ဘွဲ့ဝတ်စုံ
ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။ ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။
၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။ ၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလိပ်အဆင့် ကျောင်းများတွင် ဘွဲ့ယူအခမ်းအနား၌ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ရုံရှည် ဝတ်ဆင်မှုအား ကန့်သတ် တားမြစ်ခဲ့ကြောင်းလည်း တွေ့ရသည်။ အင်္ဂလန်မင်းဆက် အဋ္ဌမမြောက် ဟင်နရီ လက်ထက်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ကင်းဘရစ်ချ် တက္ကသိုလ်များတွင် ဘွဲ့ဝတ်စုံကို စံတစ်ခုအနေနှင့် သတ်မှတ်ခဲ့သည်။ ယင်းစံသတ်မှတ်ချက်အရ သေးကွေးလွန်းသည့် ဘွဲ့ဝတ်စုံများ ဝတ်ဆင်ခြင်းကို လက်မခံခဲ့ပေ။
၁၈၀ဝ ပြည့်နှစ်လောက်တွင်မှ မိမိသင်ယူခဲ့သည့် ဘာသာရပ်အလိုက် အရောင်များကို ခွဲခြားရန် သတ်မှတ်ခဲ့သည်။ သို့သော် ထိုသို့ အရောင်ခွဲခြားမှုကို အမေရိကန် ပြည်ထောင်စုလောက်သာ ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ဥရောပ အဖွဲ့အစည်းများတွင် ဘွဲ့ဝတ်စုံနှင့် ပတ်သက်ပြီး အမျိုးမျိုး သတ်မှတ်သုံးစွဲကြကြောင်း တွေ့ရသည်။
ရှေးခေတ်က ဘွဲ့ဝတ်စုံကဲ့သို့သော ဝတ်ရုံများကို ခရစ်ယာန် ဘုန်းတော်ကြီးများသည် ကျောင်းတော်များတွင် ဝတ်ဆင်လေ့ ရှိသည်။ နောက်ပိုင်းတွင် ပညာရှင်များအနေနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ယူသူရော သင်ကြားသူပါ ဝတ်ဆင်ကြသည်။ ယခင်က နေ့စဉ် ဝတ်ဆင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပညာသင်နှစ် တစ်နှစ် ကုန်ဆုံးသည့် အထိမ်းအမှတ် အခမ်းအနားများတွင်သာ ဝတ်ဆင်ကြတော့သည်။ နောက်ပိုင်းကျမှ ပညာသင်နှစ် အားလုံးပြီးဆုံးချိန် ဘွဲ့လက်မှတ်ယူချိန်၌ ဝတ်ဆင်ရန် သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံ ပထမဆုံးဘွဲ့
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဂျူဗလီဟော (ယခု တပ်မတော်ပြခန်းနေရာ) တွင် ကျင်းပခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမကို ဆောက်လုပ်ခြင်း မပြုရသေးသောကြောင့် ထိုစဉ်က မင်းပွဲစိုးပွဲ အခမ်းအနားကြီးများ ကျင်းပရာ ဂျူဗလီဟောတွင် လာရောက်ကျင်းပခဲ့ရခြင်း ဖြစ်သည်။
ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ထိုစဉ်က တက္ကသိုလ် အဓိပတိဖြစ်သူ၊ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရက် ဂျီနယ်ကရက်ဒေါက် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ အဓိပတိ ဆာရက်ဂျီနယ် ကရက်ဒေါက်နှင့်အတူ တက္ကသိုလ် ဆီးနိတ်အဖွဲ့ဝင် အားလုံးသည် သတ်မှတ်ထားသည့် အရောင်အသွေးမျိုးစုံဖြင့် ချုပ်လုပ်ထားသော ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
ဘွဲ့ယူမည့် ပုဂ္ဂိုလ်များကလည်း နိုင်ငံတကာစံအတိုင်း သတ်မှတ်ထားသည့် ဘွဲ့ဝတ်စုံများ၊ အရောင်လည်ပင်း စွပ် (Hood) များကို ဝတ်ဆင်ပြီး ခမ်းနားစွာ နေရာယူခဲ့ကြသည်။ ဝိဇ္ဇာဘွဲ့ယူမည့် သူများသည် ပန်းနုရောင် ပန်းဖွားများ ပါသည့် Hood များနှင့် သိပ္ပံဘွဲ့ယူမည့် သူများသည် အစိမ်းနုရောင် Hood များကို ဘွဲ့ဝတ်စုံ အနက်ရောင်ပေါ်တွင် လွှမ်းခြုံကာ ဝတ်ဆင်ထားကြသည်။
အမျိုးသားများသည် ပန်းရောင် ခေါင်းပေါင်းများကို ဘွဲ့ဒေါက်ချာ ခေါင်းဆောင်းများအစား ဝတ်ဆင်သူ ရှိသကဲ့သို့ အနက်ရောင်ဒေါက်ချာ ခေါင်းဆောင်းနှင့် နိုင်ငံခြားဝတ်စုံ ဝတ်ကာ တက်ရောက်သူများလည်း ရှိကြသည်။
အခမ်းအနားတွင် ဘွဲ့ရပုဂ္ဂိုလ် အားလုံးကို အဓိပတိကြီးက “ဘွဲ့ရပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်တရား နှင့်အညီ နေ့စဉ် ကျင့်ကြံနေထိုင်မည်လော” ဟု မေးခွန်းကို အားလုံးက ရိုသေကျိုးနွံစွာဖြင့် နေထိုင်မည် ဖြစ်ကြောင်း ဖြေကြားပြီးမှ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့က ပေးအပ်သည့် ဘွဲ့များကို လက်ခံယူကြရသည်။
ဘွဲ့ဝတ်စုံ
[ပြင်ဆင်ရန်]သမိုင်းအထောက်အထားများအရ ဘွဲ့ဝတ်စုံများကို အလယ်ခေတ် တက္ကသိုလ်များတွင် ဝတ်ဆင်ခဲ့ကြောင်း တွေ့ရသည်။ ခရစ်ယာန်ဂိုဏ်း ထိပ်တန်း တာဝန်ယူထားသော ပုဂ္ဂိုလ်များသည် မိမိတို့ အဆင့်အတန်းအလိုက် ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားများ သို့မဟုတ် အစည်းအဝေးများသို့ တက်ရောက်ကြရသည်။ တရားသူကြီးများသည် ခြေကျင်းဝတ်အထိ ရှည်သော ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ တက်ရောက်လေ့ ရှိသည်။ ယခင် အလယ်ခေတ် အခမ်းအနား၊ အစည်းအဝေးများ၊ တရားစီရင်ရေးများ ကျင်းပသည့် ခန်းမနေရာသည် များသောအားဖြင့် အေးစက်ပြီး လေတိုက်သည့် နေရာများ ဖြစ်သောကြောင့် ဝတ်ရုံကြီးများ ဝတ်ဆင်ခဲ့ရာမှ အစဉ်အလာအဖြစ် ဝတ်ရုံများကို ဝတ်ဆင်ခဲ့ကြဟန် တူသည်။
ဘွဲ့ဦးထုပ်
[ပြင်ဆင်ရန်]ဘွဲ့ဦးထုပ်ကို ၁၅ ရာစုနှစ် လောက်ကတည်းက ပညာတတ် အထိမ်းအမှတ်အနေနှင့် ဆောင်းခဲ့ကြခြင်း ဖြစ်သည်။ သမိုင်းအထောက်အထားများအရ ဘွဲ့ဦးထုပ်ကို ပါမောက္ခများသာ ဆောင်းရန် သတ်မှတ်ခဲ့ကြောင်းလည်း တွေ့ရသည်။ နောက်ပိုင်းတွင်မှ ပန်းဖွားများ၊ အရောင်များပြောင်းကာ ခမ်းနားစေရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
ဘွဲ့ဦးထုပ်၏ မူလအဓိပ္ပာယ်မှာ
[ပြင်ဆင်ရန်]“ဒေါက်တာ” ဘွဲ့အတွက် ရည်စူးကာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်သမိုင်းပညာရှင် ဂျက်ကက်လီဂေါ့ဖ်က ဒေါက်တာဘွဲ့ စာမေးပွဲအတွက် အသေးစိတ် ပြင်ဆင်ထားပုံကို သူ၏ “Intellectuals in Medieval Times” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။
“စာမေးပွဲ အောင်မြင်သည့် ကျောင်းသားတစ်ဦးသည် လက်မှတ်ရ ပညာတတ်တစ်ဦး ဖြစ်သွားသည်။ သူသည် ဒေါက်တာ သို့မဟုတ် ပါရဂူဘွဲ့ကို သူသင်ကြားခဲ့သည့် ဘာသာရပ်အတွက် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း မာစတာဆိုသည့် အမှန်တကယ် ကျွမ်းကျင်မှု ရှိမရှိကို ပြည်သူ့ထံဆင်းကာ အစစ်ဆေးခံရမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ့ကို ခမ်းနားထည်ဝါသည့် ဘုရားကျောင်းကြီး တစ်ကျောင်းသို့ ခေါ်ဆောင်ခြင်း ခံရမည်။ ထိုကျောင်းတွင် သူသည် မိန့်ခွန်းများ ပြောကြားရမည်။ သူပြောကြားမည့် အကြောင်းအရာများသည် သူတတ်ကျွမ်း လေ့လာထားသည့် ပညာရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်သည်။ ထိုအချိန်တွင် နားထောင်နေသည့် ပရိသတ်ထဲက ကျောင်းသားများသည် သူ့ကို သိလိုသမျှ ထမေးမည်။ ဆွေးနွေးမှုများ ပြုလုပ်မည်။ သူက ထိုသူတို့၏ အမေးများကို ချက်ကျလက်ကျ ပြန်လည်ဖြေဆို ရှင်းလင်းပြရန် လိုသည်။ ထိုသို့ အောင်မြင်စွာ ဖြေဆိုရှင်းလင်းနိုင်ပြီ ဆိုလျှင် တက္ကသိုလ်က သူ့ကို မာစတာဘွဲ့ နှင်းအပ်မည် ဖြစ်သည်။ ဘွဲ့အပ်နှင်းရာတွင် သူ့ကို ပါမောက္ခ ထိုင်သည့် ကုလားထိုင်တွင် ထိုင်စေပြီး ရွှေလက်စွပ်တစ်ကွင်း၊ စာအုပ်တစ်အုပ်နှင့် ခေါင်းဆောင်းရန် ဒေါက်ချာ ဦးထုပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်” ဆိုသည်မှာ ရှေးခေတ် မာစတာဘွဲ့ယူသည့် သူတစ်ဦး၏ အခမ်းအနား ဖြစ်သည်။
၁၉၅၉ ခုနှစ်က အမေရိကန်ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုနှင့် အခမ်းအနားကျင်းပရေး ကော်မတီက ဘွဲ့ယူစဉ် ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။
ဘွဲ့အခမ်းအနား ကျင်းပစဉ်နှင့် ဘွဲ့လက်မှတ် ပေးအပ်စဉ်တွင် ဘွဲ့ဦးထုပ်ကို တောက်လျှောက် ဝတ်ဆင်ထားရမည်။ ဘွဲ့ယူသူများသည် ဆုတောင်းသည့်အခါ သို့မဟုတ် နိုင်ငံတော်သီချင်း တီးမှုတ်နေစဉ် အခါတွင်သာ ဦးထုပ်ကို ချွတ်ခွင့်ရှိသည်။ နိုင်ငံတော်သီချင်း သို့မဟုတ် ဆုတောင်းမှု ပြီးဆုံးလျှင် ဦးထုပ်ကို ပြန်ဆောင်းရမည်။ ပန်းဖွားကို မည်သည့်ဘက်သို့ ချမည်ဟု သတ်မှတ်ထားခြင်း မရှိ။ ကိုယ့်ကျောင်းနှင့် ကိုယ့်ပုံစံအတိုင်းသာ ဖြစ်သည်။ ဘယ်ထားသည် ဖြစ်စေ၊ ညာထားသည် ဖြစ်စေ သတ်မှတ်ထားသည့် အတိုင်းသာ ဖြစ်သည်။
အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဘွဲ့ဝတ်စုံများကို အမြတ်တနိုး သတ်မှတ်ဝတ်ဆင်ကြောင်း ထင်ရှားလှသည်။
ဘွဲ့အပ်နှင်းခြင်း ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့်သာ ရရှိသော ဘွဲ့များကို အပ်နှင်းချီးမြှင့်လေ့ ရှိသည်။ ဘွဲ့ယူမည့် ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသည့် ပညာရပ်များကို သင်ယူပြီးမြောက်ကြောင်း အစစ်ဆေးခံယူပြီး ဖြစ်ရမည်။ ဘွဲ့မယူမီ ဘွဲ့ယူမည့် သူသည် သတ်မှတ်ထားသည့် အတန်း သို့မဟုတ် စာသင်နှစ်ကို အောင်မြင်ပြီးသူ ဖြစ်ရသည်။ ထိုသို့ သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံသူများကို ဘွဲ့များ အပ်နှင်းချီးမြှင့်သောပွဲကို ဘွဲ့နှင်းသဘင် အခမ်းအနားနေ့ (Graduation Day) အဖြစ် သတ်မှတ်ကာ အပ်နှင်းချီးမြှင့်လေ့ ရှိသည်။
ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းကို တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျင်းပပြုလုပ်လေ့ ရှိသည်။ တက္ကသိုလ် အဓိပတိ သို့မဟုတ် ကျောင်းအကြီးအကဲများက ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်။ ဘွဲ့လက်မှတ် မှတ်ပေးရာတွင် အဓိပတိသည် တစ်ဦးချင်းအား ပေးသကဲ့သို့ အုပ်စုလိုက်၊ အဖွဲ့လိုက် ပေးအပ်ချီးမြှင့်ခြင်းများလည်း ရှိတတ်သည်။ အုပ်စုလိုက် ချီးမြှင့်သည့် ဘွဲ့လက်မှတ်များကို မိမိတို့ သက်ဆိုင်ရာ ကျောင်းများရောက်မှ ကျောင်းအုပ်ကြီးများက သီးခြားပြန်ပေး အပ်ခြင်းများလည်း ရှိတတ်သည်။ နိုင်ငံတကာတွင် မိမိတို့ကျောင်းအလိုက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပပြီးချိန်တွင် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ပါတီပွဲများလည်း ကျင်းပလေ့ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဘွဲ့ဝတ်စုံ သမိုင်း။ 9 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 October 2014 တွင် ပြန်စစ်ပြီး။