ 'ပုရွက်ဆိတ်၏ ဘဝ' (၁၉၃၁)၊ 'ခိုများနှင့် ပင့်ကူများ' (၁၉၃၆) အစရှိသည်တို့ ပင်တည်း။

မက်တားလင့်အား နိုဘယ်ဆုကို 'ငှက်ပြာ' ပြဇာတ်ကို အကြောင်းပြု၍ ချီးမြှင့်လေသည်။ ယင်းနှင့် 'မွန်နာဗန်နာ'၊ 'ပင်လီယတ်နှင့်မယ်လေဇန်း' အစရှိသော ပြဇာတ်များကို အထူး သဖြင့် ဥရောပတိုက်၊ ဂရိတ်ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု ပွဲကြည့်ပရိသတ်များ သဘောကျစွဲလမ်းသဖြင့် ကျော်ကြားပေ၏။ မက်တားလင့်သည် ၁၉၄၉ ခုနှစ်မေလ ၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ နီးစမြို့အနီးရှိ သူ၏နေအိမ်တွင် ကွယ်လွန်အနိစ္စ ရောက်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)