မက္ခရာမင်းသားကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မက္ခရာမင်းသားကြီး(ခရစ် ၁၇၉၁- ၁၈၄၈)[ပြင်ဆင်ရန်]

မက္ခရာမင်းသားကြီး၏ အမည်ကို ယခုအခါ ယပက်လက် အသံနှင့် 'မက်ခဟာ' ဟု ခေါ်နေကြသည်။ သို့သော်လည်း သိုးဆောင်းတို့၏ ထိုခေတ် မျက်မှောက်မှတ်တမ်း တို့တွင်ကား Mekkhara ဟု ရကောက်လျှာလိပ်သံနှင့် တွေ့ရပါသည်။

မက္ခရာမင်းသားသည် ဘိုးတော်ဘုရား (ဗဒုံမင်း) ၏ သားတော် တပါး ဖြစ်ပြီး အမည်ရင်းမှာ မောင်ပျိုးဖြစ်သည်။ ဘကြီးတော်မင်း၏ ဘထွေးတော် တစ်ပါး ဖြစ်သည်။ မင်းသားကြီးသည် နေပြည်တော်သို့ လာရောက် နေထိုင်ကြသော အစိုးရ အရာရှိ မဟုတ်သည့် မျက်နှာဖြူများနှင့် အရောတဝင် ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံသည်။ အနောက်တိုင်း ဗဟုသုတများကို သူတို့ထံမှ မေးမြန်း ဆည်းပူးသည်။ ဗြိတိသျှ ကုန်သည် တဦးဖြစ်သော ရောဂျားစ် (Rogers) က အင်္ဂလိပ်စကားကို မင်းသားကြီးအား သင်ပေးသည်။ မစ္စတာလိန်းက ကျေးဇူးပြုသဖြင့် အိန္ဒိယပြည် ကလကတ္တားမြို့မှ ရီးစ် (Rees) ၏ စွယ်စုံကျမ်း ၄၅ တွဲကို ဝယ်ယူ ဖတ်ရှုခွင့်ရသည်။


(ပထမ အင်္ဂလိပ် - မြန်မာ အဘိဓာန်ဆရာ)[ပြင်ဆင်ရန်]

မက္ခရာမင်းသားကြီးသည် ပညာအရာမှာ ထူးချွန်ရုံသာမက သိက္ခာ သမာဓိနှင့်လည်း ပြည့်စုံဟန်တူသည်။ ခြေလက်မသန်စွမ်းခဲ့သော်လည်း ၊ ဘဝကို အရှုံးမပေးခဲ့ ။ ကမ္ဘာကြီး ပြားသည်ဟု ယုံကြည်ကြဆဲဖြစ်သည့် အင်းဝခေတ်မှာ ၊ မြန်မာလူမျိုးတွေ ခေတ်မီ ဝိဇ္ဖာ သိပ္ပံပညာရပ်များကို တတ်မြောက်မှ နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု အမျှော်အမြင်ကြီး စဉ်းစားတွေးတောတတ်ခဲ့သည်။ ထိုအတွေးနှင့်အတူ နေပြည်တော်ကိုလာရောက်သမျှ နိုင်ငံခြားသားများနှင့် တွေ့ဆုံဆွေးနွေးပြီး ၊ နေပြည်တော်အခြေစိုက် နိုင်ငံခြား ပါမောက္ခတစ်ချို့၏ အကူအညီနှင့် ထိုဘာသာရပ်ဆိုင်ရာ ကျမ်း အတော်များများကို ဘာသာပြန်ခဲ့သည်။
မင်းသားကြီး ပထမဆုံးထုတ်ဝေသော အင်္ဂလိပ် - မြန်မာ အဘိဓာန်၏ နိဒါန်းတွင် ခုလို ရေးသားခဲ့သည်။

“အထူးထူးသော ဘာသာ ၊ များစွာသော လူမျိုးတို့တွင် အင်္ဂလိပ် လူမျိုးသည် ဟုတ်မှန်သော ၊ ထင်ရှား မျက်မှောက်တွေ့မြင်သော အတတ်ပညာကိုသာ ရှာဖွေ နှိုင်းယှဉ်ပြီးလျှင် ရုံးစု မှတ်သားလေ့ ရှိသည် ဖြစ်၍ အင်္ဂလိပ်ဘာသာကို နားလည်သိမြင်ခြင်းသည် ဗဟုသုတ အရာ၌ များစွာအကျိုးရှိသည် ။ ထိုကြောင့် ဗဟုသုတကို အလိုရှိကုန်သော မြန်မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာကို မြန်မာဘာသာအားဖြင့် နားလည်သိမြင်စေခြင်း အကျိုးငှာ ....”[၁]


မက္ခရာမင်းသားကြီး(မြန်မာ ၁၁၅၃ - ၁၂၁ဝ)[ပြင်ဆင်ရန်]

မက္ခရာမင်းသားကြီးသည် ဘကြီးတော်ဘုရား၏ဦးလေး လည်းဖြစ်သည်။ ယောက္ခမလည်းဖြစ်သည်။ ကုန်းဘောင်ခေတ် မင်းညီ မင်းသားများအနက် ခေတ်မီ၍ ဉာာဏ်အမြော်အမြင်ဖြင့် ပြည့်စုံကာ ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းဖြင့် ဘကြီး တော်ဘုရားလက်ထက် အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာသော ကက်ပတိန်(နောင်သော် မေဂျာ) ဗား နေး(မယ်စယ်ဘော်ရနီ) က မှတ်တမ်းတင်ခဲ့ပေသည်။ တစ်ဖန် ဘကြီးတော်ဘုရားလက်ထက်တွင် ရောက်ရှိလာသော အမေရိ ကန် သာသနာပြုဂျပ်ဆန် (ဆရာ ယုဒသန်) ကလည်း မက္ခရာ မင်းသားကြီးသည် ဗုဒ္ဓအယူဝါဒကို ကောင်းစွာတတ်မြောက် ကျွမ်းကျင်သည်ဟု မှတ်ချက်ချပေသည်။ ဤသို့ဖြင့် နိုင်ငံခြား သားတို့၏ လေးစားမှုကိုခံရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မက္ခရာမင်းသားကြီးကား အမရပူရ ပထမမြို့တည် နန်းတည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား)နှင့် ဒုတိယမြောက် နန်းမိဖုရား သီရိမဟာ ရတနာ ဒေဝီတို့မှ သက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ဖြစ်၍ ငယ်မည်မှာ မောင်ပျိုး၊ ဘွဲ့တော် မင်းရဲကျော်စွာ တည်း။ မက္ခရာ ဇန့်ကျီ တိုက်များကို ကံကျွေးခံရသည်။ ခမည်းတော် ဗဒုံ မင်းတရား လက်ထက်ကပင် တိုင်းရေးပြည်မှုအစုစုတို့တွင် ပါဝင်ထမ်းရွက် သဖြင့် အဆင့်ဆင့် ချီးမြှင့်မြေ|ာက်စားတော်မူခြင်း ခံရ၏။ တူတော်များဖြစ်သော ဘကြီးတော်နှင့် သာယာဝတီမင်း (ရွှေဘို မင်း)တို့ လက်ထက်များတွင်လည်း ရာထူးဌာနန္တရနှင့် လေးစား ခြင်း ခံရသည်။ သို့သော် နန်းတွင်းရေး၌ ပါဝင်နိုင်သော်လည်း မပါဝင်ပေ။ နိုင်ငံရေး အာဏာလုမှု၌ စိတ်ဝင်စားခြင်း မရှိဘဲ ပြည်သူတို့အကျိုးကို ရှေးရှူလျက် အနောက်နိုင်ငံများတွင် တိုး တက် ထွန်းကားနေကြောင်း သိမြင်သည်နှင့်အညီ မြန်မာတို့ လည်း ခေတ်မီတိုးတက် မျက်စိပွင့်လာအောင် နှလုံးရည်ဖြင့် စွမ်းဆောင်သူဖြစ်၏။


ဗားနေး၏ မှတ်တမ်းအရ မက္ခရာမင်းသားကြီးသည် မစ္စတာရောဂျာဟု အမည်ရှိသော ဗြိတိသျှလူမျိုး ကုန်သည် တစ်ဦးထံမှ အင်္ဂလိပ်စာကို သင်ယူတတ်မြောက်သည်။ မက္ခရာ မင်းသားကြီးသည် သိပ္ပံလောကဓာတ်ပညာကို လက်ခံယုံကြည်၍ စိတ်ဝင်စား၏။ စာပေအနုပညာကိုလည်း စိတ်ဝင်စား၏။ မက္ခရာ မင်းသားကြီးသည် ရီး၏ စွယ်စုံကျမ်းတစ်စုံကို မစ္စတာ လိန်း ဆိုသူထံမှတစ်ဆင့် ကာလကတ္တားမြို့မှရရှိ၏။ ယင်း စွယ်စုံကျမ်းကို ဖတ်ရှုလေ့လာ၏။ ထိုပြင် မူရင်းသမ္မာကျမ်း၊ ဆရာယုဒသန် ပြန်ဆိုထားသော သမ္မာကျမ်း၊ ဂျွန်ဆင်၏ အဘိဓာန်တို့ကိုလည်း ဆောင်ထား၍လေ့လာ၏။ ရီး၏ စွယ်စုံ ကျမ်းမှ သိပ္ပံပညာဆိုင်ရာ အကြောင်းရပ်အချို့ကို မြန်မာဘာသာ သို့ ပြန်ဆို၏။ နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ကို တွက်ချက် နည်း အကြောင်းနှင့် မိုးသီးများဖြစ်လာပုံ အကြောင်းဖြစ်သော သိပ္ပံပညာအကြောင်းရပ် ၂ ခုကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၍ မစ္စတာလိန်းထံသို့ ပေးပို့၏။ အင်းဝမြို့ နေပြည်တော်တွင် မစ္စတာလိန်း လာရောက်နေထိုင်ခိုက် မစ္စတာလိန်းနှင့် တွဲဖက်၍ အင်္ဂလိပ် မြန်မာ အဘိဓာန်ကျမ်းကို ၁၈၃ဝ ပြည့်နှစ်မှ ၁၈၃၅ ပြည့်နှစ်အထိ ၅ နှစ်တိုင် ကြိုးပမ်းပြုစုခဲ့သည်။ ယင်းအဘိဓာန် သည် ရခိုင်တိုင်း၊ တနင်္သရီတိုင်းတို့တွင် အုပ်ချုပ်နေသော ဗြိတိသျှအရာရှိများနှင့်တကွ တိုင်းရင်းသားများအတွက်သာမက အင်္ဂလိပ်စာ သင်ကြားတတ်မြောက်လိုသော မြန်မာ့လက်အောက် ခံ တိုင်းရင်းသားများအတွက်လည်း အထူးအသုံးဝင် အဖိုးတန် ပေလိမ့်မည်ဟူ၍ ဗားနေးက ယင်းအဘိဓာန်ကျမ်းနှင့် စပ်လျဉ်း ၍ ကာလကတ္တားအစိုးရထံသို့ ပေးပို့သော စာချွန်တော်တွင် မှတ်ချက်ချလေသည်။ ယင်းအဘိဓာန်ကို ခရစ် ၁၈၄၁ ခုနှစ် တွင် ကာလကတ္တားမြို့ရှိ သာသနာပြု စာပုံနှိပ်တိုက်၌ ပုံနှိပ် ထုတ်ဝေသည်။ အဘိဓာန်မှာ ဒီမိုင်းဆိုက်ကြီးဖြင့် ပုံနှိပ်ထုတ်ဝေ ၍ စာမျက်နှာ ၁ မှ ၄၆ဝ အထိ အတော်ပင် ကျယ်ဝန်းလေ သည်။ မက္ခရာမင်းသားကြီး၏လက်ရာ စာအုပ်ကြီးကို ယခုတိုင် မျက်မြင်ထင်ရှား တွေ့ရပေသေးသည်။


မက္ခရာမင်းသားကြီးသည် တစ်ခါသော် ဗားနေးနှင့် စကားလက်ဆုံကျ၍ ဆွေးနွေးကြသည်တွင် တစ်နာရီကျော်ကျော် အချိန်အတွင်း၌ ဗားနေအား မိမိသိလိုသော ပုစ္ဆာပေါင်းများစွာ မေး၏။ သို့တိုင်အောင် မက္ခရာမင်းသားကြီး သိလိုသမျှ၏ အပုံတစ်ရာလျှင် တစ်ပုံမျှပင် ရှိဟန်မတူဟူ၏။ မက္ခရာမင်းသား ကြီး သိလိုသောအကြောင်းများကား လန်ဒန်မြို့၊ ကာလကတ္တား မြို့၊ အင်းဝမြို့၊ ဗန်ကောက်မြို့တို့ တည်ရှိရာ လတ္တီတွဒ်၊ လောင်တီတွဒ်များ၊ နောက်ဆုံးပေါ်ခဲ့သော ကြယ်တံခွန်၊ ဗရို မီတာ၊ သာမိုမီတာတို့၏သတ္တိများ စသော တိကျသော သိပ္ပံ ပညာရပ်ဆိုင်ရာ အကြောင်းတို့ဖြစ်၏။ မက္ခရာ မင်းသားကြီး၏ အခန်းတွင်းရှိ စာတိုက်၌ ရီး၏ စွယ်စုံကျမ်း၊ သမ္မာကျမ်းမူရင်း၊ ဂျွန်ဆင်၏ အဘိဓာန်၊ ဆရာ ယုဒသန် ပြန်ဆိုထားသော သမ္မာ ကျမ်း စသည်တို့ကို ကောင်းမွန်စွာ သိမ်းဆည်းထား၍ အားလုံး ကို သေချာစွာ ဖတ်ရှုပြီးဖြစ်ကြောင်း ပြောပြ၏။ သူ၏ အခန်း တွင်း၌ ဗရိုမီတာနှင့်သာမိုမီတာတို့ကို ချိတ်ဆွဲထား၏။ မက္ခရာ မင်းသားကြီးသည် ခရစ် ၁၈၃၁ ခုနှစ်တွင် သင်္ချာပညာရပ် တစ်မျိုးဖြစ်သော လော့ဂရစ်သမ်ကိုလည်း ဆည်းပူးသင်ယူခဲ့ သည်။ အက္ခရာသင်္ချာကို တတ်လို၏။ အင်းဝနေပြည်တော်သို့ ကိုယ်စားလှယ်တော် ဗလန်ဒယ် ရောက်လာသောအခါ မက္ခရာ မင်းသားကြီးအား အက္ခရာသင်္ချာ သင်ပေးမည်ဟု ဆိုသော်လည်း လွှတ်တော်နှင့် အခြားမှူးမတ်များ အထင်လွဲမည်စိုး၍ မသင်ယူခဲ့ ပေ။ ဗားနေးသည် မင်းသားကြီး၏ ကျယ်ဝန်းသော ဗဟုသုတ ကိုလည်းကောင်း၊ ပညာများကို ငတ်မပြေ သောက်သုံးလိုသော ဆန္ဒကိုလည်းကောင်း၊ ဉာာဏ်ပညာထက်မြက်ပုံကို လည်းကောင်း အံ့ဩ၍လေးစားကာ၊ မြန်မာနိုင်ငံတွင် မိမိတွေ့ဖူးသူများအနက် အထူးခြားဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဘင်္ဂလားသို့ အလည်အပတ် မရောက်နိုင်သည်မှာ စိတ်မကောင်းဖွယ် ဖြစ်ကြောင်းတို့ကို မှတ်တမ်းတင်သွားပေ သည်။


မက္ခရာမင်းသားကြီးသည် စာပေပရိယတ္တိတွင်သာ မက ဘဲ ပေါင်းသင်းဆက်ဆံရာ၌လည်း ပြေပြစ်၏။ အင်းဝနန်းတော် တွင်း၌ မငြိမ်မသက်ရှိ၍ သာယာဝတီမင်းသား ပုန်ကန်စဉ်အခါ က ပြေငြိမ်းမှုအတွက်စေ့စပ်ရာ၌ ကုန်းဘောင်ရွှေဘိုမြို့ တူတော် သာယာဝတီမင်းသားထံ မက္ခရာမင်းသားကြီးပင် အဖွဲ့ကို ခေါင်း ဆောင်သွားပေသည်။ မက္ခရာမင်းသားကြီးသည် သာယာဝတီ မင်းသားနှင့် သင့်မြတ်၏။ အင်းဝနန်းတွင်း၌ အရေးပါသော မင်းသားတစ်ပါးဖြစ်၏။ ဗြိတိသျှ ကိုယ်စားလှယ်တော်တို့နှင့် လည်း အဆင်ပြေစွာ ဆက်ဆံတတ်သူဖြစ်၏။ မက္ခရာမင်းသား ကြီးသည် ထိုစဉ်အခါက နန်းတွင်းရေးအာဏာရမှုတွင် မပါဝင် သောကြောင့် အခြားမင်းညီမင်းသားများ တိမ်းပါးပျက်စီး သော် လည်း မက္ခရာမင်းသားကြီးမူကား ကံတော်ကုန်သည်အထိ မယိမ်းမယိုင် တည်ကြည်ခိုင်မာပေသည်။ မက္ခရာမင်းသားကြီး သည် သက္ကရာဇ် ၁၂၁ဝ ပြည့်နှစ် သက်တော် ၅၇ နှစ်အရွယ် တွင် ကံတော်ကုန်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းယုဝေ ၏ “ပထမမြန်မာများ”
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)