ဘွဲ့ချဉ်ပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘွဲ့ချဉ်ပင်[ပြင်ဆင်ရန်]

ဘွဲ့ချဉ်ပင်သည် စွယ်တော်ဖလံ၊ မစာလှေကား၊ ဝါပင်တို့နှင့်အတူ လီဂူမီနိုးစီး(Leguminosae) မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒ အမည်မှာ ဗော်ဟီးနီးယား ဗေရီးဂေတာ(Bauhinia variegata)ဖြစ်သည်။ တောသစ်ပင် အလတ်စားဖြစ်၍ ပေ ၂ဝ မှ ၃ဝ ထိမြင့်သည်။ အခေါင်မှာကြမ်း၍ ညိုသောအရောင် ရှိသည်။

ဘွဲ့ချဉ်ပင်၏ အရွက်များသည် အရင်းတွင် ၄ ပုံ ၁ ပုံမှ ၃ ပုံ ၁ ပုံထိ ကွဲနေ၍ ရွက်ကြောကြီးများ ၁၁ ခုမှ ၁၅ ခုအထိ ရွက်ည|ာထိပ်မှ ဖြာထွက်လျက်ရှိသည်။ တစ်ပင်လုံး အရွက်များ ကြွေကုန်သည့်အခါမှ ပန်းများ ပွင့်ကြသည်။ ပန်းပွင့်များသည်ကြီး၍ အချို့မှာ အဖြူရောင်၊ အချို့မှာ ခရမ်းရောင် မကျတကျရှိကြသည်။ များသော အားဖြင့် ပွင့်ချပ် ၄ ခုသည် ခရမ်းရောင် ဖျော့ဖျော့အရောင်ရှိ၍ အကြီးဆုံးပွင့်ချပ် ၏ အရောင်မှာ ခရမ်းရောင်ရင့် ရင့်ဖြစ်သည်။ ပွင့်ဖတ်အုံ၏ အောက်ပိုင်းသည် ပြွန်ပုံကဲ့သို့ရှိ၍ လက်မဝက်မှ တစ်လက်မ အထိ ရှည်သည်။ အထက်ပိုင်းသည် ပြွန်ပုံလောက် မရှည်ပေ။

ထိပ်တွင် ခွေးသွားစိတ်ကဲ့သို့အချွန်ကလေး ၅ ခုရှိသည်။ ပွင့်ချပ်များသည် ၂ လက်မမှ ၂ လက်မခွဲထိ ရှည်သည်။ ကြီးထွားသန်မာသော ဝတ်ဆံဖို ၅ ခုရှိသည်။ သီးတောင့်များ သည် အလျား ၆ လက်မမှာ ၁၂ လက်မထိ ရှည်၍ ပြက် တစ်လက်မ မပြည့်တစ်ပြည့်ရှိသည်။ သီးတောင့်များ မှည့်သည့် အခါ ပေါက်ကွဲ၍ အစေ့များ လွင့်စင်သွားသည်။ ပန်းများသည် ဖေဖော်ဝါရီလမှ ဧပြီလထိ ပွင့်ကြသည်။

ထူးခြားသော အချက်တစ်ချက်မှာ ရွက်မြွာများသည် ညချမ်းအခါတွင် အထက်ပိုင်း မျက်နှာပြင်ချင်း ထိအောင် ပူးကပ်သွားသည်။ ရွက်ရင့်များမှာထက် ရွက်နုများတွင် ဤအချက်ကို ထင်ရှားစွာ တွေ့ရသည်။

ဘွဲ့ချဉ်ပင်ကို များသောအားဖြင့် ဥယျာဉ်များတွင် အလှအပ စိုက်ပျိုးတတ်ကြသည်။ ယင်း၏ အခေါက်သည် ဆေးဖက်ဝင်သောကြောင့် အခေါက်များ ခွာကြလွန်း၍ အပင်များသေတတ်သည်။ အခေါက်မှ အမျှင်များလည်း ရသည်။ ဘွဲ့ချဉ်ပင်ကို အစေ့မှ လွယ်ကူစွာ စိုက်ပျိုးနိုင်၍ အမြင့် ၈ ပေ ၁ဝ ပေခန့်ရောက်လျှင်ပင် ပန်းပွင့်တော့သည်။

ဘွဲ့ချဉ်ပင်များကို မြန်မာနိုင်ငံအိန္ဒိယနိုင်ငံ တောင်တန်းဒေသများတွင် စွတ်စိုသော ဒေသများထက် ခြောက်သွေ့သော ဒေသများ၌ တွေ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)