မက်ဆိုပိုတေးမီးယားနယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မက်ဆိုပိုတေးမီးယားနယ်[ပြင်ဆင်ရန်]

မက်ဆိုပိုတေးမီးယားဟူသည် ဂရိဝေါဟာရဖြစ်၍ မြစ် နှစ်သွယ်ကြားမြေဟု အဓိပ္ပာယ်ရသည်။ ၁၉၁၉ ခုနှစ်မှစ၍ အီရက်ဟုခေါ်သောဒေသတွင် မက်ဆိုပိုတေးမီးယားနယ် အကျုံး ဝင်လေသည်။ မြစ်နှစ်သွယ်ကြား ဟူသော အမည်နှင့်အညီ မက်ဆိုပိုတေးမီးယားနယ်၏ တည်နေရာမှာ ရှေးပါးရှားနှင့် အာရေဗျနိုင်ငံများ၏ စပ်ကြားရှိ တိုင်းဂရစ်မြစ်နှင့် ယူဖရေးတီး မြစ် ၂ သွယ်၏အကြား၌ တည်ရှိလေသည်။ ယင်းဒေသသည် မြေဩဇာကောင်းမွန်၍ ကမ္ဘာ့ယဉ်ကျေးမှု ဦးစွာထွန်းကားရာ ဒေသလည်းဖြစ်၏။ အနောက်ဘက်တွင် မြေထဲပင်လယ်မှသည် အရှေ့ဘက်တွင် ပါးရှင်းပင်လယ်ကွေ့အထိ ကျယ်ပြန့်လျက်၊ ရှေးယဉ်ကျေးမှုပေါ်ထွန်းလာရာ မြေဩဇာကောင်းသည့် လခြမ်း ပုံသဏ္ဌာန် ရပ်ဝန်းကြီးတွင် တိုင်းဂရစ်မြစ်နှင့် ယူဖရေးတီးမြစ် တို့အကြားရှိ မက်ဆိုပိုတေးမီးယား တည်ရာဒေသသည် မြေဩ ဇာ အကောင်းဆုံးဖြစ်သည်။

ရှေးခေတ် မက်ဆိုပိုတေးမီးယားနယ်၏ အကျယ်အဝန်း သည် စတုရန်းမိုင် ၁၄၃,ဝဝဝ မျှသာရှိသည်။ ဓမ္မဟောင်းကျမ်း တွင် ဤဒေသကို အရမ်နာဟာရိမ်ဟု ဖော်ပြပါရှိသည်။ ဓမ္မ ဟောင်းကျမ်းတွင် ဖော်ပြပါရှိသော ရှေးသူဟောင်း အကြီးအကဲ တို့ ပေါက်ဖွားနေထိုင်ရာ အရပ်ဖြစ်သည်ဟုလည်း ဆိုရိုးရှိပေ သည်။

မက်ဆိုပိုတေးမီးယားနယ်၌ ရှေးခေတ်က ကောင်းစား ကြီးကျယ်ခဲ့ပုံတို့ကို ရှေးဟောင်း နေရာများကို တူးဖော်ခြင်းဖြင့် သိရပေသည်။ ထိုသို့ တူးဖော်ရာ၌ ဘီစီ ၄ဝဝဝ ခန့်က ထို အရပ်တွင် အခြေစိုက်နေထိုင်ကြသော ဆူမားရီးယန်းလူမျိုးတို့၏ ယဉ်ကျေးမှုကို အထောက်အထားပြသည့် ရှေးဟောင်းပစ္စည်းများ ကို တွေ့ရပေသည်။ သို့အားဖြင့် အစဉ်တစိုက် တွေ့ရှိရသည်မှာ ဆူမားရီးယန်းတို့ကို ဆီးမိုက်တို့ အနိုင်ရလျက် တိုင်းဂရစ်မြစ် ပေါ်ရှိ အက်ကတ်နယ်တွင် မင်းမူကြီးစိုးခဲ့ကြပြန်သည်။

ရှေးဗက်ဗီးလုံးနီးယားနိုင်ငံသည် မက်ဆိုပိုတေးမီးယား၏ တောင်ဘက်ပိုင်းဖြစ်၏။ ဘီစီ ၁၃ ရာစုနှစ်တွင် အဆီး ရီးယားသည် ဗက်ဗီလုံးနီးယားကို အနိုင်ရလေရာ အရှေ့ပိုင်း မက်ဆိုပိုတေးမီးယားတွင် အထွတ်အထိပ်ဖြစ်လာသည်။ တစ်ဖန် အဆီးရီးယန်းတို့အား မိဒလူမျိုးတို့က နှိမ်နင်းပြန်လေသည်။

မိဒတို့လက်မှ ထိုနယ်ကို ပါးရှင်းလူမျိုးတို့က ရယူပြီးသော် ပါးရှင်းလူမျိုးတို့ကို မက်ဆီဒိုးနီးယားဘုရင် အယ်လက်ဇန္ဒာ သဂရိတ်က အောင်မြင်ခဲ့ပြန်လေသည်။ အေဒီ ၁၁၅ ခုနှစ်တွင် ရောမလူမျိုးတို့ ဝင်ရောက်တိုက်ခိုက်သော်လည်း ပါးရှင်းလူမျိုး တို့က တွန်းလှန်နှင်ထုတ်နိုင်ခဲ့၏။ အေဒီ ၆၃၇ ခုနှစ်တွင် အာရပ်တို့သည် ပါးရှင်းလူမျိုးများအပေါ် အောင်မြင်ခဲ့၍ ထိုနယ် ကို နောက်တစ်နှစ်တွင် သိမ်းယူပြီးသော် နှစ်ပေါင်း ၄ဝဝ ကျော် အုပ်စိုးလျက် ဗဂ္ဂဒက်ကို မြို့တော်ပြုခဲ့ပေသည်။ ၁၁ ရာစုနှစ်တွင် မွန်ဂိုလူမျိုးတို့ စီးနင်းဝင်ရောက် တိုက်ခိုက်ကာ နှစ်ပေါင်း ၂ဝဝ မျှ ထိပါးနှောင့်ယှက်ခဲ့သည်။ ၁၅၁၆ ခုနှစ်တွင် မက်ဆိုပိုတေးမီးယားသည် တူရကီတို့၏ လက်အောက်သို့ ရောက်ခဲ့လေရာ၊ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသည်အထိပင် တူရကီတို့၏ လက်အောက်ခံ ဖြစ်နေခဲ့လေသည်။ ၁၉၁၉ ခုနှစ် တွင် အာရပ်တို့က နိုင်ငံထူထောင်သည်တွင် အီရတ်ဟူ၍ တွင် လာပေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

ကိုးကား[ပြင်ဆင်ရန်]